DVB Logo
Home
Lead Story
ပြည်ပကလွှဲပို့ငွေများ နိုင်ငံစီးပွားရေးအတွက် အကျိုးရှိစေချင် 
DVB
·
October 10, 2019
ပြည်ပကလွှဲပို့ငွေများ နိုင်ငံစီးပွားရေးအတွက် အကျိုးရှိစေချင် 
Donate to DVB

ပြည်ပရောက်မြန်မာနိုင်ငံသားများထံက ပြည်တွင်းသို့ တရားဝင် ငွေလွှဲပို့သည့် ပမာဏသည် ပြီးခဲ့သည့် ၅ နှစ်ကျော် ကာလအတွင်း အမေရိကန် ဒေါ်လာ သန်း ၂၉၀၂ သန်းကျော်ရှိခဲ့သည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက  အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်သည်။

ယင်းပမာဏသည် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ဇွန်လအထိ ၅ နှစ်နှင့် ၆ လတာကာလအတွင်း ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံသားများက ၎င်းတို့ မိသားစုတွေထံ လွှဲပို့ငွေ အခြေအနေကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ်တုန်းက  ပြည်ပရောက် မြန်မာအလုပ်သမားတို့၏ လွှဲပို့ငွေသည် တနှစ်လုံးမှာ အမေရိကန်ဒေါ်လာ ၁၀၁ သန်းကျော်သာရှိခဲ့ပြီး နှစ်စဉ် ဒေါ်လာသန်း ၂၀၀ လောက်တိုးလာခဲ့၏။  ၂၀၁၈ ခုနှစ်တွင် ပြည်ပရောက် မြန်မာလုပ်သား ၉ သိန်းကျော်က ပြန်လွှဲပို့ ပမာဏက ဒေါ်လာ ၉၀၉ သန်းထိ စံချိန်တင် မြင့်တက်လာသည်။

မြန်မာနိုင်ငံမှ လူပေါင်း ၅ သန်းခန့် ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်နေကြရာတွင်  လူပေါင်း ၉ သိန်းလောက်ကသာ တရားဝင်ဘဏ်များကို အသုံးပြုပြီး ငွေလွှဲပို့နေကြသည်ဟု အစိုးရထုတ်ပြန်ချက်အရ ကောက်ချက်ချနိုင်သည်။

၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံကို ပြည်ပမှ  ပြန်လွှဲငွေစုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၂၇၅၄ ခန့်ရှိမည်ဟု ကမ္ဘာဘဏ်က ခန့်မှန်းသည်။  ထိုငွေပမာဏသည် မြန်မာနိုင်ငံမှ အိန္ဒိယကို တနှစ်အတွင်း ကုန်ပစ္စည်းတင်ပို့သည့် ပမာဏထက်များပြီး ထိုင်းကိုပို့သည့် ပမာဏနီးပါးရှိကာ တရုတ်နိုင်ငံကိုပို့သည့် ပမာဏရဲ့ ထက်ဝက်ခန့်နှင့် ညီမျှသည်။ 

ပြည်ပနိုင်ငံများတွင် အလုပ်သွားလုပ်ကိုင်သည့် မြန်မာနိုင်ငံသား အရေအတွက်သည် နိုင်ငံ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းဖြစ်သည့်  ၅ သန်းခန့်ရှိပြီး အများစုက ဟွန်ဒီငွေလွှဲနှင့် ပွဲစား အေးဂျင့်များကတဆင့် ငွေလွှဲကြလေ့ရှိသည်။ သို့ဖြစ်၍ တိုင်းပြည်ကို ဝင်လာသည့် လွှဲပို့ငွေ စုစုပေါင်း မည်၍မည်မျှရှိမည်ကို အတိအကျသိနိုင်ရန် ခက်ခဲသည်။

ပြည်ပရောက် မြန်မာများအနေဖြင့် မိသားစုကို ငွေပြန်လွှဲရာတွင် သက်ဆိုင်ရာ နိုင်ငံများရှိ ဘဏ်များကတဆင့် တရားဝင်လမ်းကြောင်းမှ  လွှဲပို့ခြင်းဖြင့် လုံခြုံစိတ်ချစွာ လွှဲပို့နိုင်မည်ဖြစ်သလို နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ကို အထောက်အကူဖြစ်စေနိုင်သဖြင့် တရားဝင်လမ်းကြောင်းမှ ငွေလွှဲပေးပို့ ကြရန်လည်း အစိုးရက တိုက်တွန်းထားသည်။

