DVB Logo
Home
မေးမြန်းခန်း
ကေအန်ယူနှင့် အစိုးရ တွေ့ဆုံဆွေးနွေးခဲ့မှုအပေါ် မေးမြန်းချက်
DVB
·
January 8, 2013
ကေအန်ယူနှင့် အစိုးရ တွေ့ဆုံဆွေးနွေးခဲ့မှုအပေါ် မေးမြန်းချက်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)နဲ့ သမ္မတ ဦးသိန်းစိန်တို့ ဇန်န၀ါရီ ၅ ရက်နေ့က တွေ့ဆုံခဲ့ကြသလို  ဇန်န၀ါရီ ၆ ရက်နေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

[caption id="attachment_35127" align="alignright" width="300" caption="သမ္မတနှင့် ကေအန်ယူအဖွဲ့ တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)"][/caption]

ဒီတွေ့ဆုံမှုအတွင်း ပြောဆိုဆွေးနွေးချက်တချို့နဲ့ အပစ်အခတ်ရပ်စဲမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ကေအန်ယူရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ ပဒိုမန်းမန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ ဦးသိန်းစိန်တို့နဲ့ တွေ့ခဲ့တယ်ဆိုတော့ ဘာတွေဆွေးနွေးဖြစ်ခဲ့ပါလဲ။

“ကျနော်တို့ မသွားခင် စဉ်းစားထားခဲ့တဲ့ အချက်တွေပါပဲ။ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ။ အဓိက ကေအန်ယူနဲ့ အစိုးရကြား အပစ်အခတ်ရပ်စဲရေး ခိုင်မာလာအောင် ဆက်လက် ကြိုးစားဖို့ရယ်။ ဒုတိယတချက်ကတော့ ကချင်ဘက်မှာ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ စစ်ပွဲတွေ အမြန်ဆုံးရပ်စဲဖို့ရယ်။ နောက်တဆက်တည်းမှာပဲ နိုင်ငံရေးအဆင့် ဆွေးနွေးဖို့ အစပျိုး ဆောင်ရွက်သွားဖို့ရယ် စတဲ့ အချက်တွေကို အဓိက ပြောဆိုဆွေးနွေးခဲ့ပါတယ်။ သမ္မတနဲ့ရော ကာကွယ်ရေးဦးစီးချုပ်နဲ့ရော ဒီအခြေခံအချက်တွေမှာ ပြောဆိုဆွေးနွေးဖြစ်ခဲ့တာပါ။”

ကာကွယ်ရေးဦးစီးချုပ်က တခြားအဖွဲ့တွေနဲ့ မတွေ့ရသေးဘူး။ ကေအန်ယူနဲ့ ပထမဆုံးတွေ့တာဆိုတော့ အဓိက သူ့ရဲ့ သဘောထားက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် ဘယ်လိုရှိလဲ။

“ကာကွယ်ရေးဦးစီးချုပ် သူ့ရဲ့ ပြောဆိုတာ သဘောထားအပေါ်မှာတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အောင်မြင်အောင် ဆက်လုပ်သွားနိုင်ဖို့ ပြောပြတာ ကြားသိရတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့အပိုင်းမှာ အထူးသဖြင့် စစ်ဘက်ပိုင်းဆိုင်ရာ၊ တပ်ဘက်ပိုင်းဆိုင်ရာ၊ အပစ်အခတ်ရပ်စဲရေး ပိုင်းဆိုင်ရာကိစ္စတွေမှာ သူ့ဘက်ပိုင်းမှာကတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်တဲ့အခါမှာ ၇၅ ရာခိုင်နှုန်းလောက် အောင်မြင်နေပြီလို့တော့ သူယုံကြည် ယူဆ လက်ခံနေတယ်။ ကျန်တဲ့အပိုင်းတွေကိုလည်းပဲ ရာနှုန်းပြည့်အောင်မြင်ဖို့လည်း သူဆက်လက် လုပ်မယ်ဆိုတာတော့ ပြောဆိုခဲ့တယ်။ ဆိုလိုတာကတော့ အဲအပိုင်းမှာ သူကြိုးစားဆောင်ရွက်မယ် အဲဒါမျိုး ပြောဆိုခဲ့တယ်။”

၇၅ ရာခိုင်နှုန်းဆိုတာက ကရင်နဲ့ပြောတာလား။ တခြား တိုင်းရင်းသားအဖွဲ့တွေနဲ့ကို ပြောတာလား။

“တိုင်းရင်းသားအားလုံးနဲ့ ပတ်သက်တဲ့ ကိစ္စအပေါ် သူခြုံငုံပြီး ပြောဆိုသွားတယ်လို့ပဲ ယူဆပါတယ်။”

အခုလက်ရှိ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ တပ်ကနေ လေယာဉ်ပျံတွေနဲ့ တိုက်နေတာတွေကိုရော ဘယ်လိုပြောဆိုတာ ရှိပါလဲ။

