DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အနိမ့်ဆုံးလစာ တိုးမြှင့်ပြီးနောက် စက်ရုံအချို့ပိတ်ရ
DVB
·
January 7, 2013
Donate to DVB

ထိုင်းနိုင်ငံမှာ ၂၀၁၃ ခု ဇန်န၀ါရီ ၁ ရက်ကစပြီး အနိမ့်ဆုံးလုပ်ခ တနေ့ ဘတ် ၃၀၀ တပြေးညီ သတ်မှတ်လိုက်တဲ့နောက် အလုပ်သမားငှားရမ်းခ မတတ်နိုင်လို့ ဘန်ကောက်၊ တာ့ခ်၊ ဆလာပူရီ၊ ဆီဆကစ်နဲ့ ဘူရီလမ်း စတဲ့ခရိုင်တွေမှာ စက်ရုံနဲ့ အလုပ်ရုံတချို့ ပိတ်လိုက်ရသလို အလုပ်သမား ထောင်ချီ လျှော့ချခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်း တာ့ခ်ခရိုင် စက်မှုဇုန်လုပ်ငန်းရှင်များဥက္ကဋ္ဌ နိုင်းချိုင်းဝပ် ၀ိကျစ်ထမ်းဝုန်းက အစိုးရက အခုလို လစာတွေ တိုးမြှင့်သတ်မှတ်လိုက်တဲ့အတွက်  သူတို့ခရိုင်ထဲမှာ ထုတ်ကုန်လုပ်ငန်း တွက်ချေမကိုက်လို့ စက်ရုံ ၈ ရုံ ပိတ်လိုက်ရကြောင်း၊ အများစုက အထည်ချုပ်၊ လျှပ်စစ်ပစ္စည်းနဲ့ ကြွေထည်မြေထည် စက်ရုံတွေ ဖြစ်ပြီး မြန်မာနဲ့ ထိုင်းအလုပ်သမား စုစုပေါင်း ၁ ထောင်ကျော် အလုပ်ပြုတ်ခဲ့ကြောင်းဇန်န၀ါရီ ၆ ရက်ထုတ် မန်နေဂျာအွန်လိုင်းသတင်းမှာ
ဖော်ပြထားပါတယ်။

ဒါ့အပြင် အနိမ့်ဆုံးလစာ တိုးပေးရလို့ အလုပ်ရှင်တွေ နစ်နာမှုမရှိအောင် အစိုးရက   ဆောင်ရွက်ပေးတာတချို့ရှိပေမယ့် တွက်ချေ မကိုက်ကြောင်း၊ ဥပမာ  အလုပ်သမားတွေအတွက် အလုပ်ရှင်က ပေးသွင်းရတဲ့  လူမှုအာမခံကြေး ၅ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းထိ လျှော့ချပေးတာဟာ မဖြစ်စလောက်ဖြစ်ပြီး ရင်းနှီးမတည်ငွေ အတိုးနှုန်းလျှော့ချပေးတာလည်း တွက်ချေမကိုက်ဘူးလို့ စက်မှုဇုန်လုပ်ငန်းရှင်များဥက္ကဋ္ဌက ဆိုပါတယ်။

ဒီပြဿနာကို ဖြေရှင်းပေးနိုင်ရေးအတွက် အစိုးရဆီက ပြဋ္ဌာန်းချက်တခုခု ထုတ်ပေးဖို့ လိုတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အိမ်နီးချင်း မြန်မာနိုင်ငံမှာသွားပြီး စက်ရုံနဲ့ အလုပ်ရုံဖွင့်ဖို့ကလည်း အခြေခံ အဆောက်အအုံ ခိုင်ခိုင်မာမာမရှိသေးဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ ပြောခွင့်ရ ဦးမိုးဆွေက “အထူးသဖြင့် နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့က ပိုပိုပြီးတော့ ဈေးသက်သာတဲ့နေရာတွေကို ရွှေ့ပြောင်းကောင်း ရွှေ့ပြောင်းနိုင်တဲ့ အလားအလာတော့ ရှိတယ်။ အလုပ်သမား ရွှေ့ပြောင်းမှုက ပိုပြီးတော့ များလာမယ်လို့ ထင်တယ်။ ဒါ့အပြင် တရားမ၀င်တဲ့ အလုပ်သမားတွေကို အလုပ်ရှင်တွေက ငှားရမ်းသုံးစွဲမယ်။ အဲလို သုံးစွဲတဲ့အခါမှာ မတရားဖိနှိပ်တာတွေ၊ အလုပ်ဖြုတ်ပစ်တယ်ဆိုတဲ့ဟာတွေ ထပ်ပြီး ပေါ်လာဦးမယ်လို့ ကျနော်တို့ မြင်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းနိုင်ငံ အလယ်ပိုင်း ဆရပူရီခရိုင် ၀ိဟန်ဒိုင်မြို့နယ်က ၀ိနာကာမေလ် အတွင်းခံ အင်္ကျီချုပ်စက်ရုံမှာလည်း ကြိုတင်အကြောင်းမကြားဘဲ စက်ရုံပိတ်လိုက်တဲ့အတွက် အလုပ်သမား ၂၀၀ ကျော် ဇန်န၀ါရီ ၂ ရက်နေ့က အလုပ်သမားကာကွယ်ရေးရုံးမှာ နစ်နာကြေးရရှိရေး တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

အလားတူ နခွန်းရာ့ခ်ျဆီမားခရိုင်မှာ စက်ရုံနဲ့ အလုပ်ရုံ ၄ ခု ပိတ်သွားပြီး အလုပ်သမား ၈၀၀ ကျော် အလုပ်ပြုတ်သွားကြောင်း၊ ဆူရင်းခရိုင် ဖိနပ်ချုပ်စက်ရုံ ၁ ရုံနဲ့ အထည်ချုပ်စက်ရုံ ၁ ရုံပိတ်ပြီး အလုပ်သမား ၄၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်သွားကြောင်း၊ ပူရီရမ်ခရိုင်မှာလည်း အလုပ်လက်မဲ့ ၁၂၀  ဦး ရှိကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြားလုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်မှာတော့ အလုပ်သမားတချို့သာ တနေ့ ဘတ် ၃၀၀ ရပြီး အများစု မရသေးဘူးလို့ အလုပ်သမားခေါင်းဆောင်တဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013