DVB Logo
Home
ဆောင်းပါး
လျစ်လျူရှုခံထားရတဲ့ အောက်ခြေ ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများ
DVB
·
January 3, 2013
Donate to DVB

အားလုံးသိကြတဲ့အတိုင်း အရင် စစ်အာဏာရှင်တွေ စိတ်ကြိုက်ရေးဆွဲ၊ မတရားတဲ့ နည်းပေါင်းစုံ သုံးပြီး ပြဋ္ဌာန်းထားခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ နိုင်ငံကို အုပ်ချုပ်မယ့် သမ္မတကို ပြည်သူတွေ ရွေးချယ်ခွင့် မရပါဘူး။ ကိုယ့်တိုင်း ဒါမှမဟုတ် ကိုယ့်ပြည်နယ်ကို အုပ်ချုပ်မယ့် သူတွေကိုလည်း ရွေးချယ်ခွင့်မရပါဘူး။

ဒီလိုပဲ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးကိုလည်း ရွေးချယ်ခွင့်မရပါဘူး။ နောက်ဆုံးကုန်ကုန် ကိုယ့်ရပ်ကွက်နဲ့ ကျေးရွာက အုပ်ချုပ်ရေးမှူးကိုတောင် ရွေးချယ်ခွင့် ပေးမထားပါဘူး။ အဲဒီလောက်ကို ဒီမိုကရေစီ အနှစ်သာရကင်းမဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပါတယ်။ ဒါပေမယ့် ကံအားလျော်စွာပဲ လွှတ်တော်အစည်းအဝေးတွေ ကျင်းပတဲ့အခါ အောက်ခြေ ရပ်ကျေးကိစ္စတွေ ဆွေးနွေးကြ၊ ငြင်းခုံကြရင်း ဥပဒေတခုတော့ ထွက်လာပါတယ်။

“ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ” လို့ ခေါ်ပါတယ်။ ဒီ ဥပဒေမှာ ပြည်သူတွေကို သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို တိုက်ရိုက် မဟုတ်ပေမယ့်လည်း သွယ်ဝိုက်တဲ့နည်းနဲ့ ရွေးချယ်ခွင့်ပေးထားပါတယ်။ ဒီ အတွက်လည်း ပြည်ထဲရေးဝန်ကြီးဌာနဟာ ၂၀၁၂ ဒီဇင်ဘာလထဲမှာ အောက်ခြေ ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေ လုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။ ခုချိန်ထိ တချို့နေရာတွေမှာ အောက်ခြေ ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေ လုပ်နေဆဲ၊ တချို့ လုပ်ပြီး၊ တချို့ လုပ်တာ နည်းလမ်းမကျလို့ဆိုပြီး ရွှေ့ဆိုင်းတာမျိုးတွေ ရှိခဲ့ပါတယ်။ ခုတပတ် ဒီအကြောင်း ဆွေးနွေးတင်ပြသွားပါ့မယ်။

အောက်ခြေ ရပ်ကျေး ရွေးချယ်ပွဲတွေ လုပ်တော့မယ်ဆိုတဲ့အခါ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်လာသူတွေကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေပါ။ သူတို့ဟာ ရွေးကောက်ပွဲကော်မရှင်လို အဖွဲ့မျိုးနဲ့ တူပါတယ်။ သူတို့ရဲ့တာဝန်ကတော့ ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ပြည်သူတွေ သိအောင် ရှင်းပြပေးဖို့၊ ရွေးချယ်ပွဲတွေ လုပ်တဲ့အခါ မှန်မှန်ကန်ကန် ဖြစ်အောင် ကြီးကြပ်မယ့် ရပ်မိရပ်ဖတွေကို တာဝန်ပေးဖို့၊ ရွေးချယ်ပွဲတွေ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ရှိအောင် ကြပ်မတ်ပေးဖို့ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ခက်နေတာက လက်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ဆိုတာတွေဟာ မြို့နယ် အုပ်ချုပ်ရေးမှူးတွေက ခန့်အပ်ထားတဲ့သူတွေ၊ တနည်း သူတို့ ဩဇာခံတွေ ဖြစ်နေတဲ့ ကိစ္စပါ။ ပြည်သူလူထုက တ၀က်တပျက် ဒီမိုကရေစီနည်းနဲ့ ရွေးချယ်တင်မြှောက်လိုက်လို့ အဲဒီလူတွေ ပြုတ်သွားရင် သူတို့ ဩဇာခံ ဆုံးရှုံးသွားမှာဖြစ်သလို လက်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး အများစုကလည်း သူတို့နဲ့ ဆက်စပ်ပတ်သက်နေတဲ့ ငွေရေးကြေးရေးနဲ့ အကျိုးအမြတ်တွေ၊ အခြား အကျိုးစီးပွားတွေ ဆုံးရှုံးကုန်မှာ စိုးရိမ်တဲ့အတွက် ဒီနေရာ လက်မလွတ်ရေး ဆိုတာကို အစွမ်းကုန် နည်းပေါင်းစုံ နဲ့ ကြိုးစားကြပါတော့တယ်။

