DVB Logo
Home
မေးမြန်းခန်း
မြန်မာနိုင်ငံ ပညာရေးအခြေအနေ မေးမြန်းချက် (၂-နိဂုံး) – ဒေါက်တာသိန်းလွင်
DVB
·
January 4, 2013
မြန်မာနိုင်ငံ ပညာရေးအခြေအနေ မေးမြန်းချက် (၂-နိဂုံး) – ဒေါက်တာသိန်းလွင်
Donate to DVB

မြန်မာ့ပညာရေးအခြေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ရဲ့ လုပ်ဆောင်ချက်တွေ အကြောင်း အဲဒီကော်မတီမှာပါဝင်တဲ့ ဒေါက်တာသိန်းလွင်ကို တွေ့ဆုံမေးမြန်းထားချက် အပိုင်း ၂-နိဂုံးဖြစ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တဖက်ကလည်း ပညာရေးမူဝါဒတွေပြောင်းသွားဖို့ လွှတ်တော်ပိုင်းကနေ ဆောင်ရွက်တယ်။ တဖက်မှာလည်း လက်တွေ့မှာ အကျိုးရှိတဲ့ ပညာရေးလုပ်ငန်းတွေလုပ်တယ်။ လက်တွေ့လုပ်ငန်းကတော့ ရန်ကုန်တက္ကသိုလ်ကို ပြုပြင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး ရန်ကုန်တက္ကသိုလ်ကို အရည်အချင်းမြင့်တဲ့တက္ကသိုလ်ဖြစ်အောင် ဆောင်ရွက်နေပြီ။ နောက် အသက်မွေးဝမ်းကျောင်းသင်တန်းပေါ့။ အဲဒါ မဲဆန္ဒနယ် ကော့မှူးမှာ ဒေါ်အောင်ဆန်းစုကြည်က ၉ ဧက ကျယ်တဲ့ ခြံဝယ်ထားတယ်။ အဲမှာ စာသင်ဆောင်တွေ ဆောက်နေပြီ။ ပြီးရင် လူငယ်တွေကို သင်တန်းလုပ်မယ်။ ဟိုတယ်ခရီးသွားလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ဒေသထွက်ကုန်အခြေခံတဲ့လုပ်ငန်းတွေ ပါမယ်။ အထူးသဖြင့် စိုက်ပျိုးရေးနည်းပညာသင်တန်းတွေပေးမယ်။ ကော့မှူးက စိုက်ပျိုးရေးအခြေခံတဲ့အတွက် စိုက်ပျိုးရေးလုပ်နိုင်တဲ့နည်းပညာတွေပေးပြီးတော့ လူငယ်တွေလည်း အသက်မွေးဝမ်းကျောင်းပညာတွေရမယ်။ ဒေသလည်း ဖွံ့ဖြိုးမယ်။ နောက် ပညာဒါနကျောင်းတွေက အခုဆိုရင် ရန်ကုန်တိုင်းမှာတင် ကျောင်းပေါင်း ၇၀ ကျော်ရှိတယ်။ တခြား တိုင်းနဲ့ပြည်နယ်တွေမှာလည်း ရှိတော့ အဲကျောင်းတွေကနေ လူငယ်တွေကို အရည်အချင်းမြင့်တဲ့ ပညာတွေရဖို့ပေါ့။ နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ ရည်မှန်းတာက အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို ဦးစားပေးမယ်။ လူငယ်တွေ အသက်မွေးဝမ်းကျောင်းနည်းပညာရရင် အလုပ်အကိုင်ဝင်ငွေ ရမယ်။ တိုင်းပြည်ရဲ့စီးပွားရေးလည်း တိုးတက်မယ်။ တဖက်ကလည်း Academic သွားချင်တဲ့ လူငယ်တွေလည်း အရည်အချင်းမြင့်မားတဲ့ တက္ကသိုလ်ပညာရအောင် လက်တွေ့ပိုင်းမှာဆောင်ရွက်ပါတယ်။ လက်တွေ့ပိုင်းအရရော မူဝါဒအပိုင်းရော ပြောင်းလဲအောင် ဆောင်ရွက်ပါတယ်။”

ဒေါက်တာသိန်းလွင်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကော်မတီမှာ လုပ်ဆောင်နေရတဲ့ ဆရာရဲ့ လုပ်ဆောင်မှု တနေ့တာပဲဖြစ်ဖြစ် ဘယ်လိုပုံစံမျိုးတွေလုပ်လဲဆိုတာ ရှင်းပြပါ။

