DVB Logo
Home
မြန်မာသတင်း
အသံချဲ့စက်ကိစ္စ လွှတ်တော်တွင် မေးမြန်းခံရပါက အုပ်ချုပ်ရေးမှူးများကို အရေးယူမည်ဟု မွန်နယ်လုံဝန်ကြီးပြော
DVB
·
October 5, 2019
အသံချဲ့စက်ကိစ္စ လွှတ်တော်တွင် မေးမြန်းခံရပါက အုပ်ချုပ်ရေးမှူးများကို အရေးယူမည်ဟု မွန်နယ်လုံဝန်ကြီးပြော
Donate to DVB

သတ်မှတ်အသံနှုန်းထက် ကျော်လွန်တဲ့ အသံချဲ့စက်နဲ့ ဆောင်းဘောက် ဖွင့်တာတွေ လွှတ်တော်မှာ မေးခွန်းမေးမြန်းခံရရင် အုပ်ချုပ်ရေးမှူးတွေကို အရေးယူသွားမယ်လို့ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီးက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ အသံချဲ့စက်နဲ့ ဆောင်းဘောက် ဖွင့်တာတွေကို အခုနှစ် ပွင့်လင်းရာသီမှာ တင်းကျပ်စွာ ကိုင်တွယ်ဖို့အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့က စက်တင်ဘာ ၂၄ ရက်ကတည်းက သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားတာပါ။ 

ဒါကြောင့် သတ်မှတ်အသံနှုန်းထက် ကျော်လွန်တဲ့ အသံချဲ့စက်နဲ့ ဆောင်း‌ဘောက် ဖွင့်တာတွေကို လွှတ်တော်မှာ မေးခွန်းမေးမြန်းခံရရင် အုပ်ချုပ်ရေးမှူးတွေကို အရေးယူသွားမယ်လို့ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြောပါတယ်။

“ဒီလိုအဆင့်လေးတွေ ဆောင်ရွက်ထားဖို့ ညွှန်ကြားထားပြီးသား။ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ မြို့နယ်အဆင့်အထိကို ပြောထားတယ်။ နောက်တကြိမ် လွှတ်တော်မှာ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လို ဆောင်းဘောက်တွေ ဖွင့်ပါတယ်လို့ ထပ်ပြီးတက်လာခဲ့ရင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများကို ဆက်ပြီး အရေးယူသွားမယ်။ လုပ်ငန်းရှင်တွေ ရှိတယ်။ ဆောင်းဘောက်တွေ ငှားရမ်းတဲ့ လုပ်ငန်းရှင်တွေကို ခေါ်ယူပြီးတော့ တားမြစ်တယ်၊ ဒါမျိုး မလုပ်ရဘူးဆိုတာကို အသိပညာပေးတဲ့အနေနဲ့ တခါတည်း ဆောင်ရွက်ထားဖို့ မှာလိုက်ပါတယ်။ မှာထားပြီးတော့မှ ဆောင်ရွက်ခဲ့တယ်ဆိုရင် ဥပဒေအရ ထိထိရောက်ရောက် အရေးယူခံရမယ်ဆိုတာ တခါတည်း ညွှန်ကြားထားပါတယ်။”

ဒါ့အပြင် အခုလို ဆောင်ရွက်ရာမှာ အသံချဲ့စက်နဲ့ ဆောင်းဘောက် ငှားရမ်းနေတဲ့ လုပ်ငန်းရှင်တွေကို အသိပညားပေးတာ အရင်ဆုံး လုပ်ဆောင်ဖို့နဲ့ ညွှန်ကြားချက် မလိုက်နာရင် တခါတည်း အရေးယူသွားဖို့ ညွှန်ကြားပေးထားတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ အသံချဲ့စက် ဖွင့်လှစ်တာတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေပြီး ပါမစ်ရမှ ဖွင့်လှစ်ခွင့် ပေးအပ်နေတယ်လို့ မော်လမြိုင်မြို့နယ်၊ စစ်ကဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ထွဋ်က ဆိုပါတယ်။

“မြို့နယ်မှာ အစည်းအဝေး ခေါ်တဲ့အခါကျရင် သောကြာနေ့တိုင်းမှာ ကျနော်တို့ကို တင်းတင်းကျပ်ကျပ် ပြောထားတယ်။ ရပ်ကွက်မှာ လုပ်တဲ့အခါ ပါမစ်ယူဖို့၊ ဘာလုပ်လုပ် ခွင့်တောင်းရမယ်။ ဘုရားပွဲလှည့်မယ်ဆိုရင် မြို့နယ်ကို ပါမစ်အရင်တင်တယ်။ ကျနော်တို့က ထောက်ခံပေးရတယ်။ ကျတဲ့အခါ အသံချဲ့စက်ဖွင့်ဖို့ ပါမစ်လျှောက်လွှာ ဖြည့်ပေးတယ်။ ပါမစ် ပေးတယ်။”

မွန်ပြည်နယ်မှာတော့ သတ်မှတ်အသံနှုန်းထက် ကျော်လွန်တဲ့ အသံချဲ့စက်နဲ့ ဆောင်းဘောက်စ် ဖွင့်လှစ်တာကို အရေးယူပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက မွန်ပြည်နယ် လွှတ်တော်မှာ အဆို အောင်မြင်ထားပါတယ်။

ဇော်လွင်ထွတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013