
အက်စတိုးနီးယားနိုင်ငံ၊ တာတူမြို့မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ဝက်အော်သံတုပပြိုင်ပွဲမှာ အန်ဒရူး မေလတ်က ပထမဆု ရရှိခဲ့ပါတယ်။
“ဘဝဆိုတာ ပျော်စရာကောင်းရမှာပါ။ အိမ်မှာ နည်းနည်းပါးပါး အသံထွက်လေ့ကျင့်ပြီး ဒီကိုလာပြိုင်တဲ့အခါ အခုလို အနိုင်ရသွားတာပါ” လို့ မေလတ်က ပြောပါတယ်။
ဧပြီ ၂၅ ရက်က ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ကလေးရော လူကြီးပါ ပါဝင်ခဲ့ကြပြီး ဝက်အော်သံမျိုးစုံကို အတုခိုး အော်ဟစ်ခဲ့ကြပါတယ်။
ဝက်မွေးမြူရေးလုပ်ငန်းက ကိုယ်စားလှယ် ၃ ယောက် ပါဝင်တဲ့ အကဲဖြတ်အဖွဲ့က ပြိုင်ပွဲဝင်တွေရဲ့ အသံတူညီမှု၊ အသံအားပါမှုနဲ့ ဖျော်ဖြေနိုင်စွမ်းတွေအပေါ် မူတည်ပြီး အမှတ်ပေးခဲ့တာပါ။
တခြား ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ရတာကြောင့် ရုန်းကန်နေရတဲ့ အက်စတိုးနီးယား ဝက်မွေးမြူရေးလုပ်ငန်းကို လူတွေ ပိုအာရုံစိုက်လာအောင် ရည်ရွယ်ကျင်းပတာလို့ ပြိုင်ပွဲစီစဉ်သူတွေက ဆိုပါတယ်။ ပြိုင်ပွဲကျင်းပရာ နေရာမှာ တကယ့် ဝက်အစစ်ကလေးတွေလည်း ခေါ်ဆောင်လာခဲ့ပါတယ်။
အာဖရိက ဝက်တုပ်ကွေးရောဂါ ကန့်သတ်ချက်တွေကြောင့် ဝက်မွေးမြူရေးခြံတွေကို ပိတ်ထားရတဲ့အတွက် ကလေးတွေအနေနဲ့ အခုလို ဝက်ကလေးတွေကို အနီးကပ် မြင်တွေ့ခွင့်ရတာဟာ ရှားပါးတဲ့ အခွင့်အရေးတခု ဖြစ်ပါတယ်။
Source: Reuters











