DVB Logo
Home
မြန်မာသတင်း
ဒေါ်လာ ၁ သန်းတန် ပုံနှိပ်စက်ဝယ်ယူခဲ့ခြင်းမရှိဟု ပြန်ကြားရေးဌာန ထွက်ဆို
DVB
·
October 4, 2019
ဒေါ်လာ ၁ သန်းတန် ပုံနှိပ်စက်ဝယ်ယူခဲ့ခြင်းမရှိဟု ပြန်ကြားရေးဌာန ထွက်ဆို
Donate to DVB

ပြန်ကြားရေးဝန်ကြီးဌာနမှာ ဒေါ်လာတစ်သန်းတန် ပုံနှိပ်စက်ဝယ်ယူခဲ့တာ မရှိဘူးလို့ ဌာနရဲ့ ကိုယ်စားလှယ်က တရားရုံးမှာ ထွက်ဆိုလိုက်ပါတယ်။

အလဲဗင်းမီဒီယာကို တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၃ ရက်က ပုဗ္ဗသီရိမြို့နယ်တရားရုံး အမှုရုံးချိန်းမှာ ထွက်ဆိုသွားတာလို့ အလဲဗင်းမီဒီယာဘက်ကနေသက်သေ အဖြစ်ထွက်ဆိုတဲ့ အယ်ဒီတာချုပ် ဦးကျော်ဇေလင်းက ရုံးချိန်းအပြီးမှာ မီဒီယာတွေကို ပြောပါတယ်။

"ကျနော်တို့ရရှိထားတဲ့အချက်အလက်၊ စုံစမ်းထားတဲ့ အချက်အလက်အရ သူတို့သည် ၂၀၀၉ ခုနှစ်မှာ ပုံနှိပ်စက်ဝယ်ခဲ့တယ်။ ယူရို ၇၃၅၀၀၀ နဲ့ဝယ်ခဲ့တဲ့ ပုံနှိပ်စက်ရှိတယ်။ အဲခေတ်တုန်းက ဒေါ် လာနဲ့ ယူရိုကြားမှာ Exchange rate က ၁ ဒသမ ၃၆ ရှိတယ်။ အဲတော့ ဒေါ်လာကို Exchange လုပ်လိုက်မယ်ဆိုရင် တစ်သန်းကျော်တယ်။ ဒီစက်တစ်ခုက တစ်သန်းကျော်တယ်။ တစ်သန်းကျော်တဲ့အတွက်ကြောင့် ကျနော်တို့က တစ်သန်းကျော်လို့ ရေးတယ်။ သူတို့က တစ်သန်းကျော်တန်စက်မရှိဘူးလို့ ပြောတယ်။ တရားရုံးဦးတိုက် လျှောက်လွှာမှာကိုပဲ တရားလို ဦးကျော်စိုးကပြောထားတယ်။ ပြန်ကြားရေးက ဝယ်ယူတဲ့ ပုံနှိပ်စက်တွေထဲမှာ တစ်သန်းကျော်တဲ့ ပုံနှိပ်စက်မရှိပါဘူးလို့ ပြောတယ်။ ကျနော်တို့က ရှိပါတယ်ဆိုတဲ့ အချက်အလက်ကို တင်ပြတယ်။ ဘာကြောင့်လည်းဆို အဲခေတ်တုန်းက ယူရို ၇၃၅၀၀၀ ဝယ်ထားတယ်။ အဲအချိန်တုန်းက Sanctoin ရှိတယ်။ ရှိတဲ့အတွက်ကြောင့် ဒေါ်လာနဲ့ မပေးချေရ ဘဲ ယူရိုနဲ့ ပေးချေရတယ်။ ယူရိုကို Exchange လုပ်လိုက်ရင် တစ်သန်းကျော်ပါတယ် 

"၂၀၁၄ ဇွန် ၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်မှာ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု မီဒီယာဥပဒေက နိုင်ငံပိုင်မီဒီယာတွေကို သွယ်ဝိုက်သောအားဖြင့် ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှုပြုလုပ်ဖို့ ခွင့်ပြုနေသလားဆိုတဲ့ ကိုနေထွန်း နိုင်ရေးသားခဲ့တဲ့ ဆောင်းပါးမှာ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက အိန္ဒိယကုမ္ပဏီကနေ ပုံနှိပ်စက်တွေ ဝယ်ယူတာမှာ သတ်မှတ်ပေါက်စျေးထက် ပိုမိုမြင့်မားနေကြောင်း ရေးသားခဲ့တာကြောင့် သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းဦးဆောင်ညွန်ကြားရေးမှူး ဦးကျော်စိုးက တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တာပါ။

အလဲဗင်းမီဒီယာဂရုရဲ့ Broadcasting အယ်ဒီတာချုပ် ဦးဝေဖြိုးက "ဒီနေ့ ရုံးချိန်းမှာတော့ ပြီးခဲ့တဲ့ရုံးချိန်းမှာတုန်းက CMP စနစ်အရ ပြန်ကြားရေးဘက်ကနေပြီး စွပ်စွဲသူနဲ့ စွပ်စွဲခံရသူကြားထဲမှာ ဒီအမှုဘယ်လိုဆက်လုပ်မလဲဆိုတဲ့ဟာနဲ့ပတ်သက်လို့ မေးထားတာ ရှိတယ်။ ဒီနေ့ရုံးချိန်းမှာတော့ ပြန်ကြားရေးဘက် ကနေပြီးတော့ ယာယီဦးဆောင်ညွှန်ကြားရေးမှူး ဦးသက်ဆွေဆိုပြီး လက်မှတ်ရေးထိုးထားတယ်။ သူတို့ကတော့ ဒီအမှုကို ဥပဒေအတိုင်းပဲ ဆက်သွားမယ်။ တရားရုံးမှာ ရောက်နေတဲ့ အမှုဆိုတော့ အဲ့လိုအကြောင်းကြားလာတယ်။ အဲ့တော့ ဒီအမှုကတော့ ဆက်ပြီးတော့ သွားနေဦးမယ်" လို့ပြောပါတယ်။

ပုံနှိပ်စက်တွေကို ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းလက်ထက်မှာ ဝယ်ယူခဲ့တာဖြစ်ပြီး ဦးရဲထွဋ် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူစဉ်က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ 

အလဲဗင်းမီဒီယာ အုပ်စုရဲ့ ဥက္ကဋ္ဌ ဒေါက်တာသန်းထွဋ်အောင်၊ မန်းနေဂျင်းဒါရိုက်တာ ဒေါက်တာ သိန်းမြင့်၊ အယ်ဒီတာချုပ် ဦးဝေဖြိုး၊ ဒုတိယအယ်ဒီတာချုပ် ဦးမြတ်သစ်နဲ့ တာဝန်ခံအယ်ဒီတာ ကိုနေထွန်းနိုင်တို့ကို ပုဒ်မ ၅၀၀ အသရေဖျက်မှုနဲ့ ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ တရားစွဲဆိုထားတာဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာ၁၇ ရက်ကို နောက်ထပ်ရုံးချိန်း ထပ်မံချိန်းဆိုလိုက်ပြီး အဲဒီရုံးချိန်းမှာ ဝန်ကြီးဌာနတချို့ရဲ့ လုပ်ငန်းပိုင်းတွေမှာ အရှုံးပေါ်နေတာတွေ၊ ပုံနှိပ်စက်နဲ့ပတ်သက်တဲ့ သက်သေအချက်အလက်တွေကို သက်သေတင်သွင်းသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013