DVB Logo
Home
မေးမြန်းခန်း
ကချင်တပ်မတော် နိုင်ငံရေးဆွေးနွေးဖို့ အာမခံချက်တိတိကျကျရလို
DVB
·
January 4, 2013
ကချင်တပ်မတော် နိုင်ငံရေးဆွေးနွေးဖို့ အာမခံချက်တိတိကျကျရလို
Donate to DVB

အစိုးရတပ်တွေနဲ့ ကေအိုင်အိုအကြား တိုက်ပွဲတွေ ရပ်စဲဖို့အတွက် အချက် ၂ ချက်ကို ကေအိုင်အိုဌာချုပ်လိုင်ဇာမှာ ကေအိုင်အိုခေါင်းဆောင်တွေနဲ့ မနေ့က တွေ့ဆုံဆွေးနွေးရာမှာ တွေ့ရှိခဲ့တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးက ပြောပါတယ်။

အဲဒါကတော့ အစိုးရဘက်က တိုက်ပွဲအရှိန်လျော့ချဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ပါမယ်ဆိုတဲ့ ကတိက၀တ်၊ အာမခံချက် တိတိကျကျပေးရေးဖြစ်တယ်လို့ ဦးမြအေးက ပြောပါတယ်။

[caption id="attachment_27745" align="alignright" width="150" caption="၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး"][/caption]

မနှစ်က ရွှေလီမှာ နှစ်ဖက်တွေ့စဉ်က နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်မယ်လို့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ကတိပေးပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇင်ဘာလကုန်ပိုင်းမှာတော့ ဦးအောင်မင်းက ကေအိုင်အိုကို ဆွေးနွေးရအောင် ဖိတ်ခေါ်သလို တပ်မတော်က ကေအိုင်အိုဌာနချုပ်အနီးက စခန်းတွေကို လေယာဉ်ပျံအကူအညီပါသုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။

လိုင်ဇာဌာနချုပ်အနီးက စစ်ရှောင်ဒုက္ခသည်စခန်းတွေမှာ ကလေးလူကြီးမရွေး ဗုံးခိုကျင်းတွေတူးပြီး စိတ်သောကများနေတာကို တွေ့ရတယ်လို့လည်း ဦးမြအေးက ပြောပါတယ်၊

ကေအိုင်အိုဌာနချုပ်ကိုသွားရောက်ပြီး ကေအိုင်အိုခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ ၈၈ မျိုးဆက်ကျောင်းသား ငြိမ်းချမ်းရေး တာဝန်ခံ ဦးမြအေးကို ဆက်သွယ် မေးမြန်းထားပါတယ်။

လိုင်ဇာခရီးစဉ်အကြောင်း စပြောပြပေးပါ။

“ဒီဘက်မှာ စစ်ရှိန်တွေမြင့်နေပြီးတော့ လေယာဉ်ပျံသုံးတာတွေပါဖြစ်နေတဲ့ အချိန်အခါမျိုးမှာ ကျနော်တို့အနေနဲ့ စစ်ရှိန်ကို ဘယ်လိုလျှော့ချလို့ရမလဲ။ လက်ရှိ လိုင်ဇာမှာရှိနေတဲ့ ဒေသခံပြည်သူတွေရဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေတွေကို သိချင်လို့ ၈၈ မျိုးဆက်ကျောင်းသားများ mission အနေနဲ့လာခဲ့တာပါ။”

မနေ့က ဗိုလ်ချုပ်ဂွမ်မော်နဲ့တွေ့တယ် ကြားတယ်။ ဘာတွေ ဆွေးနွေးဖြစ်ပါလဲ။

“မနေ့က ဗိုလ်ချုပ် ဂွမ်မော်၊ ဦးလနန်တို့နဲ့ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး စကားပြောဖြစ်ပါတယ်။ အဓိကတော့ စစ်ကို ရပ်တန့်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ လမ်းစကို ရှာတာပါ။ အဲအပေါ်မူတည်ပြီး စကားတွေပြောဖြစ်တာပါ။”

