DVB Logo
Home
Lead Story
ဈေးကွက်အပြင်ဘက်က စစ်ရှောင်အမျိုးသမီးများ၏ ထုတ်ကုန်များ
DVB
·
October 5, 2019
ဈေးကွက်အပြင်ဘက်က စစ်ရှောင်အမျိုးသမီးများ၏ ထုတ်ကုန်များ
Donate to DVB

သက်လတ်ပိုင်း အမျိုးသမီးတစ်စု ဝိုင်းဖွဲ့ထိုင်ကာ အနက်ရောင် အထည်စများကို ချုပ်လုပ်နေကြသည်။ ကချင်ရိုးရာ ခေါင်းပေါင်းများကို လက်ချုပ် ချုပ်နေကြခြင်း ဖြစ်သည်။ သူတို့ မျက်နှာများတွင်တော့ အပြုံးကင်းမဲ့နေသည်။ ၎င်းတို့အလယ်တွင် ဖြတ်လက်စ အထည်အပိုင်းအစများ၊ ပေတံ၊ ကတ်ကြေးနှင့် အပ်စိုက်ထားသော ရောင်စုံအပ်ချည်လုံးများ ရှိနေသည်။ မလှမ်းမကမ်းတွင်တော့ ကလေးငယ်များက ဆူညံစွာ ဆော့ကစားလျက်။

ထိုနေရာသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အတွင်းရှိ စိန့်ဂျိုးဇက်စစ်ရှောင်စခန်းမှ အမျိုးသမီးစင်တာ အဆောင်တစ်ခုထဲတွင် ဖြစ်သည်။ ယင်းအမျိုးသမီးများသည် တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် လွန်ခဲ့သော တစ်နှစ်ခွဲခန့်မှ စတင်ကာ အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ကျေးရွာများကို စွန့်ခွာထွက်ပြေးလာသူများ ဖြစ်ကြသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ IDP စခန်းများတွင် စစ်ရှောင်ပြည်သူများ စတင်ခိုလှုံစဉ်က အစိုးရ အပါအဝင် နိုင်ငံတကာအလှုရှင်များ၏ ထောက်ပံ့မှုများ ရှိခဲ့သည်။ သို့သော် နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ ထောက်ပံ့မှုများ တစ်စတစ်စ လျော့နည်းလာချိန် စစ်ရှောင်စခန်းများတွင် ခိုလှုံနေရသော မိသားစုများ၏ နေ့စဉ် စားဝတ်နေရေးအတွက် ငွေကြေးလိုအပ်ချက်များ မြင့်မားလာနေသည်။ သို့ဖြစ်၍ စခန်းအတွင်းရှိ အမျိုးသမီးများမှာ ဈေးကွက်အတွင်းသို့ ထိရောက်စွာ ထိုးဖောက်နိုင်ခြင်း မရှိသေးသော တနိုင်တပိုင် အိမ်တွင်းစီးပွားထုတ်ကုန်လုပ်ငန်းများကို မျှော်လင့်တကြီး လုပ်ကိုင်နေကြခြင်း ဖြစ်သည်။


“အပြင်ကိုတော့ မရောင်းဘူး။ စခန်းနေတဲ့သူ အချင်းချင်း သိတဲ့လူက လာဝယ်တာ။ တစ်ခုကို ရှစ်ရာ၊ တစ်ထောင်လောက်တော့ ရှိတယ်” ဟု ကချင်အမျိုးသမီး ဒေါ်လုမိုင်က ခေါင်းပေါင်းလုပ်ရန် အထည်စကို ကတ်ကြေးဖြင့် ညှပ်ရင်း ပြောသည်။

ဒေါ်လုမိုင်တို့ ပြုလုပ်သကဲ့သို့ ကချင်ရိုးရာ ခေါင်းပေါင်းတစ်ခုကို မြစ်ကြီးနားမြို့ပေါ်ရှိ အထည်ဆိုင်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များတွင် ကျပ် ၂၅၀၀ မှ ၃၀၀၀ ဝန်းကျင်အထိ ရောင်းချနေကြသည်ကို စခန်းနေ အမျိုးသမီးများ မသိ၍တော့ မဟုတ်။ ဝယ်သူ နည်းပါးလွန်းပြီး သင့်တင့်သော တန်ဖိုးနှုန်းထားမရသော အခြေအနေများက လုပ်အားဖြင့် အိမ်တွင်းစီးပွား ရှာဖွေနေသော စစ်ရှောင်စခန်းနေ အမျိုးသမီးများ၏ ကြိုးစားသလောက် ခံစားခွင့်မရသော ဘဝများကို မီးမှောင်းထိုးပြလျက် ရှိနေသည်။

ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းများတွင် အိမ်တွင်းအသက်မွေးလုပ်ငန်းများဖြင့် စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေရရန် ကြိုးစားနေသူ အမျိုးသမီးများစွာ ရှိနေသည်။ ရိုးရာလက်ရက်ကန်း၊ အာလူးကြော်၊ ဆပ်ပြာရည်၊ ဝက်မွေးမြူရေး၊ ခြင်းတောင်းယက်လုပ်ခြင်း စသည်ဖြင့် တတ်စွမ်းသမျှ လုပ်ဆောင်နေကြခြင်းသာ ဖြစ်သည်။ သို့ရာတွင် ယင်းတို့၏ စီးပွားရေး အနာဂတ်သည်ကား မသေချာ မရေရာ။

ကချင်ရိုးရာခါးစည်း (Shingkyit) ကို လက်ဖြင့် ရက်လုပ်ရခြင်းသည် အလွန်အနုစိတ်ပြီး လက်ဝင်လှသဖြင့် တစ်ခုပြီးစီးရန် ဆယ်ရက်ခန့် ကြာမြင့်တတ်သည်။ တစ်ခုလျှင် ကျပ်နှစ်သောင်းခန့် ရရှိသော်လည်း ချက်ချင်း မရောင်းရသဖြင့် ဝယ်သူအလာကို စောင့်မျှော်ရသည်ဟု ဆိုလာသူက အသက် ၆၇ နှစ်အရွယ် ဒေါ်ဂျာမိုင် ဖြစ်သည်။

စစ်ရှောင်စခန်းများတွင် သင်တန်းဆရာမအဖြစ် သုံးနှစ်ကြာ တာဝန်ယူခဲ့သော ပညာရေးအဖွဲ့အစည်းတစ်ခု၏ နည်းပြဆရာမတစ်ဦးကတော့ “သူတို့က ဆိုင်မှာ သွားသွင်းရင် ဒီမြစ်ကြီးနားမှာတောင် သွင်းလို့ မရဘူးတဲ့၊ သူ့ဖောက်သည်နဲ့ သူ ကိုက်ပြီးသားတဲ့၊ စခန်းက လူတွေ ထုတ်တာမျိုးက ဒီဇိုင်းပိုင်းအရ ခက်တာမျိုး၊ ဒီဇိုင်း သေချာ မထုတ်တာမျိုးလည်း ရှိနေတယ်။ဆိုင်တွေက လက်မခံဘူးဆိုတာက ဒီတစ်ယောက်ကို သွင်းမယ်ဆိုရင် သူတို့ဆိုင်ကို အမြဲသွင်းတဲ့ လူတစ်ယောက်ကို ဖြုတ်ရတော့မယ် ဖြစ်သွားတာ။ သိသိကြီးနဲ့ ဈေးနှိမ်ခံရတယ်ဆိုတာက ဆိုင်မှာသွားသွင်းလည်း မရတော့ အဲဒီအတိုင်း လျှော့ဈေးနဲ့ ရောင်းနေရတာ” ဟု သူ့အတွေ့အကြုံကို ပြောသည်။

ကချင်ပြည်နယ်တွင် စစ်ရှောင်စခန်း ၁၃၀ ကျော်ရှိပြီး စစ်ရှောင်အမျိုးသမီးဦးရေမှာ ထက်ဝက်ကျော် ရှိနေသည်။ အဆိုပါ အမျိုးသမီးများအတွက် နိုင်ငံတကာ ကြက်ခြေနီကော်မတီ(ICRC) ကဲ့သို့သော INGO အဖွဲ့များ၊ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ကဲ့သို့သော ဘာသာရေး အဖွဲ့အစည်းများ၊ ဂရုဏာ လူမှု စည်းလုံး ညီညွတ်ရေးအသင်း KMSS ကဲ့သို့သော လူမှုအဖွဲ့အစည်းများက အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ သင်တန်းများကို အလျဉ်းသင့်သလို ပေးလျက်ရှိသည်ဟု ယင်းသင်တန်းများတွင် တက်ရောက်နေကြသူများကဆိုသည်။

