DVB Logo
Home
Lead Story
ယူနီကုဒ်ကြောင့် ထတဲ့ဂယက် (အယ်ဒီတာအာဘော်) 
DVB
·
October 5, 2019
ယူနီကုဒ်ကြောင့် ထတဲ့ဂယက် (အယ်ဒီတာအာဘော်) 
Donate to DVB

သတင်းမီဒီယာတွေ၊ လူမှုကွန်ရက်တွေမှာ ယူနီကုဒ် အပြောင်းအလဲကြောင့် ထနေတဲ့ ဂယက်တွေ။

အချို့က တကယ် မသိတာ။ အချို့က သိသိချည်းနဲ့ တမင်တကာ ဖျက်ဆီးလိုစိတ် ရှိနေတာ။ အချို့ကျတော့လည်း သုံးစွဲနေတဲ့ မူလအခြေကို မပြောင်းလဲဘဲ နေမြဲအတိုင်း နေချင်တာလည်း ရှိသည်။ အင်နားရှား သဘောအရလည်း ဖြစ်နိုင်သည်။ 

အချို့ဆိုလျှင် “ယူနီကုဒ်သည် ဦးကိုနီကို ဂုဏ်ပြုထားတာကြောင့် မသုံးနဲ့” ဟုပင် ရေးလာကြသည်။ မီဒီယာအချို့တွင်လည်း ယူနီကုဒ်ကို လှောင်ပြောင်သရော်သော ကာတွန်းများကိုပင် မြိန်ရေရှက်ရေ ထည့်လာကြသည်။ 

ထိုသူတို့သည် အမှန်တကယ်ပင် ယူနီကုဒ်သဘောကို နားမလည်သူများ ဖြစ်နေသည်ကို အံ့ဩစွာ တွေ့ရပေသည်။ မည်သို့ဆိုစေ ဖေ့ဘွတ်ခ်သုံးစွဲသူ ပြည်သူများအား လမ်းမှားသို့ မဆွဲဆောင်သင့်။ ယူနီကုဒ် ဆိုသည်မှာ ဖောင့်တခု မဟုတ်။ စနစ်တခုမျှသာ ဖြစ်သည်။ စံသတ်မှတ်ချက်တခုသာ ဖြစ်သည်။

ယူနီကုတ်၏ စံသတ်မှတ်ချက်အတွင်း မည်သည့်ဖောင့်ကိုမဆို သုံး၍ ရသည်။ စံသတ်မှတ်ချက်စနစ် မဟုတ်သော ဖောင့်ကိုမူ သုံးမရ။ ယူနီကုတ်စနစ်ကို စတင်ခဲ့သည်မှာ အနှစ် ၂၀ နီးပါးရှိပြီ။ ၁၉၉၅ ခုနှစ်ကတည်းက ဖြစ်သည်။ မြန်မာစာအတွက် “ကုဒ်ပွိုင့်” ရရှိရန်၊ မိုက်ကယ်အယ်ဗာဆန်မ်က ၂၀၀၅ မတိုင်မီကတည်းက စတင်ကြိုးစား၍ ကွန်ဆိုတီယန်သို့ တင်သွင်းခဲ့သည်။ ၂၀၀၇ ခုနှစ် Myanmar 3 တွင် ယူနီကုဒ် စံသတ်မှတ်ချက်နှင့်ညီသော ဖောင့်များ ထွက်လာသည်။ Apple ကမူ ၂၀၁၁ တွင် ယူနီကုတ် စံသတ်မှတ်ချက်နှင့်ညီသော လိုက်နာသော ဖောင့်များကို ထည့်သွင်းပေးခဲ့သည်။

မြန်မာပညာရှင်တို့ မညီညွတ်ကြသဖြင့် ဤမျှလောက် အချိန်ကြာမြင့်လာခဲ့ခြင်း ဖြစ်သည်။ တညီတညွတ်တည်း မပြောင်းလဲနိုင်လျှင် e-Government သို့ ပြောင်းလဲရန်ပင် မလွယ်ကူနိုင်။ ယခုမူ ၂၀၁၉ ဧပြီ ၁ ရက်မှစတင်၍ အစိုးရ၏ ဌာနဆိုင်ရာများက တညီတည်း သုံးစွဲလာကြပြီ။ အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ တနိုင်ငံလုံး ပြောင်းလဲ၍ ယူနီကုဒ်ကို သုံးရန် သတ်မှတ်ခဲ့သည်။ ထို့အပြင် မိုဘိုင်းဖုန်း တင်သွင်းဖြန့်ချိသော ကုမ္ပဏီများသို့လည်း အစိုးရမှ ယူနီကုဒ်စနစ်ကို အထောက်အပံ့လုပ်ပေးရန် အသိပေးထားသည်ဟု ဆိုသည်။ 