“တနေ့တာအလုပ်ကတော့ ပညာဒါနကျောင်းတွေမှာ လိုအပ်တဲ့ စာအုပ်စာတမ်းတွေ၊ ကျောင်းသားတွေလိုအပ်တာတွေ ပေးရတယ်။ ဆရာတွေအတွက် သင်တန်းတွေပေးရတယ်။ ဒါတွေက နေ့စဉ်အလုပ်တွေပေါ့။ ကျောင်းတွေမှာ တစုံတရာ အခက်အခဲ ရှိလာရင် ညှိနှိုင်းဆောင်ရွက်ပေးရတာ ရှိတယ်။ ပညာရေးကော်မတီနဲ့ ပတ်သက်လို့ အခု ရန်ကုန်တက္ကသိုလ် ပြုပြင်ဖို့ နည်းလမ်းတွေပေါ့။ အခုဆိုရင် တက္ကသိုလ်ဥပဒေ ရေးဆွဲဖို့ ပညာရေးကော်မတီကနေ အကြံဥာဏ်ပေးထားတာတွေ ရှိတယ်။ နောက်ထပ်တိုးလာတာတခုက လွှတ်တော်ထဲမှာပဲ အတည်ပြုလိုက်တဲ့ မြန်မာနိုင်ငံပညာရေးဥပဒေ ပြဋ္ဌာန်းဖို့ ကော်မတီကနေ အကြံပြုထားတာရှိပါတယ်။ လွှတ်တော်ကပြဋ္ဌာန်းတဲ့ ပညာရေးဥပဒေက အထက်ကနေ ချမှတ်ပြီးတော့ အောက်ခြေကို ခိုင်းတာမဟုတ်ဘဲနဲ့ အောက်ခြေပြည်သူလူထုလိုလားချက်ကို အခြေခံတဲ့ ပညာရေးမူဝါဒဖြစ်ဖို့။ ဒါကို ပညာရေးကော်မတီလုပ်တာက ဒေသအသီးသီးမှာရှိတဲ့ ပညာရေးနဲ့ ပတ်သက်သူတွေ ကျောင်းသားတွေ၊ မိဘတွေ၊ ကျောင်းဆရာတွေ၊ ပညာရှင်တွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ သူတို့ဆီကနေ မြန်မာနိုင်ငံ ပညာရေးနဲ့ ပတ်သက်လို့ သူတို့ဒေသမှာ သူတို့ကလေးတွေနဲ့ ပတ်သက်လို့ ပညာရေး ဘယ်လိုဖြစ်သင့်တယ် ဆိုတဲ့ အကြံဥာဏ်တွေ စုဆောင်းနေပါတယ်။ အဲအကြံဥာဏ်တွေအခြေခံပြီးတော့မှ မြန်မာနိုင်ငံပညာရေး မူဝါဒ မူကြမ်းကို ရေးဆွဲမယ်။ မူကြမ်းကို လွှတ်တော်တင်မယ်။ ကျနော်တို့ ဖြစ်စေချင်တာက ပြည်သူလူထုကလိုလားတဲ့ ပညာရေးစနစ်ကို လွှတ်တော်ကအတည်ပြုပေးဖို့ပေါ့။”

ဆရာတို့ လုပ်နေတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာရေးကော်မတီရဲ့ အဖွဲ့ဝင်တဦးအနေနဲ့ ကျောင်းတွေကိုလည်း ကြီးကြပ်ရတယ်၊ ဒေါ်အောင်ဆန်းစုကြည် ဖွင့်ထားတဲ့ အသက်မွေးဝမ်းကြောင်း သင်တန်းကျောင်းတွေရှိတယ်။ အဲဒီကျောင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ scholarship (ပညာသင်ဆု) နဲ့ ပြည်ပတက္ကသိုလ်တွေကို လွှတ်ပြီး အဲဒီကနေ ဘွဲ့ရလာတဲ့သူတွေကရော ပြန်ပြီးတာဝန်ထမ်းဆောင်တာမျိုးတွေ ရှိလား။

“ဘွဲ့ရပြီး ပြန်လာကြတဲ့ သူတွေက ဒေသအသီးသီးရဲ့ ပညာရေးလုပ်ငန်းတွေမှာ လုပ်တယ်။ နောက် လူထုအဖွဲ့အစည်းတွေမှာ သူတို့ ပါဝင်လုပ်ဆောင်တယ်။ အားတက်စရာ ကောင်းပါတယ်။ Prospect Burma Scholarship (ပညာသင်ဆု) နဲ့ ကျောင်းတက်တဲ့သူတွေက ပြန်လာကြတယ်။ တချို့လည်း နိုင်ငံခြားရောက်တဲ့သူတွေကလည်း ပြန်လာဖို့ ကမ်းလှမ်းတယ်။ အဝေးကနေပြီး သူတို့ အကြံဥာဏ်တွေ ပေးကြတယ်။ မကြာခင်မှာ scholarship (ပညာသင်ဆု) နဲ့ ကျောင်းတက်တဲ့သူတွေ ပြန်လာပြီး ပညာရေး ပြုပြင်ပြောင်းလဲမှုမှာ သူတို့ကိုယ်တိုင် ပါဝင်ကြမှာပါ။”

ပညာရေးအခြေအနေနဲ့ ပတ်သက်ပြီး နောက်ဆုံး ဘာများပြောချင်တာ ရှိပါသလဲ။

“၂၀၁၃ မှာတော့ ပညာရေးပြုပြင်ပြောင်းလဲမှုတွေ ပိုပြီးတော့ မြန်ဆန်လာလိမ့်မယ်။ လူထုလှုပ်ရှားမှုတွေ ပိုပြီးတော့ များလာတဲ့အတွက် အစိုးရဘက်ကလည်း ပြုပြင်ပြောင်းလဲဖို့အတွက် ပါလာမယ်လို့ ကျနော်ယုံကြည်တယ်။ အစိုးရဘက်ကလည်း ပညာရေး ပြုပြင်ပြောင်းလဲမှုမှာ သူတို့ လုပ်ငန်းတွေကို ပြန်ပြီးတော့ လေ့လာနေတာမျိုးရှိတယ်။ ကျနော်တို့နဲ့လည်း လာပြီးတော့ ဆွေးနွေးပါတယ်။ လာမယ့် ၂၀၁၃ နှစ်လယ်လောက်မှာပဲ အန်အယ်လ်ဒီရဲ့ ပညာရေး ကွန်ရက်ရော၊ လူထုအဖွဲ့အစည်းတွေရော၊ အစိုးရပညာရေးဌာနရော ပါဝင်တဲ့ ပညာရေးဆွေးနွေးပွဲတရပ် ကျင်းပဖို့ တိုင်ပင်ထားတာ ရှိပါတယ်။ ကျနော်တို့ ပူးပေါင်းပြီး ပညာရေး ပြုပြင်ပြောင်းလဲမှု အတူတကွဆောင်ရွက်ဖို့ တိုင်ပင်စီစဉ်ထားပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013