သူတို့ရဲ့ အနေအထားရော ဘယ်လိုရှိလဲ။ သူတို့အနေနဲ့ စစ်ကိုရပ်ဆိုင်းချင်တယ်ဆိုတဲ့ ဆန္ဒရှိလား။ ဘယ်လို ရပ်တည်ချက်မျိုး ရှိလဲ။

“ကျနော့်အမြင်ပြောရရင် စစ်ကိုရပ်ဆိုင်းချင်တဲ့ ဆန္ဒရှိတယ်ဆိုတာ ထင်ထင်ရှားရှား တွေ့ရပါတယ်။ ဒါပေမယ့် တခုရှိတာပေါ့ဗျာ။ စစ်ဆိုတာ ရပ်ဟေ့ ရပ်ဟေ့ အဲလိုပြောလို့မှမရတာ။ စစ်ဘာကြောင့်ဖြစ်သလဲ.ဟုတ်လား။ လတ်တလော စစ်ရပ်ဆိုင်းနိုင်ဖို့ အချက် ၂ ချက် တွေ့ရပါတယ်။ နံပါတ် ၁ အချက်က လက်ရှိ ထိုးစစ်အရှိန်ကို ချဖို့။ နံပါတ် ၂ အချက်က နိုင်ငံရေးပဋိပက္ခတွေကို ပြေလည်အောင် ဖြေရှင်းနိုင်မယ့် ဆွေးနွေးပွဲလုပ်ပါမယ် ဆိုတဲ့ ကတိက၀တ် အာမခံချက် တိတိကျကျ ပေးမယ်ဆိုရင် ဒီစစ်ကို ရပ်ဆိုင်းလို့ရပါလိမ့်မယ်။ ဒါကိုတော့ အတိအလင်း ဗိုလ်ချုပ် ဂွမ်မော်၊ ဦးလနန်တို့ဆီက ရခဲ့ပါတယ်။”

တခြား ဘာများ ဆွေးနွေးဖြစ်ပါသေးလဲ။

“ထူးခြားချက်တရပ်အနေနဲ့ကတော့ အစိုးရစစ်သား အယောက် ၃၀ ပြန်ပို့ဖို့ ကိစ္စ ဆွေးနွေးဖြစ်ပါတယ်။ ဗိုလ်ချုပ် ဂွမ်မော်တို့ဘက်က ကမ်းလှမ်းလာတာက ကျနော်တို့ ခေါ်သွားမယ်ဆို ခေါ်သွားလို့ရတယ်တဲ့။ ပြဿနာက ဘာရှိလဲဆိုတော့ အစိုးရဘက်ကို လက်ခံဖို့ ကိစ္စ ကြိုးစားနေတယ်။ ဒီဘက်ကနေ ခေါ်သွားမယ်ဆိုရင် ကျယ်ခေါင်ထိခေါ်သွားပြီး ဟိုဘက်ကို အပ်ရမယ်။ ဟိုဘက်က လက်ခံမယ် မခံဘူးဆိုတာ အကြောင်းပြန်မလာသေးတော့ ဒါလုပ်လို့မရဘူး။ အခုလက်ရှိအချိန်ထိတော့ အကြောင်းပြန်ကြားချက် တစုံတရာမရသေးဘူး။ ရမယ်ဆိုရင် စစ်သုံ့ပန်းအနေနဲ့ ဖမ်းထားတဲ့ အစိုးရတပ်က အယောက် ၃၀ နီးပါးကို တခါတည်း ခေါ်သွားလို့ ရပါတယ်။”

