DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်လုံးဆိုင်ရာ ယုံကြည်မှုတည်ဆောက်ရန် တိုင်းရင်းသားပါတီများ သဘောတူ
DVB
·
January 8, 2013
ရှမ်းပြည်နယ်လုံးဆိုင်ရာ ယုံကြည်မှုတည်ဆောက်ရန်  တိုင်းရင်းသားပါတီများ သဘောတူ
Donate to DVB

ရှမ်းပြည်နယ်တွင်းက တိုင်းရင်းသားလူမျိုးတွေကြား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲကျင်းပဖို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က  ရှမ်းပြည်နယ်ထဲက နိုင်ငံရေး ပါတီအဖွဲ့အစည်းတွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ရာမှာ အားလုံးရဲ့ သဘောတူညီမှု ရခဲ့ပါတယ်။

[caption id="attachment_35116" align="alignleft" width="300" caption="အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အက်စ်အန်အယ်လ်ဒီ တွေ့ဆုံစဉ် (ဓာတ်ပုံ - အက်စ်အန်အယ်လ်ဒီ)"][/caption]

၂၀၁၂ ဒီဇင်ဘာ ၂၆ ရက်ကနေ ၂၀၁၃ ဇန်န၀ါရီ ၆ ရက်နေ့ထိ ရှမ်းပြည် မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းဘက်ကို သွားရောက်ပြီး တိုင်းရင်းသားပါတီ ၈ ဖွဲ့နဲ့ တဖွဲ့ချင်း တွေ့ဆုံခဲ့ရာ အားလုံးက သဘောတူခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

“ကျနော်တို့ လိုက်ပြီးဆွေးနွေးတာကတော့ သူတို့ ဗဟိုအလုပ်အမှုဆောင်တွေ ကြိုတင်ပြီး အစည်းအဝေးတွေ ထိုင်နိုင်ဖို့။ ယုံကြည်မှုတည်ဆောက်ခြင်းက ယုံကြည်ပြီးသားကို ပိုပြီးတော့ ခိုင်မာအောင်လုပ်တဲ့သဘောပဲ။ ရှမ်းပြည်နယ်ထဲမှာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေအားလုံးဟာ တယောက်နဲ့တယောက် ပိုပြီးနားလည်မှုရှိဖို့လိုတယ်၊ အနီးကပ်ဆုံးအမြင်တွေ တူဖို့ ကြိုးစားထားဖို့လိုတယ်၊ ဒီကိစ္စက မလွှဲမရှောင်လုပ်ရမှာပဲ။ ဘယ်အဖွဲ့အစည်းကပဲ ခေါင်းဆောင်လုပ်လုပ် ပြည်ထောင်စုအဆင့် လုပ်ခဲ့လို့ရှိရင်  ရှမ်းပြည်နယ်အနေနဲ့ အဆင့်သင်ဖြစ်အောင် ကြိုးစားတာဖြစ်ပါတယ်။”

ဒီခရီးစဉ်မှာ ကိုးကန့် ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီ၊ ၀အမျိုးသားစည်းလုံးညီညွတ်ရေး ပါတီ၊ တအာင်းပလောင်အမျိုးသားပါတီ၊  ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကယန်းအမျိုးသားပါတီနဲ့ လားဟူးဒီမိုကရက်တစ်ပါတီ စတဲ့ပါတီတွေက ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွေ၊ နာယကတွေ၊ ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်မျိုးဆက်သစ်လူငယ်အဖွဲ့၊ ကယန်းပြည်သစ်ပါတီတို့နဲ့လည်း တွေ့ဆုံခဲ့တယ်။ အခြားရှမ်းပြည်အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ပေါင်းစု (မိုင်းလား) နဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) စတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ဒီမတိုင်ခင်က အလွတ်သဘော တွေ့ဆုံမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လာမယ့် ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်နယ် လားရှိုးမှာ ကျင်းပဖို့ လျာထားတဲ့ ဒီဆွေးနွေးပွဲကြီးမှာ ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားအားလုံးရဲ့ ကိုယ်စားလှယ်တွေ အစုံအလင် ပါဝင်စေလိုပေမယ့်လည်း အချို့လူမျိုးစုတွေမှာ  ပါတီမရှိ၊ စစ်တပ်မရှိနဲ့ အားလုံးကို ကိုယ်စားပြုနိုင်တဲ့ အဖွဲ့အစည်းမရှိတော့ ဖိတ်ကြားဖို့ အခက်အခဲ ရှိတယ်လို့ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။
ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းကလည်း ရှမ်းနိုင်ငံရေးအဖွဲ့၊ လက်နက်ကိုင်အဖွဲ့နဲ့ လူထုလူတန်းစားအဖွဲ့ အားလုံးပါဝင်တဲ့ ရှမ်းတိုင်းရင်းသားတွေကြား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲတရပ်ကို ပထမဆုံးအကြိမ် စည်းရုံးဆောင်ရွက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013