DVB Logo
Home
မြန်မာသတင်း
တိုင်းပြည် ငြိမ်းချမ်းရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ရန် သမ္မတတိုက်တွန်း
DVB
·
January 4, 2013
တိုင်းပြည် ငြိမ်းချမ်းရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ရန် သမ္မတတိုက်တွန်း
1 / 3
Donate to DVB

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုင်းပြည်တည်ငြိမ် အေးချမ်းရေးအတွက်  ၀ိုင်းဝန်းပါဝင် ဆောင်ရွက်ကြဖို့ ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ပေးပို့တဲ့ သ၀ဏ်လွှာမှာ နိုင်ငံသားအားလုံးကို တိုက်တွန်း ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လွတ်လပ်ရေးရပြီးနောက် ခေါင်းဆောင်အချင်းချင်း မညီညွတ်မှု၊ ပြည်သူများ စည်းလုံးညီညွတ်ရေးအားနည်းမှု၊ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ ဖြစ်မလာဘဲ အိမ်နီးချင်းနိုင်ငံတွေထက် နောက်ကျကျန်ရစ်ခဲ့တဲ့ အကြောင်းနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအဖြစ် တည်ဆောက်နိုင်မှာ ဖြစ်တယ်လို့ သ၀ဏ်လွှာမှာ ပြောပါတယ်။

ဒါကြောင့် နိုင်ငံသားအားလုံး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ကိုယ်စီတာဝန်ရှိတယ်ဆိုတဲ့ အသိနဲ့ ၀ိုင်းဝန်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်း ပြောကြားပါတယ်။

အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ပါတီဌာနချုပ်မှာ  လွတ်လပ်ရေးအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားတခု ကျင်းပခဲ့ပြီး ပါတီနာယက ဦးတင်ဦးက  တိုင်းပြည်ငြိမ်းချမ်းတည်ငြိမ်မှု မရှိရင် လွတ်လပ်ရေးရဲ့ အကျိုးကို ခံစားရမှာမဟုတ်ဘူးလို့ သဘာပတိမိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

“ပြည်ထောင်စုတိုင်းရင်းသားအားလုံးဟာ မိမိတို့ဘ၀ မအေးချမ်း၊ မတည်ငြိမ်၊ မလုံခြုံရင်၊ တရားမျှတသည့် ဥပဒေ၏ အစောင့်အရှောက် အကာအကွယ်ကို မရရှိရင်၊ မတရား အတားအဆီး အပိတ်အပင်၊ အန္တရာယ်အမျိုးမျိုး၊ အချုပ်အနှောင် ခံထားရရင် နိုင်ငံတော်ရဲ့ လွတ်လပ်ရေးရရှိချက် ဆိုတဲ့ အကျိုးတရားဟာ ခံစား စံစားနိုင်ကြမယ် မဟုတ်ဘူး။”

အလားတူ   ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရတာ ၆၅ နှစ်ရှိပြီ ဖြစ်ပေမယ့် ပြည်သူလူထုဆင်းရဲတွင်းကလွတ်တဲ့နိုင်ငံဖြစ်အောင်၊   လူလားမြောက်တဲ့နိုင်ငံ ဖြစ်အောင် ကြိုးစားကြဖို့ လိုတယ်လို့ လွတ်လပ်ရေးမိန့်ခွန်းမှာ ပြောကြားသွား ပါတယ်။

“ကျမတို့နိုင်ငံဟာ တကယ့်ကို လွတ်လပ်တဲ့၊ လူလားမြောက်တဲ့ နိုင်ငံ၊ ရင့်ရင့်ကျက်ကျက်နဲ့ တိုးတက်မှုရှိတဲ့ နိုင်ငံဖြစ်အောင်လို့ တယောက်ချင်း တယောက်ချင်းကို လူလားမြောက်တဲ့ နိုင်ငံသူနိုင်ငံသားတယောက်၊ တခြားသူကို မှီခိုအားထားတဲ့ စိတ်တွေ ဖယ်ရှားနိုင်တဲ့ နိုင်ငံသူနိုင်ငံသား တယောက်ဖြစ်အောင် ကြိုးစားကြပါ။”

ဒါ့ပြင် လွတ်လပ်ရေးခေါင်းဆောင်ကြီးများရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အားလုံးမှာ တာဝန်ရှိတဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသွားပါတယ်။

မြန်မာနိုင်ငံဟာ  ဗြိတိသျှကိုလိုနီ နယ်ချဲ့လက်အောက်ခံဘ၀က လွတ်မြောက်တဲ့   ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို မြန်မာနိုင်ငံအနှံ့က မြို့ကြီး တွေမှာ အသီးသီးကျင်းပခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း လွတ်လပ်ရေးနေ့ ညစာစားပွဲကို ဒီနေ့ည  နေပြည်တော်မှာ ကျင်းပဖို့ရှိရာမှာ  နိုင်ငံရေးပါတီအသီးသီးက ခေါင်းဆောင်တွေကို  ဖိတ်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013