“ကျနော်တို့ဘက်ကလည်း ကချင်မှာလေယာဉ်နဲ့ တိုက်နေတဲ့ကိစ္စတွေကို ပြောပါတယ်။ ဒီလောက်ကြီး ကြီးကြီးမားမားမဖြစ်သင့်ကြောင်းလည်း ပြောပါတယ်။ အဲတော့ သူတို့ဘက်ကလည်း ဆက်သွယ်ရေး၊ ရိက္ခာလမ်းကြောင်း၊ ကားလမ်းတွေအပေါ် အဓိက ဦးတည်တိုက်ခိုက်တာဖြစ်ပါတယ်ပေါ့။ နောက် လိုင်ဇာ ကချင်ဌာနချုပ်ကို သိမ်းပိုက်ဖို့လည်း သူတို့မှာ အစီအစဉ်မရှိဘူးဆိုတာ ပြောပါတယ်။ ဆက်သွယ်ရေးလမ်းကြောင်း၊ ရိက္ခာပို့ဆောင်ရေးလမ်းကြောင်းတွေကို ပေါက်နိုင်ပြီဆိုရင်တော့ လက်ရှိ ဌာနချုပ်အထိတော့ စဉ်းစားဖို့မရှိဘူးပေါ့။ ဒီကြားထဲမှာလည်း အပစ်အခတ်ရပ်စဲရေးကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ကချင်နဲ့ပဲဖြစ်ဖြစ်၊ ကေအန်ယူအနေနဲ့ဖြစ်ဖြစ်၊ မြန်မာအစိုးရနဲ့ အားလုံးပူးပေါင်းဆောင်ရွက်ပြီး တပ်ပေါင်းစုပေါ့နော်။ တိုင်းရင်းသားလူမျိုးများ စုပေါင်းထားတဲ့ တပ်ပေါင်းစုကို အခြေခံပြုပြီးတော့မှ ပူးပေါင်းဆောင်ရွက်ဖြေရှင်းကြဖို့ ဆိုတာလည်း သဘောထား ရှိခဲ့ပါတယ်။”

ဗိုလ်ချုပ်မင်းအောင်လှိုင်က လိုင်ဇာဘက် တိုက်ခိုက်နေတာမဟုတ်ဘူး ပြောနေပေမယ့်လည်း မနေ့ကဆိုရင် လိုင်ဇာဘက်ကို လက်နက်ကြီး အလုံး ၇၀နဲ့ ပစ်ခတ်တယ် ဆိုပြီး သတင်းတွေထွက်ပေါ်နေတယ်လေ။ ဒီအပေါ်မှာရော။

“ကျနော်တို့ ပြန်စဉ်းစားဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီကိစ္စတွေကိုလည်းပဲ တတ်နိုင်တဲ့ဘက်က ပြေလည်အောင် ဘယ်လိုကြိုးစားဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲအပိုင်းကိုလည်းပဲ ယူအန်အက်ဖ်စီ အစည်းအဝေးမှာ ဒီကိစ္စတွေကို ဆက်လက် ညှိနှိုင်းဆွေးနွေးရမယ် ထင်ပါတယ်။ အဲလို ဆက်သွယ်ဆောင်ရွက်မှုတွေရှိလာရင်တော့ တစုံတရာ အဆင်ပြေသွားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။”

တိုင်းရင်းသားတွေအနေနဲ့က အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်တယ်။ နိုင်ငံရေးအဆင့်ဆွေးနွေးဖို့လုပ်နေပြီ။ ဒါပေမယ့် ကချင်မှာဖြစ်နေတဲ့တိုက်ပွဲတွေ ကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်နိုင်မလား။

“အဓိကကတော့ နိုင်ငံရေးဆွေးနွေးမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေးက ဘယ်နည်းနဲ့မဆို လုပ်ရမှာပေါ့။ အပစ်အခတ်ရပ်စဲရေးကို သေချာစွာဆောင်ရွက်နိုင်မှသာလျှင် နိုင်ငံရေးအဆင့်ကို လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေးကို ကချင်ဘက်မှာဖြစ်ဖြစ်၊ ကရင်ဘက်မှာဖြစ်ဖြစ် ခိုင်မာအောင် ဆောင်ရွက်ဖို့လိုပါတယ်။ ဒါပြီးရင်တော့ နိုင်ငံရေးအဆင့်ဆွေးနွေးနိုင်မယ်လေ။ ဒါကို အစပျိုးဆောင်ရွက်နိုင်ဖို့အတွက်လည်း တချိန်တည်းမှာ စကြိုးစားရမှာဖြစ်တယ်။ ဒါကြောင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီနဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်နဲ့ကတော့ လကုန်ခါနီး၊ လ၀က်လောက်မှာ တွေ့ဆုံနိုင်ဖို့တော့ ရှိတယ်။ ဒါတွေကနေ နိုင်ငံရေးအဆင့်အတွက် အစပျိုးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

