
အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့နဲ့ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်နေတာတွေကို ရပ်တန့်စေဖို့အတွက် ခိုင်မာတိကျတဲ့ အချိန်ကာလ စံသတ်မှတ်ချက်တွေကို ချမှတ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က မေ ၁၂ ရက် ဒီကနေ့ အာဆီယံကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
အခုလို တာဝန်ခံမှုရှိတဲ့ ယန္တရားတွေ မရှိရင် အရပ်သားကာကွယ်ရေး တောင်းဆိုချက်ဟာ လက်တွေ့မကျတဲ့ ဆန္ဒသက်သက်သာ ဖြစ်နေလိမ့်မယ်လို့ NUG က သတိပေးပြောဆိုထားပါတယ်။
မေ ၈ ရက်က ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ပြီး NUG နိုင်ငံခြားရေးဌာနက အခုလို ထုတ်ပြန် တောင်းဆိုလိုက်တာပါ။
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်တာမရှိတဲ့အပြင် လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်နေချိန်မှာ ပြုလုပ်တဲ့ ဘယ်ရွေးကောက်ပွဲမဆို ဒီမိုကရေစီနည်းကျ တရားဝင်မှုနဲ့ ပြည်သူလူထုရဲ့ ကိုယ်စားပြုမှုမရှိဘူးလို့ အဲဒီထုတ်ပြန်ချက်ထဲမှာ NUG က အခိုင်အမာ တုံ့ပြန်ပြောဆိုထားပါတယ်။
နိုင်ငံရေးအကျဉ်းသားအချို့လွှတ်ပေးမှုအပေါ် အာဆီယံရဲ့ မှတ်သားချက်ကို NUG အနေနဲ့ အသိအမှတ်ပြုပေမဲ့ ဒီဆောင်ရွက်ချက်ဟာ လုံးဝလုံလောက်မှု မရှိသေးကြောင်း၊ သမ္မတ ဦးဝင်းမြင့်ကို လွှတ်ပေးမှုနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့တဲ့ သတင်းတွေဟာလည်း ရှင်းလင်းမှုမရှိဘဲ အတည်ပြုနိုင်ခြင်းမရှိသေးတဲ့ အခြေအနေမှာရှိနေကြောင်း၊ ယုံကြည်စိတ်ချရပြီး အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ မဖြစ်မနေ လိုအပ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အာဆီယံအနေနဲ့ ကိုယ်ပိုင်မူဝါဒစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ တဖက်သတ်လုပ်ငန်းစဉ်တွေကို အသိအမှတ်မပြုဖို့ တိုက်တွန်းထားပါတယ်။
တဖက်မှာလည်း စစ်အုပ်စုကတဆင့် ပေးအပ်တဲ့ အကူအညီတွေဟာ နိုင်ငံရေးအရ အမြတ်ထုတ်ခံရနိုင်တဲ့အတွက် အာဆီယံအနေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အစီအစဉ် ထိရောက်ဖို့အတွက် NUG နဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ (EROs) တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ထောက်ပြထားပါတယ်။
ဒါ့အပြင် အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့အတွက် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ မဖြစ်မနေ လိုအပ်ချက်ဖြစ်တယ်လို့ အလေးအနက် ထုတ်ပြန်ထားပါတယ်။
အလားတူဘဲ NUG အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံတော် ပေါ်ပေါက်ရေးအတွက် အာဆီယံနိုင်ငံတွေနဲ့အတူ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်တွေအားလုံးနဲ့ လက်တွဲလုပ်ဆောင်ဖို့ အသင့်ရှိတယ်လို့ NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။