ထိုသို့တိုက်တွန်းသော်လည်း ပြည်ပရောက် မြန်မာများ ပြည်တွင်းသို့ တရားဝင်ငွေလွှဲပို့ဖို့ရာတွင် အဆင်ပြေချောမွေ့ လွယ်ကူစေရန် အစိုးရနှင့် ဗဟိုဘဏ်က စီစဉ်ဆောင်ရွက်ပေးခြင်းမရှိပေ။

ပုဂ္ဂလိက ဘဏ်များကတဆင့် ငွေလွှဲပို့ရာတွင်လည်း  စာရွက်စာတမ်းအခက်အခဲ၊ နီးစပ်ရာတွင် ဘဏ်မရှိသည့် အခက်အခဲများကြောင့် ပြည်ပရောက် မြန်မာလုပ်သားများ တရားဝင်လမ်းကြောင်းဖြင့် ငွေလွှဲမပို့နိုင်ဘဲ တရားမဝင် ဟွန်ဒီ စနစ်ကိုသာ အဓိက အားထား ငွေလွှဲပို့ နေကြရသည်။

ပြည်ပရောက်မြန်မာများ  လစဉ်လွှဲပို့နေကြသည့် ငွေများသည်  တရားဝင်လမ်းကြောင်းထဲကို စီးဝင်လာခြင်းမဟုတ်သဖြင့် တိုင်းပြည်၏ စီးပွားရေး စီမံခန့်ခွဲမှုထဲကို ရောက်မလာသလို အခွန်အခများကလည်း တိုင်းပြည်က မရရှိဘဲ ပွဲစားနှင့် ငွေလွှဲအေးဂျင့်များဆီသာ ရောက်ရှိသွားကြသည်။

အထက်ပါအခြေအနေများကြောင့် ပြည်ပက လွှဲပို့ငွေများ တိုင်းပြည်၏ စီးပွားရေးအတွက် အရေးပါသည့် ဝင်ငွေများအဖြစ် ပြောင်းလဲလာစေရန် အစိုးရက အသေအချာ စီမံဆောင်ရွက်ပေးရန် လိုအပ်လှပေသည်။

သို့သော် အလုပ်သမားများ တရားဝင်လမ်းကြောင်းမှတဆင့် ငွေပို့လွှဲနိုင်ရေးအတွက် အစိုးရက ဝင်ငွေခွန်တိုး မကောက်ရန် လိုအပ်မည်ဖြစ်သည်။ အခွန်တိုးကောက်မည်ဆိုပါက တရားမဝင် နည်းလမ်းများဖြင့်သာ ဆက်လက် ငွေလွှဲပို့နေကြဦးမည်သာ ဖြစ်ပေသည်။

ထို့အပြင် ငွေစုပြီး ပြည်ပမှပြန်လာမည့် မြန်မာ လုပ်သားများအတွက်   ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်၊ အသေးစား အလတ်စားလုပ်ငန်းများ ထူထောင်ပေးရန်လည်း လိုအပ်သည်။  ပြန်ပို့ငွေများဖြင့် စိုက်ပျိုးရေးနှင့်လယ်ယာကဏ္ဍ ပိုမိုကောင်းမွန်စေရေးလုပ်ဆောင်ရန်၊ ကုန်ထုတ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများလုပ်နိုင်စေရန်  အစိုးရက စီမံပေးရန်လည်း လိုသလို  တဦးချင်းအစား ရွာအလိုက်၊ အစုအဖွဲ့အလိုက် ငွေစုငွေချေး အသင်းများ ထူထောင်ပေးရန်လည်း လိုအပ်သည်။ 

အချုပ်အားဖြင့်ဆိုရသော် ဒေါ်လာ ဘီလီယံနှင့်ချီသည့် ပြည်ပက မြန်မာအလုပ်သမားများ၏ လွှဲပို့ငွေများကို  အစိုးရက အသေအချာ စနစ်တကျဖြင့် တရားဝင် လမ်းကြောင်းမှတဆင့် ငွေများ ဝင်လာစေရေး လုပ်ဆောင်ပေးရန်နှင့်  ဝင်လာသည့်ငွေများအား အလဟသမဖြစ်စေဘဲ တိုင်းပြည်၏ ကုန်ထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းများ၌ အရင်းနှီးဖြစ်စေရေး အရေးတကြီး ဆောင်ရွက်ပေးရန် တိုက်တွန်း လိုက်ရပေသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013