
စစ်အာဏာရှင်က သူ့ဩဇာခံ ရဲတပ်ဖွဲ့ဝင်တွေကို ဆုတံဆိပ်တွေချီးမြှင့်နေပေမဲ့ လက်တွေ့မှာ ရှေ့တမ်းပို့ဆောင်ကာ လုံခြုံရေး တာဝန်တင်မကဘဲ စစ်ရေးတာဝန်တွေပါ ထမ်းဆောင်ခိုင်းနေတာ တွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေကြားမှာ မကျေနပ်ချက်တွေနဲ့ ယုံကြည်မှုကင်းမဲ့နေတယ်လို့ ရဲအသိုက်အဝန်းကနေ သိရပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို “မျိုးချစ်စိတ်ရှိရမယ်၊ စွမ်းရည်ပြည့်ဝရမယ်၊ ခေတ်မီရမယ်” ဆိုတဲ့ မျှော်မှန်းချက်နဲ့ တည်ဆောက်ပြီး ပြည်သူတွေ ယုံကြည်အားကိုးရတဲ့ ရဲတပ်ဖွဲ့ဖြစ်အောင် ဆောင်ရွက်ဖို့ စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်က အောက်တိုဘာလ ၁ ရက်မှာ ကျင်းပခဲ့တဲ့ ၆၂ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့မှာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ရဲတပ်ဖွဲ့ဝင် ၄,၉၄၀ ယောက်ကို စွမ်းရည်သတ္တိနဲ့ စွမ်းဆောင်မှုဆိုင်ရာ တံဆိပ်တွေလည်း ချီးမြှင့်ခဲ့ပါတယ်။
ဒီအခြေအနေတွေဟာ မြေပြင်အခြေအနေနဲ့ ကွာဟနေကြောင်းနဲ့ လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်ကြားမှာ မကျေနပ်ချက်တွေ ဖြစ်နေကြောင်းကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“သမ္မတရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါတဲ့ အချက်အလက်တွေနဲ့ မြေပြင်အခြေအနေဟာ အမှန်တော့ ဘာမှမဆိုင်သလို ဖြစ်နေတာပေါ့နော်။ ဆုတံဆိပ်တွေပေးတယ်၊ ချီးမြှင့်တယ်ဆိုတာ အလကား ဒါ ပေါ်ပင်လုပ်တာ။ ဒီရဲတပ်ဖွဲ့ဝင်တွေ အကုန်လုံး ရှေ့တန်းကိုပို့၊ စစ်တပ်နဲ့ ရဲနဲ့မှာဆိုရင် ရဲတွေက အနှိမ်ခံနေရတာ၊ ရဲတွေကပဲ သေနေရတာ။ ပြောတဲ့စကားနဲ့ အောက်ခြေကလုပ်ရပ်တွေနဲ့က တခြားစီပဲလေ။ ဘာမှမဆိုင်ဘူး။ သူပြောလိုက်ပြီဆိုလို့ရှိရင် သူ့စကားကိုရော သူတခါတလေ ပြန်ကော နားထောင်ပြီးတော့ မြေပြင်ကို သူပြန်ဆင်းပြီးတော့ စုံစမ်းကောကြည့်ရဲ့လား မသိပါဘူး။ ဆုတွေချီးမြှင့်ချီးမြှင့် ဒီဆုတွေဟာ ဘာမှအသုံးမဝင်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆုတွေ ချီးမြှင့်တယ်လို့ပြောပြီးတော့ သေတွင်းထဲပို့ခံနေရတယ်။ အောက်ခြေမှာ တချို့ ဝန်ထမ်းတွေ၊ အငယ်တန်းတွေဟာ ပြည့်စုံမှုမရှိဘဲနဲ့ နေနေရတာတွေ။ ဒါတွေဟာ အောက်ခြေဝန်ထမ်းတွေ ကြားထဲမှာ ဒါပြောစရာဖြစ်ပြီးတော့ အစိုင်အခဲတွေဖြစ်နေကြပြီလေ။”
