DVB Logo
Home
မြန်မာသတင်း
ဂျပန် ဒုဝန်ကြီးချုပ် မြန်မာပြည်ခရီးစတင်
DVB
·
January 2, 2013
ဂျပန် ဒုဝန်ကြီးချုပ် မြန်မာပြည်ခရီးစတင်
Donate to DVB

ဂျပန်နိုင်ငံရဲ့ ဒု-၀န်ကြီးချုပ်လည်းဖြစ် ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ မစ္စတာ တာရိုအာဆိုဟာ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ဒီနေ့ညနေပိုင်းမှာ လေကြောင်းနဲ့ ရောက်လာဖို့ရှိတယ်လို့ ဂျပန်သံရုံး တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒါဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဂျပန်နိုင်ငံမှာ ၀န်ကြီးချုပ်သစ် ရှင်ဇိုအဘေး အစိုးရသစ် တက်လာပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ ဂျပန်အစိုးရရဲ့ အဆင့်အမြင့်ဆုံး ထိပ်တန်းခေါင်းဆောင် တဦးရဲ့ ခရီးစဉ်ဖြစ်ပါတယ်။

[caption id="attachment_34983" align="alignright" width="150" caption="မစ္စတာ တာရိုအာဆို"][/caption]

ဝန်ကြီး တာရိုအာဆိုဟာ ဇန်န၀ါရီ ၃ ရက်နေ့မှာ နေပြည်တော်ကို သွားရောက်ပြီး သမ္မတ ဦးသိန်းစိန်၊ ဘဏ္ဍာရေးဝန်ကြီးအပါအ၀င် တခြားမြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့   ရင်းနှီးမြှုပ်နှံမှုကိစ္စတွေ ဆွေးနွေးကြမှာပါ။

ဂျပန်နိုင်ငံထုတ် သတင်းစာတွေမှာတော့ အလျင်အမြန် ပြောင်းလဲတိုးတက်နေတဲ့ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့အကြား ဆက်ဆံရေးမြှင့်တင်ဖို့နဲ့ ဒေသတွင်းမှာ ဂျပန် စီးပွားရေး တိုးမြှင့်ဖို့အရေး ဆွေးနွေးကြဖို့ ရှိတယ်လို့ ရေးသားဖော်ပြကြပါတယ်။

ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အဖွဲ့ မြန်မာကိုယ်စားလှယ်ရုံးအကြီးအကဲ မစ္စတာ မာဆာဟီကို တာနာကာက “ကျနော်တို့ရဲ့ ဒုဝန်ကြီးချုပ် မြန်မာနိုင်ငံ လာရောက်လည်ပတ်တာကို အရမ်းကို ကြိုဆိုပါတယ်။ ခုဆိုရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ၊ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွေရဲ့ ပထမအဆင့်ရောက်နေပြီး ဒု-၀န်ကြီး လာရောက်လည်ပတ်မှုဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် နောက်ထပ်ခြေလှမ်းတွေ ထပ်လှမ်းဖို့ တွန်းအားဖြစ်စေလိမ့်မယ်လို့ ကျနော်ထင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဂျပန်ဒုဝန်ကြီးချုပ်ဟာ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဂျပန်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဖို့ စီစဉ်ထားတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်ကိုလည်း သွားရောက်ဖို့ ရှိနေတာပါ။ ဂျပန်အဆင့်မြင့်ခေါင်းဆောင်တဦး သီလ၀ါစီမံကိန်းကို သွားရောက်လည်ပတ်မယ့်အပေါ် မစ္စတာ တာနာကာက ခုလို မှတ်ချက်ပေးပါတယ်။

“သီလ၀ါ စီမံကိန်းဟာ မြန်မာနဲ့ဂျပန် နှစ်နိုင်ငံစလုံးနဲ့ ဆိုင်တဲ့ နိုင်ငံအဆင့် စီမံကိန်းပါ။ ခုလို ၀န်ကြီးရဲ့ သွားရောက်မှုကလည်း သီလ၀ါစီမံကိန်းအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို မိတ်ဆက်ပေးရာ ရောက်ပါလိမ့်မယ်။ ဒါ အတော်လေးကောင်းမွန်တဲ့ အခွင့်အလမ်းပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကပဲ နှစ်နိုင်ငံ ဒီစီမံကိန်း ပူးပေါင်းဆောင်ရွက်ကြဖို့ လက်မှတ်ရေးထိုးထားပြီးဖြစ်လို့ ခု ဒုဝန်ကြီးချုပ် ကိုယ်တိုင်လာရောက်လည်ပတ်မှုဟာ အရမ်းကို အရေးပါတယ်လို့ ကျနော်ထင်ပါတယ်။”

ဂျပန်- မြန်မာ နှစ်နိုင်ငံပေါင်းပြီး မြေဟတ်တာ ၂၄၀၀ အကျယ်ရှိ အထူးစီးပွားရေးဇုန်ကို ရန်ကုန်မြို့ပြင် သီလ၀ါမှာ ပူးပေါင်းအကောင်အထည်ဖော်ဖို့ သဘောတူထားတာဖြစ်ပြီး ရိုက်တာသတင်းတပုဒ်မှာတော့ သီလ၀ါစီမံကိန်း အခြေခံအဆောက်အဦတွေ တည်ဆောက်ရေးအတွက် ဂျပန်အစိုးရက ခန့်မှန်းချေ အမေရိကန်ဒေါ်လာ ၁၂ ဒဿမ ၆ ဘီလီယံ ပံ့ပိုးကူညီပေးဖို့ ရှိနေတယ်လို့ ဖော်ပြပါတယ်။

ဂျပန်ဒုဝန်ကြီးချုပ် တာရိုအာဆိုဟာ ဇန်န၀ါရီ ၄ ရက်နေ့ ရန်ကုန်မှာ ဂျပန် စီးပွားရေးသမားတွေနဲ့လည်း တွေ့ဆုံဖို့ရှိပြီး ဇန်န၀ါရီ ၅ ရက်နေ့ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

မစ္စတာရိုအာဆိုဟာ ၂၀၀၈ ခုနှစ် စတင်ဘာလကနေ ၂၀၀၉  စက်တင်ဘာလထိ ဂျပန်နိုင်ငံရဲ့ ၀န်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၁၂ အထွေထွေရွေးကောက်ပွဲမှာ ဂျပန်လစ်ဘရယ် ဒီမိုကရက်တစ်ပါတီက ရှင်ဇိုအဘေး ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ခံရပြီးနောက်  အစိုးရအဖွဲ့သစ်မှာ ဒုဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရတာပါ။

သူဟာ ဂျပန်-မြန်မာအသင်း အဖွဲ့ဝင်နဲ့ ဥပဒေပြုလွှတ်တော်အမတ်တဦးအနေနဲ့ မြန်မာနိုင်ငံကိုလာဖို့ မူလကတည်းက အစီအစဉ်ရှိထားပြီး အခု ဒုဝန်ကြီးချုပ် တာဝန်နဲ့ ရောက်ရှိလာတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013