DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံရေကာတာ ဆက်လုပ်ရေး တွန်းအားမပေးရန် တောင်းဆို
DVB
·
January 4, 2013
Donate to DVB

ပဋိပက္ခတွေဖြစ်နေတဲ့ ကချင်ပြည်နယ်မှာ မြစ်ဆုံရေကာတာဆက်လုပ်ရေး တွန်းအားမပေးဖို့ မြန်မာနိုင်ငံမြစ်ချောင်းများကွန်ရက်က တရုတ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

ဧရာဝတီမြစ်ပေါ်မှာ မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးစီမံကိန်းနဲ့ ပတ်သက်ပြီး ပညာရှင်တွေ၊ အနုပညာသမားနဲ့ နိုင်ငံရေးသမားတွေက ပြန်လည်သုံးသပ်ပေးဖို့ အစိုးရသစ်ဆီ ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုခဲ့ပြီးတဲ့နောက် သမ္မတဦးသိန်းစိန်က မနှစ် စက်တင်ဘာလက ရပ်နားခိုင်းထားပါတယ်။

ဒါပေမယ့် မကြာသေးခင်ကမှ  တရုတ်သံအမတ် မစ္စတာ Li Junhua က ဒီမြစ်ဆုံကို ဆက်လက် လုပ်ဆောင်သွားဖို့ ပြောဆိုတဲ့အပေါ် မြစ်ဆုံရေကာတာဆက်လုပ်ရေး တွန်းအားမပေးဖို့ တောင်းဆိုရတာဖြစ်တယ်လို့ မြန်မာနိုင်ငံဖြစ်ချောင်းများ ကွန်ရက်အဖွဲ့ရဲ့ ပြောခွင့်ရသူ အားနမ်က ပြောပါတယ်။

“ဒီဇင်ဘာ ၂၀ က ရန်ကုန် တရုတ်သံရုံးက သံအမတ် မစ္စတာလီကို ကျမတို့ စာပို့တယ်။ ပို့ရခြင်းက သူက နိုဝင်ဘာ ၈ ရက်နေ့ သတင်းတခုမှာ တရုတ်လိုရေးထားတယ်။ အဲမှာ အင်တာဗျူးလုပ်ထားတာမှာ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုတွေက မြစ်ဆုံရေကာတာနဲ့ ပတ်သက်ပြီး အခြေခံ နားလည်မှုလွဲနေတယ်။ သမ္မတ ရပ်ဆိုင်းထားခိုင်းသည့် အကြောင်းရင်းသည် ဖြေရှင်းလို့ရတယ်။ ဒါကြောင့် မြစ်ဆုံကို ဆက်လုပ်သွားမယ်လို့ ပြောထးတယ်။ ဒါကြောင့် ကျမတို့က ကချင်ပြည်နယ်မှာ အခုလို စစ်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့အချိန်မှာ တရုတ်တွေကနေ မြစ်ဆုံစီမံကိန်းလုပ်ဖို့ ဆက် တွန်းအားမပေးဖို့ ထုတ်ပြန်ကြေညာချက် ထုတ်တာပါ။”

တရုတ်သံအမတ်က တရုတ်ဘာသာနဲ့ အင်တာနက်စာမျက်နှာတခုမှာ ဖြေဆိုခဲ့တာဖြစ်ပြီး ဒီစီမံကိန်းနဲ့ပတ်သက်လို့ ဒေသခံတွေရဲ့ တုံ့ပြန်မှုကို လျစ်လျူရှုတယ်လို့ မနေ့က ထုတ်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

သမ္မတအနေနဲ့ မြစ်ဆုံရေကာတာ ရပ်ဆိုင်းဖို့ အမိန့်ထုတ်ထားခဲ့ပေမယ့်လည်း စီမံကိန်း ဆက်လုပ်ရေး ဒေသခံတွေကို တိုက်တွန်းတာတွေရှိသလို၊ တရုတ်အလုပ်သမားတွေနဲ့ စက်ယန္တရားတွေ ပြန်သွားတာ မရှိသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။

“လတ်တလော အကောင်အထည်ဖော်မှုက မြစ်ဆုံရေကာတာဆောက်တဲ့နေရာက လုံခြုံရေးအရ ၀င်မရလို့ မသိဘူး။ ရွှေ့ပြောင်းခံနေရတဲ့ ဒေသခံတွေကို စီပီအိုင်ကုမ္ပဏီကနေ ရေကာတာက မြန်မာနိုင်ငံ အတွက် ကောင်းတဲ့အကြောင်း စာရွက်တွေဖြန့်တာတို့၊ ဒေသခံတွေကို သွားတွေ့ပြီး စကားပြောတာတို့ အဆက်မပြတ် လုပ်နေတာတွေရှိတယ်။ ရေကာတာလုံးဝ ရပ်တန့်သွားမယ်လို့ မတွေးဘူး။ ဒီနေရာမှာ ရွှေ့ပြောင်းသွားတဲ့ရွာသားတွေကလည်း သူတို့ရွာကို ပြန်မရသေးဘူး။ တရုတ်အလုပ်သမားတွေလည်း ရှိနေတယ်။ တရုတ်ကုမ္ပဏီ ကားတွေကလည်း မြို့ထဲသွားသွားလာလာ လုပ်နေတာ တွေ့နေရတယ်။ ဒါကြောင့် မြစ်ဆုံရေကာတာ လုံးဝ ရပ်တန့်သွားတာကို မတွေ့ရသေးဘူး။”

စီပီအိုင်ကုမ္ပဏီဟာ မြစ်ဆုံဒေသမှာ သဘာဝပတ်ဝန်းကျင်သက်ရောက်မှု တိုင်းတာရေးလုပ်ငန်းကို လျှို့ဝှက်လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေတာကြောင့် မြစ်ဆုံနဲ့ ဧရာဝတီမြစ်ပေါ်က တခြားရေကာတာစီမံချက်တွေနဲ့ ပတ်သက်တဲ့ လူသိရှင်ကြား ထုတ်ပြန်အောင် တရုတ်အစိုးရက စီပီအိုင်ကုမ္ပဏီကို တောင်းဆိုပေးဖို့ လိုတယ်လို့ တိုက်တွန်းထားပါတယ်။

မြစ်ဆုံရေကာတာ တည်ဆောက်ရေးစီမံကိန်းကို အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လက်အောက်ရှိ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဌာနနဲ့ တရုတ် အစိုးရပိုင် စီပီအိုင် ကော်ပိုရေးရှင်းတို့က ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး စီမံကိန်းကို အေရှားဝေါလ်ကုမ္ပဏီက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ သမ္မတ ဦးသိန်းစိန်က သူ့သက်တမ်းမှာ ရပ်တန့်ဖို့ မနှစ်တုန်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်းပေါင်း ၇ ခုရှိပြီး မေခနဲ့မလိခပေါ်မှာ ရေကာတာ ၆ ခု တည် ဆောက်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013