DVB Logo
Home
မြန်မာသတင်း
အောင်ပန်းမြို့တွင် အနုကြမ်းစီးမှုများ ဖြစ်ပွား
DVB
·
January 3, 2013
Donate to DVB

ရှမ်းပြည်နယ် ကလောမြို့နယ် အောင်ပန်းမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အနုကြမ်းစီး လုယက်မှုတွေ အနည်းဆုံး ၄ ကြိမ်လောက်ဖြစ်ပွားခဲ့ပြီး အလုယက်ခံရသူတွေကလည်း ရဲစခန်း မတိုင်ကြဘူးလို့ နယ်မြေခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ် အောင်ပန်းမြို့ မြို့လယ်ခေါင်က နေအိမ်တိုက်တာတွေကို ၀င်ရောက်ပြီး လုယက်တာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းက လူစည်ကားတဲ့ အောင်ပန်းမြို့ အောက်ဈေးက ပွဲရုံတွေမှာ နေ့လယ်ခင်းအတွင်း မျက်နှာဖုံးစွပ် အနုကြမ်းသမားတွေ ဓားထောက် လုယက်ပုံကို အောင်ပန်းမြို့ ဒေသခံတဦးက ပြောပါတယ်။

“အနုကြမ်း ကျနော့်အထင် ၃ ကြိမ်လောက်ရှိပြီ။ အောက်ဈေးမှာဆိုရင် မကြာသေးခင်ရက်ပိုင်းက မျက်နှာဖုံးစွပ်နဲ့ ၀င်ချလာတယ်။ လက်ဝတ်လက်စားတွေ ချွတ်ခိုင်းတယ်။ နောက်ဖေးပေါက်က ၀င်တာ။ နောက် အိမ်မှာ မိန်းကလေး ၁ ယောက်နဲ့ ကလေးတွေပဲ ရှိမှန်းသိလို့။ ပိုက်ဆံ ၂ သိန်းယူသွားတယ်။ ဘာမှ အော်ပြုမယ်မကြံနဲ့ ပြောပြီး အေးဆေးပဲထွက်သွားတယ် ပြောတယ်။”

လွန်ခဲ့တဲ့ရက်ပိုင်းကလည်း အောင်ပန်းမြို့လယ်မှာရှိတဲ့ နာမည်ကြီး ဆေးခန်းနဲ့ ဆေးဆိုင်တခုကို ၀င်ရောက် အနုကြမ်းစီးခံခဲ့ရသေးတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ကို တိုင်တန်းရင် မေးမြန်းစုံစမ်းခံရမှာကို မလိုလားတဲ့အတွက် လုယက်ခံရတာ ရဲကို တိုင်ကြားခြင်း မရှိဘူးလို့ ပြောပါတယ်။

အောင်ပန်းမြို့ ရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ တာဝန်ကျ ရဲတပ်ကြပ်တဦးက အောင်ပန်းမြို့မှာ အိမ်တွေကို ၀င်ရောက်ပြီး အနုကြမ်းစီး လုယက်ခံရမှုနဲ့ လာရောက်တိုင်ချက်ဖွင့်တာ မရှိဘူးလို့ ဖြေကြားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကလောမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သန်းဝေကတော့ အနုကြမ်းစီး အလုယက်ခံနေရတယ် ဆိုရင် ထုတ်ဖော်ပြောဆိုကြဖို့နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်း ပြောဆိုပါတယ်။

“ဒါက လူစည်ကားတဲ့ မြို့တော်ဖြစ်သေးတယ်နော်။ ဒီလိုလူစည်ကားတဲ့မြို့မှာ မင်းမဲ့စရိုက်မျိုးနဲ့ တရားဥပဒေစိုးမိုးမှုမရှိဘဲ လုပ်နေတာကို ပြည်သူလူထုတွေ ငြိမ်မနေသင့်ဘူး။ ပြောလည်း ပြောသင့်တယ်။ အခုက တို့တွေ ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ဆိုရင် ကိုယ်ဘာဖြစ်ဖြစ် ဒုက္ခရောက်ရင် ဒုက္ခရောက်တာ ပြောရမယ်။ မဟုတ်မတရား ခံနေရတယ်ဆိုရင် ခံနေရတာကို ရင်ဖွင့်ပြောဆိုရမယ်။ ဒါကို ၀ိုင်း ထိန်းသိမ်းရမယ်။ တိုးတိုးတိတ်တိတ်နေရင် လုပ်တဲ့သူက ပိုပြီးလုပ်မယ်လေ ဒါဆိုရင် အမှုတွေက ထိန်းနိုင်တော့မှာ မဟုတ်ဘူး။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013