DVB Logo
Home
မြန်မာသတင်း
မှောင်ခိုဖမ်းရုံဖြင့် တရားမ၀င်ကုန်သွယ်မှု ပပျောက်အောင် မလုပ်နိုင်
DVB
·
January 7, 2013
Donate to DVB

မှောင်ခိုကုန်ပစ္စည်း သယ်ဆောင်တာကို ဖမ်းဆီးအရေးယူတာဟာ တရားမ၀င် ကုန် သွယ်မှုကို အလုံးစုံပပျောက်အောင် လုပ်နိုင်တဲ့ အနေအထားမရှိဘူးလို့ စီးပွားကူးသန်း ၀န်ကြီးဌာနက ပြောကြားလိုက် ပါတယ်။

မူဆယ်နဲ့ မြ၀တီစတဲ့ နယ်စပ်လမ်းကြောင်းတွေကနေ တရားမ၀င် ကုန်ပစ္စည်းသယ်ယူ နေတာတွေကို ဥပဒေအရ အရေးယူတော့မယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အဲ့ဒီလိုအရေးယူဆောင်ရွက်ရုံနဲ့ ကုန်ပစ္စည်းမှောင်ခိုရောင်းဝယ်နေတာတွေ ရပ်တန့်သွားပါ့မလားလို့ မေးမြန်းချက်အပေါ် စီးပွားကူးသန်းဝန်ကြီးဌာနရုံး ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

“နံပါတ်တစ်ကတော့ ဖမ်းဆီးအရေးယူမှုသည် မှောင်ခို တရားမ၀င်ဈေးကွက်ကိုတော့ အလုံးစုံ ပပျောက်အောင်လုပ်နိုင်တဲ့ အနေအထားမရှိပါဘူး။ ဒါတွေကလည်း သာဓကတွေရှိတယ်။ ဟိုးအရင် နှစ် ၅၀၊ ၆၀ ဒီလိုပဲလုပ်လာတာပဲ။ ဖမ်းရုံဆီးရုံနဲ့တော့ တရားမ၀င်ကုန်သွယ်မှုကို လုံးဝဥဿုံပပျောက်အောင် လုပ်နိုင်တဲ့ အနေအထား မရှိဘူး ဆိုတာကိုလည်း တွက်ချက်ပြီး သုံးသပ်ရရှိပါတယ်။ ဒုတိယအချက်က ဖမ်းဆီးတဲ့လုပ်ငန်းနဲ့ ကုန်သည်တွေ လုပ်ငန်းရှင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံယူချက်ကိုပါ တပြိုင်ထဲ ပြောင်းပေးမှသာလျှင် ဒီလုပ်ငန်းတွေသည် ရာခိုင်နှုန်းတခု တိုးတက်မှုရမှာဖြစ်ပါတယ်။ တတိယအချက်ကတော့ ဒီလုပ်ငန်းအပေါ်အားပြုပြီး သာယာနေသော ဌာနဆိုင်ရာ အဖွဲ့အစည်းတချို့ရဲ့ စိတ်ပိုင်းဆိုင်ရာခံယူချက်ကိုပါ ပြောင်းပေးရမှာဖြစ်တယ်။

“လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တခုကိုလုပ်ဖို့အတွက် ကျနော်တို့ဌာနက အားပြုပြီးတော့ စတင်ဆောင်ရွက်ပေးလိုက်ခြင်းဖြစ်တယ်။ နံပါတ် ၂ အလုံးစုံပပျောက်မယ်လို့ အာမခံချက်မရှိပေမယ့် မလုပ်ရင်လည်း ဒီထက်ပိုပြီးကောင်းတဲ့အခြေအနေတခု ဖန်တီးပေးနိုင်ခြင်းမရှိဘူးဆိုတဲ့ ခံယူချက်ရှိလို့ ဒီလုပ်ငန်းတွေကို လုပ်ပေးနေရခြင်းဖြစ်တယ်။”

တရားမ၀င်ကုန်သွယ်မှုတွေကို မူဆယ် နယ်စပ်လမ်းကြောင်းမှာ အခုလလယ်လောက်နဲ့ မြ၀တီနယ်စပ် လမ်းကြောင်းမှာ အခုလကုန်ပိုင်းလောက်ကစပြီး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက် သွားတော့မယ်လို့လဲ ပြောပါတယ်။

အရေးယူတဲ့အခါမှာ အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရ အရေးယူခြင်းနဲ့ ကုန်သွယ်မှုဆိုင်ရာ ဥပဒေများအရ အရေးယူခြင်းတို့နဲ့ အရေးယူသွားမှာ ဖြစ်ပါတယ်။

တရားမ၀င်ကုန်သွယ်မှုတွေကို အရေးယူဖို့ ပြင်ဆင်ဆောင်ရွက်ထားပုံကိုလည်း ဦးတင်ရဲဝင်းက

“အရေးယူတဲ့အပိုင်း ၂ ပိုင်းရှိပါတယ်။ လက်ရှိ Mobile Team ကို လုပ်ငန်းတွေစတင်လုပ်ခိုင်းပြီး ၂ ပတ်လောက်အကြာမှာ သက်ဆိုင်ရာ နယ်စပ်ကုန်သွယ်ရေးစခန်းအသီးသီးက ထုတ်နုတ်အင်အားတွေနဲ့လည်း စခန်းရဲ့လက်လှမ်းတမီနေရာတွေမှာ တပြိုင်နက် ၀င်လုပ်နေတာဖြစ်တယ်။ အရေးယူမှုကလည်း Mobile Team ကလည်း စစ်ဆေးတွေ့ရှိတာတွေကို ဖော်ထုတ်ပြီး သက်ဆိုင်ရာ အကောက်ခွန်ဦးစီးဌာနနဲ့ အနီးစပ်ဆုံးအကောက်ခွန်ဦးစီးဌာနမှာ အမှုတွဲဖွင့်မယ်။ ကျန်တဲ့ စခန်း ထုတ်နုတ်အင်အားတွေကလည်း သက်ဆိုင်ရာစခန်းတွေနဲ့ လက်လှမ်းမီရာမှာရှိတဲ့ အကောက်ခွန်ဦးစီးဌာနတွေမှာ အမှုတွဲဖွင့်မယ်။ အရေးယူမှုကိုတော့ ကုန်သွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေစည်းမျဉ်းများနဲ့အညီ အကောက်ခွန်ဦးစီးဌာနနဲ့ ဆက်စပ်ပြီးတော့ အရေးယူမှုကို ၂ ဖွဲ့လုံး လုပ်သွားမှာပါ။”

ဖမ်းဆီးအရေးယူဖို့ ဖွဲ့စည်းထားတဲ့အဖွဲ့တွေထဲမှာ နယ်စပ်ကုန်သွယ်ရေး၊ အကောက်ခွန်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စတဲ့ ဌာနဆိုင်ရာတွေအပြင် ကုန်သည်အသင်းအဖွဲ့ကိုယ်စားလှယ်တွေ၊ ခရိုင်နဲ့ မြို့နယ်ကိုယ်စားလှယ်တွေ အပါအ၀င် မီဒီယာသမားတွေ ထည့်သွင်းဖွဲ့စည်းထားပါတယ်။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစပြီး တရားမ၀င်ကုန်သွယ်နေတဲ့ နယ်စပ်လမ်းကြောင်းတွေမှာ ရွေ့လျား စစ်ဆေးရေးအဖွဲ့ Mobile Team တွေဖွဲ့ပြီး စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013