DVB Logo
Home
မြန်မာသတင်း
လာမည့်လွှတ်တော်တွင် ဒီမိုကရေစီနှင့် ကိုက်ညီသည့် ဥပဒေများ ပြဋ္ဌာန်းရန် လိုအပ်ဟုဆို
DVB
·
January 4, 2013
လာမည့်လွှတ်တော်တွင် ဒီမိုကရေစီနှင့် ကိုက်ညီသည့် ဥပဒေများ ပြဋ္ဌာန်းရန် လိုအပ်ဟုဆို
Donate to DVB

လာမယ့်လွှတ်တော်အတွင်း ခေတ်စနစ်နဲ့ မညီတဲ့ ဥပဒေတွေ ပြင်ဖို့၊ ဖျက်ဖို့၊ အသစ်ပြဋ္ဌာန်းဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ်တွေအနေနဲ့ ပြင်ဆင်ထားတယ်လို့ သိရှိရပါတယ်။

အခုလအတွင်း  ပြန်လည်ကျင်းပမယ့် လွှတ်တော်မှာ နိုင်ငံတော်ဘတ်ဂျက်နဲ့ အခြားအရေးကြီး ဥပေဒတွေ ပြဋ္ဌာန်းဖို့ ရှိတာကြောင့် အရင်လွှတ်တော်တွေထက် အချိန်ပိုယူရမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇန်န၀ါရီ ၁ ရက်က ပြောကြားလိုက်ပါတယ်။

ဒီပြောကြားချက်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်က ပြောကြားလိုက်တာပါ။ ဒါ့အပြင် အခုကျင်းပမယ့် လွှတ်တော်ထဲ ပြဋ္ဌာန်းနိုင်ဖို့ မျှော်လင့်ထားတဲ့ ခေတ်စနစ်နဲ့ မကိုက်ညီတဲ့ ဥပဒေ ၂ ခု အကြောင်းလည်း သူက အခုလို ပြောပါတယ်။

“ကျနော်တို့ ခေါင်းဆောင်ရော၊ ဒီမိုကရေစီအင်အားစုတွေကိုရော၊ ပြည်သူကိုရော အင်မတန်မှ ဖိစီးနှိပ်စက်တဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပယ်ဖျက်ဖို့ တင်ထားတာ ရှိတယ်။ နောက် အရေးပေါ်စီမံမှုအက်ဥပဒေကိုလည်း ပယ်ဖျက်ဖို့ တင်ထားတာရှိတယ်။ ကျနော်က အသစ်ပြဋ္ဌာန်းဖို့ မဟုတ်ဘူး၊ ပယ်ဖျက်ဖို့ကို တင်ထားတာ။ ပေါ်လာမယ်လို့လည်း မျှော်လင့်ထားတယ်လေ။”

ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဥပဒေကြမ်းရေးဆွဲတဲ့ပညာရှင် အင်မတန် နည်းနေတာကြောင့် လွှတ်တော်က ဥပဒေပြဋ္ဌာန်းတဲ့အပိုင်းမှာ နှောင့်နှေးနေတယ်လို့ မှတ်ချက်ပေးပြောဆိုပါတယ်။

“ကျနော်တို့ဆီမှာ ဥပဒေကြမ်းပြုတဲ့၊ ဥပဒေကြမ်းရေးဆွဲတဲ့ ပညာရှင် အလွန်နည်းတယ်။ တက္ကသိုလ်မှာလည်း မသင်ခဲ့ဘူး။ သင်ရိုးလည်း မရှိဘူး။ အဓိကက တိုင်းပြည်အတွက်လိုအပ်တဲ့ ဥပဒေတွေကို ဥပဒေကြမ်း ရေးဆွဲလိုက်ရမယ်။ စီးပွားရေးဆိုလည်း စီးပွားရေးကဏ္ဍ၊ အုပ်ချုပ်ရေးဆိုလည်း အုပ်ချုပ်ရေးကဏ္ဍ၊ အထွေထွေ အဲလိုဥပဒေကြမ်းတွေကို မြန်မြန်ရေးဆွဲ၊ လွှတ်တော်တင် ဆွေးနွေး ပြီးတော့မှ အတည်ပြုစရာရှိတာပြု။ ဒီလိုလုပ်ဖို့ ဥပဒေကြမ်းရေးဆွဲတဲ့အပိုင်းမှာ အတော်လေး အားနည်းတယ်။ အချိန်တွေ တော်တော်လေး ကြန့်ကြာနေတယ်။ ဒီလိုအကြောင်းတွေကြောင့် ဒီမိုကရေစီပါလီမန်ကြီးဟာ နည်းနည်း လုပ်တာကိုင်တာ နှေးကွေးနေတဲ့ သဘောဖြစ်နေတယ်။ ဒါကြောင့် လိုအပ်တဲ့ ဥပဒေတွေလည်း အချိန်မီထွက်မလာသေးဘဲ တော်တော်ကြန့်ကြာနေတာ တွေ့ရတယ်။”

ဇန်န၀ါရီ ၉ ရက်နေ့  ပြန်လည်ကျင်းပမယ့် ဆဋ္ဌမအကြိမ်မြောက် လွှတ်တော်အစည်းအဝေးပွဲမှာ  ၂၀၁၃-၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေ၊  ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ၊ အခွန်ဥပဒေများ၊ အထူးစီးပွားရေးဇုန်နဲ့  မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေများ အပါအဝင် အခြားအရေးကြီးတဲ့  ဥပဒေများ ပြဋ္ဌာန်းဖို့ ရှိတယ်လို့ လွှတ်တော်ဥက္ကဋ္ဌက ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013