DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း တရားမဝင်သစ်ခိုးထုတ်မှု မရှိစေရန် မြို့နယ်အလိုက် ကြပ်မတ်စစ်ဆေးမည်
DVB
·
October 5, 2019
စစ်ကိုင်းတိုင်းအတွင်း တရားမဝင်သစ်ခိုးထုတ်မှု မရှိစေရန် မြို့နယ်အလိုက် ကြပ်မတ်စစ်ဆေးမည်
Donate to DVB

စစ်ကိုင်းတိုင်းအတွင်း သစ်အများဆုံး ထွက်ရှိရာ ကသာခရိုင်၊ မုံရွာခရိုင်၊ ကလေးခရိုင်၊ တမူးခရိုင်၊ ခန္တီးခရိုင်တွေမှာ တရားမဝင်သစ်ခိုးထုတ်သယ်ယူမှုတွေ အများဆုံးဖမ်းဆီး ရမိနေပြီး မြို့နယ်အလိုက် ကြပ်မတ်စစ်ဆေးသွားမယ်လို့ နယ်လုံဝန်ကြီးက ပြောပါတယ်။

တရားမဝင် သစ်ခိုးထုတ်သယ်ယူတာတွေက အခုနောက်ပိုင်းမှာ အလွယ်တကူဝယ်ယူနိုင်တဲ့ လိုင်စင်မဲ့ မော်တော်ယာဉ်တွေအသုံးပြုပြီး ပုံစံအမျိုးမျိုးနဲ့ ခိုးထုတ်သယ်ယူနေကြတာ ဖြစ်ပါတယ်။

ပင်လည်ဘူးမြို့နယ်မှာ မူးယစ်ဆေးဝါးနှင့် တရားမဝင် သစ်ခိုးထုတ် သယ်ယူနေတာတွေက လိုင်စင်မဲ့ မော်တော်ယာဉ်အမျိုးမျိုးကို သုံးစွဲဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် အစိုးရအနေနဲ့ စိစစ်ကြပ်မတ် ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေးကို ပင်လည်ဘူးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးသန်းလှိုင်က ၂၁ ကြိမ်မြောက် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၆ ရက်မြောက်မှာ မေးမြန်းခဲ့တာပါ။

“လိုင်စင်မဲ့ မော်တော်ယာဉ်ကိစ္စကို အချိန်မီ မကိုင်တွယ်နိုင်ဘူးဆိုရင် တရားမဝင် သစ်မှောင်ခိုကူးမှု၊ မူးယစ်ဆေးဝါး သယ်ဆောင်မှုမှာ တရားမဲ့ဖြစ်နေဦးမှာပဲ။ ဖမ်းဆီးရေး အဖွဲ့နဲ့ တွေ့ရင်လည်း ပစ္စည်းကော ယာဉ်ပါ ထားပြီး ထွက်ပြေးတဲ့အတွက် ကွင်းဆက်လိုက်ရတာလည်း ခက်နေတယ်။ ဒီနေရာမှာ လိုင်စင်ရှိတဲ့ယာဉ်ဆိုရင် လိုက်ရတာ လွယ်တယ်။ ဒါကြောင့် မေးမြန်းရတာဖြစ်တယ်” လို့ ဦးသန်းလှိုင်က ပြောပါတယ်။

လိုင်စင်မဲ့ မော်တော်ယာဉ်တွေနဲ့ပတ်သက်လို့ မြို့နယ်တိုင်းမှာလည်း စစ်ဆေးရေးအဖွဲ့တွေနဲ့ စိစစ်ကြပ်မတ်သွားမယ်လို့ ဝန်ကြီးက ကိုယ်စားလှယ်ရဲ့ အမေးကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

“စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်များနဲ့ သစ်မှောင်ခိုများ ပပျောက်စေရေး အခြားတရားမဝင်လုပ်ငန်းများ ပါဝင်ဆက်စပ်မှုမရှိစေရေးအတွက် ရပ်ကျေးအုပ်ချုပ်ရေးမှုးများ၊ အမာခံသတင်းပေးများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီးတော့မှ မြို့နယ်အလိုက် စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် တရားမဝင်လုပ်ငန်းတွေ ပပျောက်စေရေး ဒေသခံကိုယ်စားလှယ်များ၊ ပြည်သူများ ပူးပေါင်ပါဝင်ခြင်းနဲ့လည်း ဆောင်ရွက်သွားမယ်”  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်က ပြန်လည်ဖြေကြားခဲ့တာပါ။

စစ်ကိုင်းတိုင်းမှာ တရားမဝင်သစ်ဖမ်းဆီးမှုအနေနဲ့ ၂၀၁၈ ခုနှစ်မှာ ၅၄၂ မှု၊ တရားခံ ၆၉၀ ဦး၊ သစ်တန်ပေါင်း ၁၀၆၉ ဒသမ ၇ တန်ဖမ်းဆီးနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အမှုပေါင်း ၃၁၈ မှု၊ တရားခံ ၃၄၁ ဦး၊ သစ်တန်ပေါင်း ၁၉၄၆ ဒသမ ၅ တန်ထိ ဖမ်းဆီးရမိထားပါတယ်။ 

ပြစ်မှုကျူးလွန်သူတွေက လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို သုံးတာများတဲ့အတွက် ၂၀၁၈ ခုနှစ်မှာ လိုင်စင်မဲ့မော်တော်ယာဉ်ပေါင်း ၅၄၂ စီး၊ ၂၀၁၉ ခုနှစ်မှာ လိုင်စင်မဲ့ မော်တော်ယာဉ်ပေါင်း ၃၃၀ စီး ဖမ်းဆီးအရေးယူထားတယ်လို့ တိုင်းရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။ 

တရားမဝင် သစ်ခိုးထုတ်ယူမှုတွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းမှာ နှစ်စဉ် တိုးတက် ဖမ်းဆီးရမိနေပါတယ်။ သစ်တွေကို ခုတ်လှဲ သယ်ယူပြီးမှ ဖမ်းမိတာထက် မခုတ်ခင်ကတည်းက ထိထိရောက်ရောက် စောင့်ကြည့်ကြပ်မတ် တားဆီးကြဖို့ကိုလည်း နိုင်ငံတော်သမ္မတက ညွှန်ကြားထားပါတယ်။ 

လတ်တလောမှာတော့ ဝန်ထမ်းအင်အား နည်းပါးတဲ့အတွက် စစ်ကိုင်းတိုင်း သစ်တော ဦးစီးဌာနက ဝန်ထမ်းအင်အား ဖြည့်တင်းနိုင်ရေးကိုလည်း လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013