စိတ်ကြွမူးယစ်ဆေးပြား ၄ ဒသမ ၈ သန်း ‘ဝ’ တပ်ဖွဲ့ဖမ်းဆီးရမိ
နော်နိုရင်း
·
October 9, 2019

‘ဝ’ ပြည်သွေးစည်းညီညွှတ်ရေး ပါတီ UWSA အနေနဲ့ အခု အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ဒီကနေ့အချိန်ထိ စိတ်ကြွမူးယစ်ဆေးပြား ၄ ဒသမ ၈သန်းဖမ်းဆီးရမိကြောင်း UWSA တပ်ဖွဲ့ ပြင်ပဆက်ဆံရေးဌာနတာဝန်ခံ ဦးညီရမ်းက ဒီဗွီဘီကို ပြောပါတယ်။
“အောက်တိုဘာလကတော့ ၁ ရက်နေ့တုန်းက အလောင်း ၈ လောင်းရယ်၊ အရှင် ၂ ယောက် ပြီးတော့ မူးယစ်ဆေးပြား ၁၈ သိန်း၊ အောက်တိုဘာ ၂ ရက်ကတော့ မူးယစ်ဆေးပြား သိန်း ၃၀ ပေါ့နော်။ အလောင်း ၆ လောင်းနဲ့ အရှင် ၄ ယောက်ဖမ်းမိထားတယ်ပေါနော်။ အားလုံးပေါင်း မူးယစ်ဆေးပြား ၄.၈ သန်းပေါ့ လောလောဆယ်ဖမ်းမိထားတယ်ပေါ့။ ”
ဒါ့အပြင် အောက်တိုဘာလ ၆ ရက်နေ့ကလည်း ရှမ်းပြည်တောင်ပိုင်း၊ ဝမ်ဟုန်မြို့နယ် ပါဝုန်ခါကျေးရွားအနီးမှာ ဘိန်းဖြူ ၂၁ ဒသမ ၅ ကီလိုဂရမ်၊ ဘိန်းစိမ်း ၃ ကီလိုဂရမ်ခန့် သိမ်းဆည်း ရမိခဲ့တယ်လို့ ပြောပါတယ်။
‘ဝ’ ပြည်နယ်တောင်ပိုင်း ဝ တပ်ဖွဲ့တပ်ရင်း ၅၀၇က ကင်းလှည့်နေချိန် ပါဝုန်ခါရွာအနီး ရောက်ရှိချိန်မှာ မသင်္ကာဖွယ်တွေ့ရှိတာကြောင့် ပိတ်ဆို့ရှာဖွေရာမှာ အခုလို ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။
အောက်တိုဘာ ၁ ရက်ကလည်း ထိုင်း- မြန်မာနယ်စပ် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စိတ်ကြွမူးယစ်ဆေးပြား ၁၈ သိန်းလောက် ဖမ်းဆီးရမိခဲ့ပြီး ‘ဝ’ ပြည်တောင်ပိုင်း ၁၇၁ စစ်ဒေသနယ်မြေကိုဖြတ်သန်းကာ ထိုင်းနိုင်ငံကို မူးယစ်ဆေး ပို့ဆောင်မယ့်သတင်းအရ ဟွေအော မြို့နယ် နမ့်ယွန်းကျေးရွာအနီးမှာ ကင်းလှည့်အဖွဲ့က မူးယစ်သယ်ဆောင်သူတွေကို တွေ့ရှိပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အောက်တိုဘာလ ၂ ရက်နေ့ကလည်း မူးယစ်မှောင်ခိုဂိုဏ်းဘက်က အလောင်း ၆ လောင်း၊ အရှင် ဖမ်းမိသူတယောက်၊WY စိတ်ကြွဆေးပြားသိန်း ၃၀ ခန့်၊ M-16(ကျည်ဆန် ၄၀) တလက်၊ ဗုံးသီး ၂လုံး၊ တူမီးသေနတ် ၃ လက်နဲ့ M-20 ပစ္စတို ၁ လက်တို့ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
အခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က UWSA ဝတပ်ဖွဲ့က ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါး မှောင်ခို သယ်ဆောင်သူ ၁၃ ဦးအပါအဝင် လက်နက်တွေ၊ မူးယစ်ဆေးတွေနဲ့အတူ မြန်မာ့တပ်မတော်ထံ လွှဲပြောင်းအပ်နှံခဲ့ပါတယ်။