DVB Logo
Home
မြန်မာသတင်း
မိုးထိမိုးမိခေါင်းဆောင် ၄ ဦး ထောင်ဒဏ် ၆ လ စီရင်ခံရ
DVB
·
January 3, 2013
မိုးထိမိုးမိခေါင်းဆောင် ၄ ဦး ထောင်ဒဏ် ၆ လ စီရင်ခံရ
Donate to DVB

နေပြည်တော်ကို ချီတက်တဲ့ မိုးထိမိုးမိရွှေလုပ်သားခေါင်းဆောင် ၄ ယောက်ကို ဒီနေ့ မနက်မှာ ရေတာရှည်မြို့နယ် တရားရုံးက ထောင် ၆ လစီနဲ့ ဒဏ်ငွေ ၁ သောင်းစီ ကျခံစေဖို့ ပြစ်ဒဏ်စီရင်လိုက်ပါတယ်။

တရားစီရင်ခံရတဲ့ ရွှေလုပ်သား ဦးရဲရင့်အောင်ရဲ့ဇနီး ဒေါ်အိမွန်ကျော်က “၁၈ (ပုဒ်မ) အတွက်ကတော့ သူတို့က တယောက်ကို ၁ သောင်း၊ ၄ ယောက်ကို ၄ သောင်းနဲ့ ပြီးသွားတယ်။   ၅၀၅ (ခ) (ပုဒ်မ) ကိုတော့ သူတို့က ၆ လဆိုပြီး ချလိုက်တယ်” လို့ ပြောပါတယ်။

သူတို့တွေကတော့ ဦးရဲရင့်ထွန်း၊ ဦးနိုင်ဝင်း၊ ဦးနေအောင်ထက်နဲ့ ဦးစောနောင်တို့ ဖြစ်ပြီး သူတို့ကိုစီရင်တဲ့ ပုဒ်မတွေက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားမ၀င် စီတန်းလှည့်လှည်မှု ပုဒ်မ ၁၈ တို့ ဖြစ်ပါတယ်။

မိုးထိမိုးမိရွှေလုပ်သား ၈၀ ခန့်ဟာ သူတို့ရဲ့နစ်နာချက်တွေကို ရန်ကုန်မြို့က ကုမ္ပဏီရှေ့မှာ ဆန္ဒပြပေမယ့် မထူးတာကြောင့် မိုင် ၂၇၀ အကွာရှိ နေပြည်တော်ကို ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၂ နိုဝင်ဘာ ၂၃ ရက်မှာတော့ အရပ်ဝတ်တွေနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်က ဦးရဲရင့်ထွန်း အပါအ၀င် ခေါင်းဆောင် ၄ ဦးကို ၀င်ရောက်ရိုက်နှက် ဖမ်းဆီးပြီး အမှု ၂ ခုနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ခေါင်းဆောင်တွေကို ဖမ်းပြီးတဲ့နောက် ကျန်ရှိနေတဲ့နောက်လိုက်တွေကို အမှတ် ၂ သတ္တုတွင်းဝန်ကြီးဌာနက တာဝန်ရှိသူက တွေ့ဆုံကာ ပြေလည်အောင် ညှိပေးမယ်လို့ နားချပြီး ရမည်းသင်းကို ခေါ်ဆောင်ခဲ့ပါတယ်။  ဘုန်းကြီးကျောင်းတခုမှာ နေရာချပြီး ၁ ကြိမ်ညှိနှိုင်းအပြီးမှာ လူစုခွဲခိုင်းတာကြောင့်   ပြန်သူပြန်ကုန်ကြသလို ကျန်သူ တွေကလည်း စားစရိတ်နဲ့ နေစရိတ် အခက်အခဲကြားမှာ ဆက်လက် စောင့်ဆိုင်းနေကြရပါတယ်။

မနေ့က ရမည်းသင်းမြို့နယ်မှာ ဆန္ဒပြသမားတွေ၊ ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ သတ္တုတွင်းဝန်ကြီးဌာန တာဝန်ရှိသူတွေ ထပ်မံညှိနှိုင်းခဲ့ပြီး ဒီခေါင်းဆောင် ၄ ဦးအပါအ၀င် လွန်ခဲ့တဲ့လပိုင်းတွေက ဖမ်းဆီးခံထားရတဲ့ မိုးထိမိုးမိရွှေလုပ်သား ၄၀ နီးပါး ပြန်လည်လွတ်မြောက်ရေးအတွက် ကုမ္ပဏီက ကြိုးပမ်းပါမယ်ဆိုတာ ကတိက၀တ်ပြုခဲ့တယ်လို့ ဦးရဲရင့်ထွန်းရဲ့ ဇနီး ဒေါ်အိမွန်ကျော်က ပြောပါတယ်။