အခုလိုင်ဇာမှာဆိုတော့ လိုင်ဇာရဲ့ စစ်မြင်ကွင်းတွေ ဘယ်လိုမြင်ခဲ့ရလဲ။

“ကျနော် ဇူလိုင်လ လိုင်ဇာရောက်ချိန်မှာ စစ်အရှိန်က မြင့်တော့မမြင့်သေးဘူး။ ဖြစ်တော့ဖြစ်နေကြပြီ။ အခုအချိန်နဲ့ တော်တော်ကွာပါတယ်။ အဲအချိန်ကလောက် စည်စည်ကားကား မရှိတော့ဘူး။ ည ၉ နာရီဆို အပြင်ထွက်လို့မရတော့ဘူး။ တိတ်တိတ်ဆိတ်ဆိတ် ဖြစ်ကုန်ကြပြီ။ မနေ့ည ထူးခြားချက်အနေနဲ့ကတော့ လက်နက်ကြီးကျတဲ့အသံ ကျနော်ကြားပါတယ်။ အခုတော့ ဘာသံမှမကြားပါဘူး။ စစ်ပြေးဒုက္ခသည်စခန်း ၃ ခုကို ရောက်ခဲ့တယ်။”

စစ်ပြေးဒုက္ခသည်စခန်းအခြေအနေရော ပြောပြပေးပါ။

“စစ်ပြေးဒုက္ခသည်စခန်းကတော့ ဘာမှကောင်းတာမရှိဘူး။ ထူးခြားချက်ကတော့ ကလေးတွေ လူကြီးတွေရာ ကတုတ်ကျင်းလေးတွေ တူးထားတာတွေ့ရတယ်။ ဗုံးခိုကျင်းတွေပေါ့။ လေယာဉ်တွေဘာတွေလာရင် ပုန်းဖို့ပြင်ထားတာပေါ့။ ဒုက္ခသည်တွေက ခြောက်ခြားနေကြတာပေါ့။ နဂိုကမှ မပြည့်မစုံနဲ့ စိုးရိမ်စိတ်တွေနဲ့ နေထိုင်နေရတော့ အခုက ပိုဆိုးတာပေါ့။ ပူပန်သောကတွေပါဝင်လာတယ်၊ အလိုလိုနေရင်း စိတ်ဒဏ်ရာ ရနေတာပေါ့။ ဒါကတော့ မကောင်းဘူး၊ ကလေးတွေရော ကျနော်တွေ့ခဲ့ရတာ။ အဲအခြေနေကို မကြိုက်ဘူး၊ စိတ်ထဲမှာလည်း မကောင်းဘူး။”

ရှေ့ဆက်ပြီး ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ် ရှိလဲ။

“ကျနော်တို့ဖြစ်ချင်တာက အဓိက ဒီစစ်ကို ရပ်ချင်တာ။ ဒါအတွက် လမ်းစတွေရှာပြီး အကြိမ်ကြိမ်ကြိုးစား လုပ်နေတာပါ။ ပွင့်ပွင့်လင်းလင်းပဲ ကျနော်ပြောမယ်။ ကျနော်တို့က ကေအိုင်အေဘက်က လိုက်နေတာလည်း မဟုတ်ဘူး၊ အစိုးရစစ်တပ်ဘက်ကလည်း မလိုက်နိုင်ဘူး။ ဘယ်ဘက်ကမှ မလိုက်ဘဲနဲ့ မျှမျှတတ အဖြေတခုကို ရှာသွားချင်တာပါ။ စစ်က နိုင်ငံရေးအဆက်ဖြစ်တယ်ဆိုရင် နိုင်ငံရေးပဋိပက္ခ ဖြေရှင်းတဲ့ ဆွေးနွေးပွဲတွေ၊ အာမခံချက်တွေကို ပေးမယ်ဆိုရင် ပြေလည်နိုင်မယ့် အခြေအနေကို ကျနော်တို့ သွားတွေ့ပါတယ်။ အာမခံချက်ပေးပြီးရင် တကယ်လည်း လုပ်ဖို့ လိုတယ်။ အဲလို အခြေအနေ ရှိပါလျက်နဲ့ ဘာလို့ ဆက်မိုက်မဲတဲ့ ထိုးစစ်တွေကို ဆင်နေကြမလဲ။ ရှင်းရှင်းပြောရရင် အစိုးရဘက်က စစ်သားတွေ ကျရင် ကျနော်တို့ လူတွေ ကျတာနဲ့ အတူတူပဲ။ ကေအိုင်အေဘက်က စစ်သားတွေ ကျတယ်ဆိုရင်လည်း ကျနော်တို့ လူတွေ ကျဆုံးတာနဲ့ အတူတူပဲလေ။ ဘာအကျိုးအမြတ်မှ မရှိဘူး။ အဲတော့ ဒီစစ်ကို ရပ်ချင်တယ်။ ဘာဖြစ်လို့ ဆက်မိုက်နေဦးမှာလဲ။

