DVB Logo
Home
Lead Story
ဘုရားကျွန်၊ ကပ္ပိယနှင့် ဂေါပကတို့အကြောင်း
DVB
·
October 4, 2019
ဘုရားကျွန်၊ ကပ္ပိယနှင့် ဂေါပကတို့အကြောင်း
Donate to DVB

အခုတလော လူမှုကွန်ယက် မီဒီယာတွေ၊ သတင်းဂျာနယ်တွေထဲမှာ ကာ/လုံအကြောင်းကအစ ခြေ/ဥစောင့် ရှောက်ကာကွယ်ရေးအကြောင်းတွေ စဉ်ဆက်မပြတ်လိုလို ဖတ်နေရတယ်။ ဘဝင်မကျပေမယ့် သတင်းဖြစ်နေလို့ မလွဲမရှောင်သာဖတ်နေရတာပေါ့။ ဒါတွေဖတ်ရတာ အာရုံညောင်းလာတော့ ရှေးဦးပုဂံခေတ်က ကျောက်စာတွေထဲ ဦးလှည့်မိပြန်တယ်။ ရှေးခေတ်က အုပ်ချုပ်သူတွေဟာ ဘာသာတရားကိုးကွယ်မှု လွန်ကဲခဲ့ဟန်ပါပဲ။ ကျောက်စာအများစုကိုကြည့်ရင် ဘုရားတည်ပြီးတာနဲ့ ဘုရားကျွန်အဖြစ် လူတွေကို လှူဒါန်းခဲ့ကြတာကလား။

    သက်ဦးဆံပိုင်ဆိုတာ ဒါပဲဖြစ်မှာပါ။ လူကို ဆံပင်ကအစ ရှင်သန်နေတဲ့ အသက်အဆုံး အားလုံးပိုင်တာပဲ။ မြေယာပိုင်တာလောက်ကတော့ အပျော့ပေါ့။ ရှေးကတော့ ဘုန်းတော်ကြီးတွေကို မြေယာလှူတာတို့ ဘုရားကျွန်လှူတာတို့က လုပ်ရိုးလုပ်စဉ်ပေါ့။ သူ့အုပ်ချုပ်မှုနယ်အတွင်း ရှိသူတွေကို လှူလိုလှူ၊ ပေးလိုပေး၊ သတ်လိုသတ်ပေါ့။ ဒီလိုအုပ်ချုပ်ခဲ့ကြတာကိုး။ ဘုရားကျွန်ဆိုရာ မှာ တချို့က စစ်ပွဲကခေါ်လာတဲ့ သုံ့ပန်းတွေ၊ တချို့ အခွန်မဆပ်နိုင်သူ တွေလည်းပါမှာပါ။ ဘုရားကျွန်ဟာ လူအမျိုးမျိုးလည်းဖြစ်နိုင်ပါတယ်။ တချို့ကလည်းခပ်ပါးပါး ရာဇဝတ်သင့်သူ တွေလည်းပါမှာပါ။

    ဘုရားကျွန်ဆိုတာ “ဘုရားပုထိုး၏ အမှုကြီးငယ်များ လုပ်ဆောင်ရန်လှူထားသူ”လို့ မြန်မာစာ အဘိဓာန်က ဖွင့်ဆိုထားတယ်။ ဘုရားစေတီပုထိုးတို့ရဲ့အမှုကို ထမ်းဆောင်ဖို့ လှူတန်းထားသူတွေ ဆိုတော့ ဘုရားပုထိုးအမှုတွေက များများစားစားမရှိပါဘူး။ တမြက်လှည်း (သန့်ရှင်းရေးလုပ်တာ)၊ ဆွမ်းကပ်တာတို့အပြင် စေတီကို စောင့်ရှောက်ရတာလောက်ပါပဲ။