ရမည်းသင်းမြို့နယ် သတ္တု ၂ ခန်းမမှာ မနေ့က ပြုလုပ်ခဲ့တဲ့ တွေ့ဆုံညှိနှိုင်းပွဲမှာ ခရိုင်မှူး ဦးကျော်ကျော်ထွန်း၊ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ ဦးထွန်းအောင်စိုး၊ သတ္တုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဖေတို့နဲ့ ရွှေလုပ်သား ၅ ဦး ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

ညှိနှိုင်းပွဲနဲ့ ပတ်သက်လို့ အဖမ်းခံရသူတွေ မလွတ်ဘဲ ကုမ္ပဏီဘက်က အမြတ်ထုတ်သွားတယ်လို့ ဒေါ်အိမွန်ကျော်က ရှင်းပြပါတယ်။

“မနေ့က အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက ကျမတိုနဲ့ ညှိနှိုင်းပွဲလုပ်တယ်။. အဲဒီမှာ သူကပြောတယ်။ ဒီအထဲက ၄ ယောက်အတွက်ကော၊ ရမည်းသင်းတောင်ပေါ် ကနေပြီးတော့ ပြစ်မှုဆိုင်ရာတွေနဲ့ ရမည်းသင်းထောင်ထဲမှာ အချုပ်ခံထားရတဲ့သူတွေ အတွက်ရော သူတို့က အကောင်းဆုံးလုပ်ပေးပါ့မယ်လို့ပြောပြီး ကျမတို့နားကနေ ကတိစာရွက် ဆိုပြီးတောင်းတယ်။ ဘာကတိစာရွက်လဲဆိုတော့ ကုမ္ပဏီနဲ့ ရွှေလုပ်သား၊ နှစ်ဦးနှစ်ဘက် ပြေလည်မှုရှိကြောင်းပေါ့နော်။”

“လက်မှတ်ထိုးခိုင်းတဲ့စာရွက်မှာ အမှုကျေအေး နုတ်သိမ်းခွင့်ပြုရေးဆောင်ရွက်ရန်ကိစ္စ ဆိုတဲ့ခေါင်းစဉ်အောက်မှာ ရေတာရှည်မြို့နယ်တရားရုံးမှာ ရင်ဆိုင်နေတာ ၄ ဦးရှိကြောင်းနဲ့ အခု ကုမ္ပဏီနဲ့ ရွှေလုပ်သားတွေ ညှိနှိုင်းမှုရရှိပြီး ပြေလည်မှုရှိနေသဖြင့် အမှုအားကျေအေး နုတ်သိမ်းခွင့်ရရှိရေး ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံပါသည်တဲ့။ အဲလိုရေးထားတော့ ကျမတို့က လက်မှတ်ထိုးပြီးတင်လိုက်တယ်။ ဒီ ၄ ယောက်ကို သူတို့က အတတ်နိုင်ဆုံး လုပ်ပေးမယ်ပေါ့။ ရွှေလုပ်သားတချို့ကိုလည်း ကျေအေး၊ တချို့ကိုလည်း လျော်ကြေး ပေးတယ်။ အဲလိုတွေလုပ်ပြီးတဲ့အခါကျတော့ ကျမတို့က ဒီနေ့ မျှော်လင့်တကြီးနဲ့ ဒီ ၄ ယောက်လွတ်တော့မှာဆိုပြီး လာလိုက်တဲ့အခါကျတော့ တကယ်တမ်းကျတော့ ၆ လ ကျသွားတယ်” လို့ ပြောပါတယ်။

“သူတို့က မနေ့က ဒါတွေကို အင်တာနက်မှာ တခါတည်းတင်ပြီးတော့မှ လိုက်ပြီးတော့ ကြေညာလိုက်တယ်။ သူတို့နာမည်ကောင်းရဖို့ပဲ လုပ်သွားတယ်။”

ထောင်ဒဏ်စီရင်ခံရသူ ၄ ဦးအတွက် အယူခံကို တောင်ငူမြို့မှာ ဆက်တက်သွားမယ်လို့ ဒေါ်အိမွန်ကျော် က ပြောပါတယ်။

ထောင်ဒဏ် ၆ လ ချမှတ်ခံရတဲ့ ပုဒ်မ ၅၀၅ (ခ) ဆိုတာ နိုင်ငံတော်အစိုးရ (သို့မဟုတ်)  နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်သည့်ပြစ်မှုကို တဦးတယောက်သောသူက အများပြည်သူကိုသော်လည်းကောင်း၊ လူတစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်းအကြံရှိလျှင် သို့မဟုတ် ထိုသို့ဖြစ်စေလျှင် ပြစ်မှုမြောက်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013