“NGO တွေ၊ UN တွေက အသက်မွေးဝမ်းကျောင်းအတွက် ပရောဂျက်တွေ လုပ်လို့ရှိရင် သူတို့ စိတ်ဝင်စားတဲ့၊ရွေးချယ်လိုက်တဲ့ အရာတွေ ရှိတယ်။ အဲဒီလို လုပ်တဲ့ အချိန်မှာ ရန်ပုံငွေကို ထောက်ပံ့ပေးတာ၊ ဥပမာ ဆပ်ပြာလုပ်တဲ့ သင်တန်းဆိုရင် ဓာတ်ခွဲတာ၊ ဓာတ်ခွဲတော့ မှတ်ပုံတင်ရတယ်။ စူပါမားကက်ထဲမှာ ရောင်းနိုင်တဲ့ အဆင့်ပေါ့နော်။ သင်တာပဲ ပြီးသွားတယ် မဟုတ်ဘဲနဲ့ ပရောဂျက်ထဲမှာ နည်းပညာပံ့ပိုးမှုတွေ အားလုံး ပါရမှာ။ ဆိုင်က လူတွေကလည်း တင်ပေးတာမျိုး၊ ထားပေးတာမျိုး၊ စားသုံးသူတွေကလည်း သုံးပေးရမှာ” ဟု Kachin Development Network Group မှ အမျိုးသမီးညှိနှိုင်းရေးမှုး မအောင်ဂျာက မှတ်ချက်ပြုသည်။

ပြီးခဲ့သော၂၀၁၁ ခုနှစ်မှ စတင်ကာ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကချင်ပြည်တွင် စစ်ရှောင်ပြည်သူဦးရေ ၉၇၆၀၀ ခန့်ရှိသည်ဟု ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်းစာနာရေးရာညှိနှိုင်းရေးမှုးရုံး (UN-OCHA) ၏ ၂၀၁၉ ဇွန်လ ၃၀ ရက်အထိ စာရင်းများအရ သိရသည်။ အဆိုပါ စစ်ရှောင်ပြည်သူများအတွက် အစောပိုင်းက ထောက်ပံ့မှုများ ရှိပေမယ့် ၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် လျော့နည်းလာခဲ့သည်ဟု စခန်း တာဝန်ခံများက ဆိုသည်။

လက်ရှိအချိန်တွင် စစ်ရှောင်စခန်းအများစုတွင် စားနပ်ရိက္ခာ ထောက်ပံ့မှုများမရှိတော့ဘဲ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ထောက်ပံ့ပေးနေသော လူတစ်ယောက်လျှင် တစ်လ ကျပ်တစ်သောင်းဝန်းကျင် ထောက်ပံ့ငွေသာ ရရှိတော့သည်။

Kachin State Women Network မှ စီမံကိန်းညှိနှိုင်းရေးမှုး  မဆောင်းဝင်းက “ကျွန်မ အမျိုးတွေထဲမှာ IDP (ပြည်တွင်းအိုးအိမ်မဲ့ စစ်ပြေးဒုက္ခသည်များ) တွေ အများကြီး ရှိတယ်။ သူတို့ လာပြောတာ။ စီးပွားရေး သွားရှာရင်တောင်မှ သူတို့ကို ထုတ်ပေးတဲ့နေ့မှာ အဲဒီနာမည်ပေးထားတဲ့ သူက မရှိရင် အဲဒီနေ့က မရတော့ဘူး။ အဲဒီထုတ်ပေးမယ့်သူကို နာမည်တွေ ပေးထားရတာ။ ကလေးတွေက မပါဘူးဆိုရင် သွားထုတ်ရင် မရဘူး။ အပြင်ကို ပိုက်ဆံရှာထွက်တဲ့ သူတွေဆို သူတို့ကို ထုတ်ပေးတဲ့နေ့ဆို ချက်ချင်း ပြန်လာရတာ။ ဟိုမှာ အလုပ်က မပြတ်သေးဘူး။ ဥပမာ တရုတ်တွေဆီမှာ ကြံခင်း စိုက်တယ်။ပြန်လာရင် စရိတ်စကနဲ့ အခက်အခဲ ရှိတယ်။ လူကုန်ကူးမှုတွေက အဲဒီကနေ စတာ။ အဲဒါကြောင့် IDP တွေရဲ့ အသံကို ဂရုစိုက်ပေးဖို့ လိုတယ်” ဟု ဆိုသည်။