ကပ္ပိယ တယောက်လောက်တောင် အလုပ်များဟန် မရှိဘူး။ ကပ္ပိယဆိုလို့ ပြောရအုံးမယ်။ “ကပ္ပိယ”ဆိုတာ ပါဠိပျက်ဝေါဟာရတခုပါ။ ဦးထွန်းမြင့်ရဲ့ ပါဠိပျက်ဝေါဟာရဖွင့်တာက “ကျောင်းတွင်း ရဟန်းတို့ အမှုကို  ဆောင်ရွက်ပေးသူ”လို့ ဆိုတယ်။ ဘုရားကျွန်လောက် မများဘူး။ ဘုရားကျွန်က အဖွဲ့အစည်းလိုက်ကို ရှိတာကလား။

  ပြောလက်စနဲ့ ဂေါပကအကြောင်းပါဆက်ကြရအောင်။ ဂေါပကဆိုတာလည်း ပါဠိဝေါဟာရတခုပဲ။ “စောင့်ရှောက်သူ”လို့ အဓိပ္ပါယ်ရတယ်။ ဘုရားစေတီတို့ရဲ့ဘဏ္ဍာထိန်းပေါ့။ ဂေါပကကတော့ မြန်မာပြည်မှာ အတော်ပေါတယ်။ စေတီရှိရင် ဂေါပကရှိတယ်လို့ ဆိုရလောက်တယ်။ ဟိုတောင်ပေါ်က ထုံးဖွေးဖွေးစေတီလေးမှာလည်း ဂေါပက ရှိတယ်။ ဂေါပကရှိရင် အလှူခံပုံး ရှိပြီသာမှတ်။ ဘုရားကျွန်တို့၊ ကပ္ပိယတို့၊ ဂေါပကတို့ဆိုတာ ဘာသာရေး အခြေပြုပြီးပေါ်လာတာ။ ဘုရားကျွန်တွေအကြောင်း ဆက်ရအောင်။

    ဘုရားကျွန်တွေကို ငယ်စဉ်ကတွေ့ဖူးတယ်။ ဘေးတစောင်း လွယ်အိပ်ကြီးလွယ်ပြီး ရပ်တကာလှည့်တောင်း လေ့ရှိတယ်။ သူတို့လက်နက်က တုတ်တိုလေးတချောင်းပဲ။ အဲ့တုတ်တိုလေးကို နောက်ဘက်မှာရမ်းပြီး ရွာစဉ်ပတ် တောင်းတာ။ ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီတက်တော့၊ ဘုရားကျွန်တွေကို ပြောင်းပြာဆည်တည်ဆောက်ရာမှာ ထည့်သွင်း အလုပ်လုပ်စေတယ်။ အဲ့ဒီကတဆင့် ငွေစကြေးစလေးတွေရစေတယ်။ တောင်းရမ်း စားသောက်တာကို မလုပ်စေတော့ဘူး။ တချို့အရွယ်ရှိတဲ့ ဘုရားကျွန်လေးတွေ၊ အားကောင်းမောင်း သံဘုရားကျွန်လေးတွေလည်း ဗိုလ်နေဝင်းရဲ့ တပ်မှာ တပ်သားအဖြစ် ဝင်ရောက်စေခဲ့တယ်။ တချို့က ရဲဘက်ဝင်သွားကြတယ်။ တချို့ဆို ရာထူးကြီးကြီးတွေတောင်ရဆိုပဲ။ အဲဒီအကြောင်းတွေကို စာရေးဆရာမင်းကျော်က “နေအာရုဏ်နဲ့ ကြာမှုံနဲ့”ဆိုပြီး ဝတ္တုတပုဒ်ရေးခဲ့သေးတယ်။ တချို့ ငွေကြေးရှိသူတွေကတော့ ပုန်းရည်ကြီးလုပ်ငန်းနဲ့ လုပ်ကိုင်စားသောက်ကြလို့ လူချမ်းသာစာရင်းထဲမှာ ပါလာတာ တွေလည်းရှိတယ်။