စစ်ခေါင်းဆောင်အနေနဲ့ စွမ်းဆောင်ရည်ပြည့်ဝဖို့နဲ့ အကျင့်ပျက်ခြစားမှုမရှိစေဖို့ ပြောနေပေမဲ့ မြေပြင်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ လာဘ်စားထားတာကြောင့် အပြစ်ကျူးလွန်သူတွေဘက်ကနေ ဘက်လိုက်ကာ လုပ်ဆောင်ပေးနေကြောင်းကိုလည်း ပြည်သူတွေဆီကနေ သိရပါတယ်။
စစ်ခေါင်းဆောင်ပြောဆိုတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ မျိုးချစ်စိတ်ရှိရမယ်၊ စွမ်းရည်ပြည့်ဝရမယ်၊ ခေတ်မီရမယ်ဆိုတဲ့ ပြောစကားတွေဟာလည်း ပြည်သူလူထုအကျိုးစီးပွားအတွက်မဟုတ်ဘဲ ရှေ့တမ်းကို ပို့ဆောင်ခံနေရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုပြောတဲ့ စကားသက်သက်ဖြစ်ကြောင်း ရဲတပ်သား CDM တယောက်က မှတ်ချက်ပြုပါတယ်။
“လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ မျိုးချစ်စိတ်ထက်စာရင် ကိုယ့်ရဲ့ ပြည်သူလူထု ကို ပြန်ပြီး ဒုက္ခပေးနေရတဲ့ အခြေအနေတွေ ရှိတယ်ပေါ့နော်။ သူတို့ပြောတဲ့ မျိုးချစ်စိတ်ထက် ဆိုတာကတော့ ဒါ သေချာတယ်။ စစ်ဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွားအတွက်ပဲ ဖြစ်တယ်ပေါ့။ အရင်တုန်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလအထိကိုပေါ့၊ ရဲတပ်ဖွဲ့ဟာ manpower နဲ့ပဲ သွားနေရတာ ဖြစ်တယ်။ ကျနော်တို့ ဝန်ထမ်းလုပ်ခဲ့တဲ့ အချိန်ကဆိုရင် ရှိပါတယ်။ တပ်မတော်နဲ့ ရဲတပ်ဖွဲ့နဲ့ဆိုတာ ညီနောင်တပ်ဖွဲ့တွေ ဖြစ်တယ်။ သူတို့ ဂျင်းတွေ ကျွေးပြီးတော့မှ ခေါင်းထဲ ရိုက်သွင်းထားကြတာပေါ့။ ခုလိုအချိန်မှာကျတော့ စစ်တပ်က အင်အားပြုန်းတီးလာတဲ့အခါမှာ ရဲတွေကို ရှေ့တန်းပို့ပြီး တိုက်ခိုက်တဲ့ အခါကျတော့ သေမှာပဲ။ ဘာလို့လဲဆိုတော့ ရဲကစစ်မှ မတိုက်တတ်တာ အတင်းအကျပ် တွန်းပို့ခံရပြီးတော့ ခိုင်းစေအမိန့်ပေးနေတဲ့ အချိန်မှာတော့ မလုပ်ချင်ပေမဲ့ လုပ်နေရပြီး သွားတဲ့တပ်ဖွဲ့ဝင်တွေအတွက်ကတော့ ဒါ သေတွင်းကို တွန်းပို့ နေသလိုပါပဲ။”
၂၀၂၅ ခုနှစ် အမေရိကန်အစိုးရ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာန (DFAT) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ရဲတပ်ဖွဲ့ဝင် ၁ သိန်းလောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိမှာ ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကျဆုံးထိခိုက်မှုတွေ များပြား နေကြောင်းကိုလည်း ဒေသတွင်းသတင်းတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
ဝေဝေ