ဖေ့ဘွတ်ခ်မှလည်း မြန်မာနိုင်ငံ ယူနီကုတ်ဒ် ပြောင်းလဲရေးကို ကူပံ့မည်ဟုဆိုပါသည်။

သို့ဆိုလျှင် ယူနီကုဒ်စံစနစ်သို့ ပြောင်းလဲခြင်းဖြင့် မည်သည့်အကျိုးတရားများ ရပါမည်နည်းဟု မေးစရာရှိသည်။ အကျိုးတရားများစွာ ရှိပါသည်။ အဓိကအချက်မှာ ကမ္ဘာစံ၊ စနစ်ဖြင့် ကိုက်ညီခြင်းကြောင့် ကမ္ဘာနှင့်ချိတ်ဆက်ရာတွင် လွယ်ကူစေပါသည်။ ဤစနစ်ကို အသုံးပြုခြင်းဖြင့် Society 4.0 အတွက် လျှောက်လှမ်းရာတွင် အထောက်အပံ့များစွာ ဖြစ်စေပါသည်။ G-Board Key Board ကို အသုံးပြုလာနိုင်သည်။ ယင်းသို့ အသုံးပြုလာခြင်းဖြင့် မိမိ ရေးလိုသည်ကို နှုတ်မှပြောရုံဖြင့် အလိုလျောက် အရေးစာ ဖြစ်သွားစေသည်။ နှုတ်မှ ပြောရုံဖြင့် ကမ္ဘာပေါ်ရှိ အခြားဘာသာစကားများကို ဘာသာပြန်ပေးနိုင်သည်။

စွယ်စုံကျမ်း(ဝီကီပီးဒီးယား)များကို မြန်မာလို ဖတ်ရှုနိုင်သည်။ YouTube တွင် တင်ထားသည့် ဗွီဒီယိုများကို မြန်မာစာတန်းထိုးများဖြင့် ဖတ်နိုင်သည်။ နိုင်ငံခြားသားများနှင့်  ဖေ့စ်ဘွတ်ခ်မှ ဆက်သွယ်ရာတွင် မြန်မာလိုရေးသောစာများကို လိုရာ ဘာသာစကားသို့ အလိုအလျောက် ပြောင်းပေးနိုင်သည်။

အခမဲ့ပညာသင်ကြားရေး ဝက်ဘ်ဆိုက်ရှိ ပညာရပ်များအား မြန်မာလို လေ့လာနိုင်သည်။ ထို့အပြင် Google Lens ကို အသုံးပြုပြီး ဓာတ်ပုံရိုက်၍ နိုင်ငံတကာသုံးစာများကို မြန်မာစာအဖြစ် ပြောင်းလဲနိုင်သကဲ့သို့ မြန်မာစာကိုလည်း ထိုနည်းတူ ပြုလုပ်၍ နိုင်ငံတကာသုံးစာအဖြစ် ပြောင်းလဲနိုင်ပေသည်။ ဤကား ယူနီကုဒ်သို့ ပြောင်းခြင်းဖြင့် ရရှိနိုင်သော အကျိုးတရားအချို့ပင် ဖြစ်သည်။

တဖက်တွင်လည်း ယူနီကုဒ်၏ ဘာသာပြန် အမှားများကိုလည်း ကြုံတွေ့နိုင်ပါသည်။ ကြုံလည်း ကြုံတွေ့နေရဆဲလည်း ဖြစ်သည်။ ချို့ယွင်းအားနည်းချက်များလည်း ရှိနေဦးမည် ဖြစ်သည်။

သို့သော် မကြာမီ အဆင်ပြေကောင်း အဆင်ပြေသွားလိမ့်မည်ဟု ခန့်မှန်းရပေသည်။ အထူးသဖြင့် e-Government ပြောင်းရန်အတွက် လိုအပ်ချက်တခု ဖြစ်သကဲ့သို့ ကမ္ဘာနှင့် အဆင့်မီမီ ရင်ပေါင်တန်းနိုင်ရန်မှာလည်း ယူနီကုဒ် အပြောင်းအလဲသည် မဖြစ်မနေ လုပ်ဆောင်ရမည့် နိုင်ငံအတွက် လိုအပ်ချက်တခု ဖြစ်နေပါကြောင်း တင်ပြလိုက်ရပေသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013