အစိုးရဘက်က သူတို့ ထိုးစစ်ဆင်တာမဟုတ်ဘဲ ခံစစ်ပဲလို့ ပြောနေတဲ့အပေါ်မှာ လက်တွေ့မှာ ဘယ်လို ကွာဟချက် ရှိနေလဲ။

“ကျနော် ဗိုလ်ချုပ်ဂွမ်မော်တို့နဲ့ တွေ့ခဲ့တယ်။ အစိုးရစကား မှန်၏၊ မှား၏။ ဒီဘက်ကစကား မှန်၏၊ မှား၏ ဆိုတာထက် ခံစစ်ပဲ ပြောပြော၊ ထိုးစစ်ပဲ ပြောပြော ဒီစစ်ကို ရပ်လိုက်ပါလို့ပဲ ကျနော်ပြောချင်တယ်။ ရိုးရိုးဝန်ခံရရင် စစ်ရေးစစ်ရာနဲ့ပတ်သက်ပြီး  ကျနော်မကျွမ်းကျင်ဘူး။ မကျွမ်းကျင်တော့ အစိုးရဘက်ကတော့ ခံစစ်လို့ ပြောတယ်၊ ဒီမှာတွေ့တာကလည်း ဘယ်လိုပြောလဲဆိုတော့ လိုင်ဇာရဲ့ ကာထားတဲ့ စခန်းတွေကို သိမ်းတာ။ သိမ်းတယ်ဆိုတဲ့အခါမှာ လိုင်ဇာကို ခြိမ်းခြောက်သလို ဖြစ်နေတော့ လိုင်ဇာမြို့ကြီးပါ ချောက်ချားနေရတယ်။ နောက်ပြီး လေယာဉ်ပျံသုံးတာတွေလည်း လုပ်တယ်ဆိုတော့ အကုန်လုံးလည်း သိနေပါပြီ။ အဲတော့ ခံစစ်တွေ၊ ထိုးစစ်တွေ ကျနော်မငြင်းပါဘူး။ အဓိက ပြောချင်တာက စစ်ကို ရပ်လိုက်ဖို့ပဲ။ စစ်ကိုရပ်မယ်၊ နိုင်ငံရေးဆွေးနွေးပွဲတွေ စမယ်ဆိုရင် ကျနော်တို့ အဖြေတခု ရှာနိုင်မှာပါ။ အပြန်အလှန်ပြောပြီး ငြင်းခုံနေကြတာက ကျနော်တို့အတွက် ဘာအကျိုးကျေးဇူးမှ မရဘူးခင်ဗျ။”

တခြား ဘာများပြောချင်တာ ရှိပါသလဲ။

“တခုပြောချင်တာက ကေအိုင်အိုက အစိုးရတပ်သား ၃၀ လောက်ကို ကျနော်တို့ ယူသွားမယ်ဆိုရင် ခေါ်သွားလို့ ရပါပြီ၊ အများပြည်သူ သိအောင်သာ ပြောပေးပါ၊ အစိုးရဘက်က လက်ခံမယ်ဆိုရင် အယောက် ၃၀ ကို ကျနော်တို့ ခေါ်လာလို့တောင် ရပါတယ်။ အဲဒီအယောက် ၃၀ ကို အစိုးရဘက်က လက်ခံပေးဖို့ ခင်ဗျားတို့လည်း တွန်းတွန်းတိုက်တိုက်နဲ့သာ ပြောပေးပါလို့ ကျနော် ပြောချင်ပါတယ်။ ကျနော့်ဘက်ကတော့ ဘာအကြောင်းပြန်ကြားချက်မှ မရသေးဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013