ယင်းသို့သော အခြေအနေများက စစ်ရှောင်အမျိုုးသမီးများကို အသက်မွေးဝမ်းကျောင်းပညာရပ် သင်ကြားပို့ချပေးသော သင်တန်းများတွင် ယုံကြည်မှု နည်းပါးလာနေသော အခြေအနေတစ်ရပ်ကိုလည်း တွန်းပို့လျက်ရှိနေသည်။

ထို့ကြောင့် စားဝတ်နေရေး ပြေလည်ရန် စစ်ရှောင်အမျိုးသမီးများ လုပ်နေသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်အတွက် NGO, INGO အဖွဲ့များက စီမံကိန်းများဖြင့် လုပ်ဆောင်နိုင်ရန် အစိုးရအနေဖြင့် ကန့်သတ်ချက်များကို ဖြေလျော့ပေးသင့်သည် ဟု Kachin Women Union မှ စီမံကိန်းမန်နေဂျာ ဒေါ်ဆိုင်းခေါန်က ပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ အမျိုးသမီးအရေးကို ဆောင်ရွက်ပေးနေသော Kachin Women Association မှဒေါ်လယန်ဆိုင်းနန်ကတော့ “လက်ရှိ အစိုးရအနေနဲ့ လုပ်လို့ သာကောင်းတယ်။ လုပ်နိုင်တဲ့ အခွင့်အလမ်းလည်း ဖြစ်တယ်။ တကယ့် NASPAW (အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း) ကို အကောင်အထည်ဖော်မယ်ဆိုရင် အမျိုးသမီးတွေအတွက် အသက်မွေးဝမ်းကျောင်း ဆိုတာလည်း ပါတယ်။ အစိုးရအနေနဲ့ တကယ် လုပ်မယ်ဆိုရင် ဥပမာ လေဆိပ်မှာပေါ့နော်၊ ဧည့်သည်တွေ ထိုင်တဲ့နေရာမှာပေါ့နော်။ IDP တွေအတွက် အရောင်းပြခန်းလေး လုပ်ပေးရင် ဘယ်လောက်ကောင်းမလဲ။ တကယ့် ပါကင်လှလှရေးနဲ့ ရောင်းမယ်ဆိုရင် နိုင်ငံခြားဧည့်သည်တွေအတွက်လည်း Eco Tourism လည်း ဖြစ်သွားနိုင်တယ်” ဟုအကြံပြုသည်။

ယင်းသို့ လုပ်ဆောင်ခြင်းအားဖြင့် IDP များအတွက် ဝင်ငွေ တိုးတက်လာမည်ဖြစ်သလို လုပ်ငန်းလုပ်ကိုင်စေရန် မက်လုံးတစ်ခုလည်း ဖြစ်လာနိုင်သည်ဟု လူမှုအဖွဲ့အစည်းများက သုံးသပ်ကြသည်။ ထို့ပြင် စိတ်ဓာတ်မြှင့်တင်ရေးတွင်လည်း အထောက်အကူ ဖြစ်လာမည်ဖြစ်ပြီး စစ်ရှောင်များ၏ ထုတ်ကုန်များကို အရည်အသွေး ကောင်းမွန်စွာ ထုတ်လုပ်နိုင်ရေးသာမက ဈေးကွက်ကိုပါ ရှာပေးမှသာ ယင်းတို့နေရပ်ပြန်ချိန်တွင် မိမိဘာသာ ရပ်တည်နိုင်မည်ဟု သုံးသပ်ကြသည်။

ဒေါ်လုမိုင်ကတော့ “ငါတို့ရွာမှာ တောင်ယာ လုပ်စားတာ။ ဒါကြောင့် ဒီလိုအလုပ်တွေကို မလုပ်ချင်ဘူး။ တိုက်ပွဲတွေ မရှိတော့ဘဲ အေးအေးချမ်းချမ်းနဲ့ဆိုရင် ကိုယ့်နေရာကိုသာ ပြန်ချင်တယ်” ဟု အဝေးတစ်နေရာကို ငေးမောကြည့်ရင်က ဖြည်းညင်းစွာ ပြောလိုက်သည်။

ဉာဏ်လင်းထက်

(hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013