အခု ကချင်နဲ့တိုက်ပွဲဖြစ်နေတာ ကေအန်ယူအနေနဲ့ ဘာကြောင့်လို့ထင်ပါလဲ။

“ကချင်ခေါင်းဆောင်တွေဘက်က ကြည့်ကြည့်၊ မြန်မာအစိုးရခေါင်းဆောင်တွေဘက်က ကြည့်ကြည့် နှစ်ဘက်စလုံးကို တီးခေါက်ကြည့်မိတာတော့ ကချင်နဲ့အစိုးရ တွေ့ဆုံတိုင်း တွေ့ဆုံတိုင်းမှာ တဖက်နဲ့တဖက်က အပြစ်တင်တဲ့ပုံစံမျိုးပဲ ပြောဆိုကြတော့ သူတို့ရဲ့ ဆွေးနွေးပွဲက ရှေ့မတိုးနိုင်တဲ့ သဘောမျိုး သက်ရောက်နေတယ်။ ဒါကြောင့် နောင်လာမယ့် ဆွေးနွေးပွဲတွေမှာ ရှေ့ဘယ်လိုသွားမလဲဆိုတာကို အဓိက စဉ်းစားကြဖို့ ဆိုတာတော့ အစိုးရဘက်ရော ကချင်ဘက်ရော သဘောထားရှိမှာ သေချာပါတယ်။ ဒါကြောင့် နောင်လာမယ့် ဆွေးနွေးပွဲတွေမှာ ရှေ့တိုးနိုင်ဖို့ ကြိုးစားဆောင်ရွက်သွားကြမယ်လို့ မျှော်လင့်ပါတယ်။”

သမ္မတနဲ့ရော ကာကွယ်ရေးဦးစီးချုပ်နဲ့ရော တွေ့တဲ့အခါမှာ လက်ရှိ တိုင်းရင်းသားတွေနဲ့လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းအပေါ်မှာ သူတို့ရဲ့ သဘောထား ဘယ်လိုရှိလဲ။

“သူတို့ရဲ့ ပြောဆိုချက်ကတော့ အထူးသဖြင့် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောဆိုချက်ကတော့ ငြိမ်းချမ်းရေးကို ကြိုးစားဆောင်ရွက်သွားမယ်။ တပ်ပိုင်းဆိုင်ရာနဲ့ စစ်ဘက်ဆိုင်ရာကိစ္စမှာတော့ ၇၅ ရာခိုင်နှုန်းအောင်မြင်ပြီလို့ ယူဆတယ်၊ ကျန်တဲ့အပိုင်းကိုလည်း ကြိုးစားဆောင်ရွက်သွားမယ်ပေါ့။ သမ္မတနဲ့ တွေ့ဆုံချိန်ကတော့ အထူးသဖြင့် အပစ်အခတ်ရပ်စဲရေးထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲအောင်မြင်ဖို့ နိုင်ငံရေးအဆင့်မှာက သူတို့ နိုင်ငံရေးချဉ်းကပ်ပုံ ဖြေရှင်းပုံနဲ့ ကျနော်တို့ တိုင်းရင်းသားလူမျိုးများတွေရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ ချဉ်းကပ်ပုံကတော့ နည်းနည်းလေး ကွာဟနေတာ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ သမ္မတကြီးရဲ့ ပြောဆိုချက်က နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့က လွှတ်တော်တွင်းသာဖြေရှင်းရမှာဖြစ်တယ်။ အဲတော့ ကျနော်တို့ဘက်ကလည်း သမ္မတကို ပြောပြခဲ့တာက လွှတ်တော်ပြင်ပမှာလည်း နေရာတခုပေးဖို့။ ဒါမှသာလျှင် ကျနော်တို့ပြဿနာတွေကို ဖြေရှင်းဆောင်ရွက်နိုင်မှာဖြစ်တယ်။ လွှတ်တော်တွင်းသာမက လွှတ်တော်ပြင်ပမှာလည်း နိုင်ငံရေးအဆင့်၊ နိုင်ငံရေးဆွေးနွေးမှုတွေလုပ်ရမယ်ဆိုတာ ပြောပြ ထောက်ပြခဲ့ပါတယ်။”

ဒီထောက်ပြချက်အပေါ်မှာရော သူကလက်ခံမှုရှိလား။

“ထောက်ပြချက်အပေါ် ဘာမှပြန်လည်ပြောဆိုမှုမရှိပါဘူး။ သို့သော်လည်းပဲ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေနဲ့ ပြောဆိုချက်အပေါ်မှာက လွှတ်တော်ပြင်ပသဘောဆောင်တဲ့ တိုင်းရင်းသားညီလာခံလိုမျိုးတော့ သူတို့လုပ်ဆောင်သွားမယ်လို့ ကြားသိရပါတယ်။ သို့သော်လည်း ယူအန်အက်ဖ်စီရဲ့ စဉ်းစားဆုံးဖြတ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့် ၆ ဆင့်နဲ့ စီမံချက် ၃ ဆင့်အပေါ် ၀ိုင်းဝန်းညှိနှိုင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013