DVB Logo
Home
မြန်မာသတင်း
ကချင်တိုက်ပွဲကြောင့် ချင်းပါတီ လွတ်လပ်ရေးညစာစားပွဲ တက်မည်မဟုတ်
DVB
·
January 3, 2013
ကချင်တိုက်ပွဲကြောင့် ချင်းပါတီ လွတ်လပ်ရေးညစာစားပွဲ တက်မည်မဟုတ်
Donate to DVB

လတ်တလော ကချင်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဖိတ်ကြားတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲ မတက်ရောက်ဘူးလို့ ချင်းအမျိုးသားပါတီဥက္ကဋ္ဌက ပြောပါတယ်။

[caption id="attachment_35021" align="alignright" width="150" caption="ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ပူးဇိုဇမ်"][/caption]

လွတ်လပ်ရေးနေ့မှာ စစ်တိုက်နေရတဲ့ ကချင်ညီအစ်ကိုတွေ ပျော်ရွှင်နိုင်မှာ မဟုတ်တဲ့အတွက် သူ့အနေနဲ့လည်း ထပ်တူခံစားရပြီး သမ္မတဦးသိန်းစိန် ဖိတ်ကြားထားတဲ့ နေပြည်တော်က လွတ်လပ်ရေးနေ့အထိမ်းအမှတ် ညစာစားပွဲကို မတက်ဘူးလို့ ချင်းအမျိုးသားပါတီဥက္ကဋ္ဌ  ပူးဇိုဇမ်က ဒီဗွီဘီကို ပြောပါတယ်။

“မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးဖော်မှုမှု လုပ်ငန်းတွေ အကြီးအကျယ် လုပ်နေတဲ့ အချိန်မှာ ငြိမ်းချမ်းရေးမဆန်တဲ့ လုပ်ငန်းတွေ ဒီဘက်မှာ တဖက်လှည့်ပြီး လုပ်နေတာကတော့ ကျနော် အကြီးအကျယ်ကန့်ကွက်တယ်။ နေပြည်တော်မှာ လွတ်လပ်ရေး ညစာစားပွဲနဲ့ ပျော်ပွဲရွှင်ပွဲအတွက် ကျနော့်ကို ဖိတ်ထားတယ်။ ကျနော်ကတော့ မတက်ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ ကချင်ညီအစ်ကိုတွေ လွတ်လပ်ရေးနေ့မှာ သူတို့ မပျော်ရွှင်နိုင်ဘူး။ သူတို့နဲ့အတူ ကျနော်လည်း မပျော်ရွှင်နိုင်ဘူး။ ကချင်ညီအစ်ကိုတွေ ခရစ္စမတ်ညတောင်မှ အေးအေးဆေးဆေး မလုပ်နိုင်တဲ့အခြေအနေ ရောက်သွားတယ်။ အဲဒါကတော့ မဖြစ်သင့်မဖြစ်ထိုက်ဘူးလို့ ကျနော် သုံးသပ်ချင်တယ်။”

အစိုးရရုပ်သံဌာနက  ဇန်န၀ါရီလ ၂ ရက်နေ့က အိမ်မှာလာပြီး အင်တာဗျုးတော့လည်း ညစာစားပွဲ မတက်မယ့်အကြောင်းကို ထည့်သွင်းပြောကြားခဲ့တယ်လို့ ပူးဇိုဇမ်က ပြောပါတယ်။

သမ္မတဦးသိန်းစိန်က ကေအိုင်အေကို ထိုးစစ်မဆင်ဖို့ ညွှန်ကြားထားပေမယ့်လည်း  အစိုးရတပ်က ဆက်ပြီး ထိုးစစ်ဆင်နေတဲ့ကိစ္စ မဖြစ်သင့် မဖြစ်ထိုက်ကြောင်း၊  တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ကိုယ့်ဒေသနဲ့ကိုယ် ရေမြေသဘာဝအတိုင်း နေနေတာဖြစ်ကြောင်း၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးလိုချင်ရင် အစိုးရတပ်က သူတို့ထိန်းချုပ်နယ်မြေထဲ  ၀င်မတိုက်သင့်ကြောင်း၊  နှစ်ဘက်စစ်သည်တွေ ကျဆုံးနေရတာဟာ ကောင်းတဲ့အလားအလာမဟုတ်ကြောင်း၊ လူ့ရဲ့အသက်တချောင်းဆိုတာ လွယ်လွယ်နဲ့ ရလာတာမဟုတ်ဘူးလို့ ပူးဇိုဇမ်က ပြောပါတယ်။

အစိုးရနဲ့ အပစ်အခတ်ရပ်ပြီးနောက်ပိုင်း အခြား တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲပြန်ဖြစ်နေတာ၊ ကချင်ဒေသ ငြိမ်းချမ်းရေး မရနိုင်သေးတာတွေနဲ့ ပတ်သက်ပြီး ချင်းအမျိုးသားပါတီ အပါအ၀င်ဖြစ်တဲ့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းအဖွဲ့က ထုတ်ပြန်ချက် အမှတ် ၁၁နဲ့ ၁၂ မှာ ထည့်သွင်းဖော်ပြခဲ့သလို နောက်လည်း ထပ်မံထုတ်ပြန်ဦးမယ်လို့ ဆိုပါတယ်။
ဇန်န၀ါရီလ ၄ ရက်နေ့မှာ ကျရောက်မယ့် ၆၅ နှစ်မြောက် အထိမ်းအမှတ် ညစာစားပွဲကို  နေပြည်တော်မှာ ကျင်းပဖို့ရှိပြီး သမ္မတ ဦးသိန်းစိန်နဲ့ သမ္မတကတော်တို့က နိုင်ငံရေးပါတီအသီးသီးက ဥက္ကဋ္ဌတွေကို ဖိတ်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013