ဒီနေရာမှာ ပထမဦးဆုံးပေါ်တဲ့ ပြဿနာက အချိန်ပြဿနာပါ။ ဒီဇင်ဘာလအတွင်း ရွေးချယ်ပွဲတွေ လုပ်ဆိုတော့ ရွေးချယ်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ပြည်သူတွေသိအောင် ချပြ ရှင်းလင်းရမယ့်အချိန် မရှိတော့သလောက် ဖြစ်သွားပါတယ်။ ဒီကနေတဆင့် လက်ရှိအုပ်ချုပ်ရေးမှူး ဖြစ်နေသူတွေက မသမာမှုတွေလုပ်ဖို့ အခွင့်အလမ်းလည်း ရသွားစေပါတယ်။ ဥပဒေထဲမှာ ပါတဲ့ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးနည်းလမ်းကတော့ အိမ်ထောင်စု ကိုယ်စားလှယ်တွေပါတဲ့ အစည်းအဝေးကနေ ၁၀ အိမ်စု ကိုယ်စားလှယ်တွေ ရွေးချယ်၊ အဲဒီကိုယ်စားလှယ်တွေ တကြိမ်ပြန်စုစည်းပြီး သူတို့ထဲကနေ အုပ်ချုပ်ရေးမှူး တယောက်ကို ရွေး အဲဒီစနစ် ဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှာ နေထိုင်ရာ အိမ်လိပ်စာ၊ နေထိုင်တဲ့ မိသားစု၊ အဲဒီလိပ်စာနဲ့ စာရင်းအတိုင်းပါတဲ့ သန်းခေါင်စာရင်း ခေါ် အိမ်ထောင်စုစာရင်း ထပ်တူကျတဲ့ မိသားစု အတော်ရှားပါတယ်။ အဲဒီမှာ အိမ်ထောင်စု ကိုယ်စားလှယ်အဖြစ် ပါဝင်ခွင့် ရ၊ မရ ပြဿနာ စပြီး ရှိပါတယ်။ နောက်တချက်ကတော့ မိသားစုတွေကို ၁၀ အိမ်စု တစုစီ စုစည်းဖို့ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် နေအိမ်၊ တိုက်ခန်း တဆက်တစပ်တည်း ရှိသူတွေကို တစုစီ စုစည်းဖို့ဖြစ်ပေမယ့် လက်ရှိ အုပ်ချုပ်ရေးမှူးတွေကတော့ သူတို့ သေချာပေါက် ပြန်ပြီး အရွေးခံရဖို့ ၁၀ အိမ်စု အဖွဲ့တွေကို လိုသလို စုပါတယ်။ တကယ်လို့ အဲလို မလုပ်ရင် ပထမအဆင့် ၁၀ အိမ်စု ကိုယ်စားလှယ်အဖြစ် အရွေးချယ်မခံရရင် အုပ်ချုပ်ရေးမှူး ပြန်ဖြစ်ဖို့ အခွင့်အလမ်းလည်း နည်းသွားမှာမို့ ဖြစ်ပါတယ်။

ဒါတင်မက တချို့ ရပ်ကွက်နဲ့ ကျေးရွာတွေမှာဆိုရင် ကိုယ်စားလှယ် စနစ်တကျ ရွေးတာတောင် မလုပ်တော့ဘဲ ကိုယ့်လူတွေနဲ့ကိုယ် ကျိတ်ဖွဲ့၊ ကိုယ့်လူတွေ ၁၀ အိမ်စု ကိုယ်စားလှယ်ထဲ အများစုပါအောင်လုပ် စတဲ့ မသမာမှုတွေ အများကြီး မြင်တွေ့ကြရပါတယ်။ ဒီနေရာမှာ စိတ်မကောင်းဖြစ်စရာက ဒီ မြန်မာပြည်တ၀ှမ်း ၆ သောင်းကျော်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေဟာ ပြည်သူတွေအတွက် အသက်တမျှ အရေးကြီးတယ်ဆိုတာကို နိုင်ငံရေးပါတီကြီးတွေနဲ့ ပြည်သူတွေအတွက် လုပ်နေပါတယ် ဆိုတဲ့ အဖွဲ့အစည်းတွေက လေးနက်မှုမရှိကြတာပါပဲ။ လေးနက်မှုမရှိတဲ့အတွက်လည်း ဒီ ရွေးချယ်ပွဲတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အသိဥာဏ်ပေးတာ၊ ရွေးချယ်ပွဲတွေ မှန်မှန်ကန်ကန်ဖြစ်အောင် ၀ိုင်းဝန်း စောင့်ကြည့်ပေးတာ၊ ကိုယ်ကိုယ်တိုင် ပြည်သူတွေထဲက ပြည်သူတယောက်လည်းဖြစ်တဲ့အတွက် အောက်ခြေကိစ္စ ကိုယ်ကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ပေးတာ မတွေ့ရသလောက် နည်းပါတယ်။ တချို့ လွှတ်တော်အမတ် နည်းနည်းလေးလောက်ကပဲ ဒီကိစ္စ လေးနက်တာ တွေ့ရပါတယ်။

ဒီအတွက်လည်း ပြည်သူတွေဟာ သူတို့ကို မှန်မှန်ကန်ကန် အုပ်ချုပ်မယ့်သူတွေ အုပ်ချုပ်ရေးမှူးဖြစ်လာရေး တတ်သလောက်၊ မှတ်သလောက်၊ နားလည်သလောက်နဲ့ အောက်ခြေမှာ တိုက်ပွဲဝင်ခဲ့ကြရပါတယ်။ တကယ်တော့ အခု အခြေအနေဟာ တတိုင်းပြည်လုံးမက တကမ္ဘာလုံးကြားအောင် ဒီမိုကရေစီ၊ ဒီမိုကရေစီ ဆိုပြီး ကြွေးကြော်နေတဲ့ နိုင်ငံရေးသမားတွေဟာ ပြည်သူတွေရဲ့ တကယ့်လိုလားချက်၊ တကယ့် ဒီမိုကရေစီ အနှစ်သာရ ဘာလဲဆိုတာ သိကြပါရဲ့လားလို့ မေးခွန်းထုတ်ရမယ့် အခြေအနေ ဖြစ်နေပါကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013