    ဒါပေမယ့် တောင်းရမ်းစားသောက်တဲ့ အလေ့တခုကိုဖျက်မပစ်ပဲ စတိအဖြစ် မိတ်ဆွေတွေဆီ ကနေတောင်းပြီး ဆန်၊ ဆီ၊ ဆား တို့ကို ပွားစေတယ်လို့ဆိုတယ်။ နောက်ပိုင်းတော့ ဘုရားကျွန်တွေလည်း အယူသီးခဲ့တာတွေ ခဝါချပြီး၊ တောင်းရမ်းခြင်းမပြုကြတော့ပဲ လူသားချင်းတန်းတူ လုပ်ကိုင်စားသောက်နေထိုင်လာခဲ့ကြတယ်။ “မတောင်းရမ်းရင် နူတတ်တယ်” ဆိုတဲ့ စကားမှားမှန်သိလာတယ်။ သားသမီးတွေကို အစိုးကျောင်းမှာထားလာတယ်။ ဆယ် တန်းအောင်ရင် အများနည်းတူ တက္ကသိုလ်တွေ တက်လာတယ်။ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ စီးပွားရေး တက္ကသိုလ်တို့နဲ့ စစ်ဖက်ဆိုင်ရာတက္ကသိုလ်တို့မှာလည်း တက်လာနိုင်ခဲ့ကြတယ်။

   တကယ်တော့ ဘုရားကျွန်တွေဟာ ကျိန်စာကိုသိပ်အလေးထားပြီးကြောက်ရွံ့ခဲ့ကြတာ။ ဒါကြောင့်လည်း ဘုရားအမှုတော်ကိုအပြည့်အဝတာဝန်ယူခဲ့ကြတာ။ စေတီပုထိုးတွေကို ချမှတ်ခဲ့တဲ့ ဘုရင့်အခြေခံမူတွေ စည်းမျဉ်းတွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့ကြတာ။ စေတီပုထိုးတို့ရဲ့ ဝေယျာဝစ္စဖြစ်တဲ့ သန့်ရှင်းရေး၊ ပန်း၊ ရေချမ်း၊ ဆွမ်း၊ ဆီမီးကပ်လှူခြင်းတို့သာမက ဖျက်ဆီးသူတို့ရဲ့ အန္တရာယ်ကိုလည်း ကာကွယ်ပေးခဲ့ကြတာ။ ရုပ်ပစ္စည်းသာမက စေတီပုထိုးနဲ့ ပတ်သက်တဲ့ အခြေခံဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းမူဝါဒတွေကိုလည်း လိုက်နာစောင့်ထိန်း အကာကွယ် ပြုခဲ့တာကလား။

    ဒါကလည်း ဘုရားကျွန်တွေဟာ ပညာအခြေခံမဲ့ခဲ့တာကတကြောင်း၊ စည်းမျဉ်းစည်းကမ်း၊ မူဝါဒ၊ အခြေခံဖွဲ့စည်းတည်ဆောက်ပုံတို့ဟာ လူကလုပ်တာပဲ၊ အချိန်ကာလ အခြေနေအရ အပြောင်းအလဲလုပ်ရတယ်ဆိုတာကို မသိတာကတကြောင်းတို့ကြောင့် တရားသေဆုပ်ကိုင်ပြီး အယူသီးခဲ့ကြတယ်။ ကျိန်စာကို ကြောက်ရွံ့ခဲ့ကြတယ်။ 

အယူသီးခဲ့ကြတဲ့ ဘုရားကျွန်တွေဟာ ပျောက်ကွယ်သွားပြီဆိုပေမယ့် တထောင့်တနေရာရာက ပေါ်ထွက်မလာနိုင်ဘူးလို့ ပြောနိုင်ပါ့မလား။ တပ်ထဲ အရပ်ထဲ၊ နယ်ဘက်ထဲကလည်း ပေါ်လာနိုင်သလို ရုံးတွေ၊ အသိပညာရှင် အတတ်ပညာရှင်တွေထဲကလည်း ပေါ်လာနိုင်တာပါပဲ။ အဆုံးစွန်ဆုံး လွှတ်တော်ထဲကပင်လျှင် တစုံတရာကို အမှုတော်ထမ်းကာကွယ်ရမယ် ဆိုတဲ့ ဘုရားကျွန်လက်သစ်တို့ ပေါ်ထွက်လာနိုင်တာကို ခံစားတွေးမြင်မိကြောင်းပါ။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013