DVB Logo
Home
မြန်မာသတင်း
အေဘီအက်စ်ဒီအက်ဖ် ခေါင်းဆောင်များနှင့် မြောက်ပိုင်းအဖွဲ့ အချက် ၃ ချက် သဘောတူ
DVB
·
January 2, 2013
အေဘီအက်စ်ဒီအက်ဖ် ခေါင်းဆောင်များနှင့် မြောက်ပိုင်းအဖွဲ့ အချက် ၃ ချက် သဘောတူ
Donate to DVB

မြန်မာပြည်ထဲရောက်ရှိနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ခေါင်းဆောင်တွေနဲ့ မြောက်ပိုင်းပြန် ကျောင်းသားအဖွဲ့တို့ ရန်ကုန်မှာ ဒီနေ့တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အချက် ၃ချက် သဘောတူခဲ့ကြပါတယ်။

မြောက်ပိုင်းပြန် ကျောင်းသားအဖွဲ့ဟာ ၁၉၉၂ ခုနှစ်တုန်းက မြောက်ပိုင်း ကချင်ပြည်နယ် ပါဂျောင်စခန်းမှာ သူလျှိုအဖြစ်စွပ်စွဲခံရပြီး အသက်သေဆုံးခဲ့တဲ့ဖြစ်စဉ်မှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ပြီး လွတ်မြောက်လာသူတွေဖြစ်ပါတယ်။ သူတို့တွေက ဒီအဖြစ်အပျက်ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုနေကြတာ ဖြစ်ပါတယ်။

အေဘီအက်စ်ဒီအက်ဖ်အဖွဲ့ဟာ ဒီဆွေးနွေးမှုမတိုင်ခင် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၇ ရက်တုန်းက ၁၉၉၂ ခုနှစ်က မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်များအတွင်း နစ်နာဆုံးရှုံး အသက်ပေးသွားခဲ့ကြတဲ့ ရဲဘော်တွေ၊ သက်ဆိုင်ရာ ကာယကံရှင်တွေ၊ မိဘဆွေမျိုးတွေနဲ့အတူ အဖွဲ့အစည်းအနေဖြင့် ထပ်တူ ဝမ်းနည်းရသလို ယင်းကဲ့သို့ ဖြေရှင်းဆောင်ရွက်ခဲ့မှုများအတွက် အလေးအနက် တောင်းပန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမှန်တရားနဲ့  တရားမျှတမှု ဖော်ထုတ်ရေးအဖွဲ့ ဖွဲ့ပြီး တာဝန်ပေးထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို ကြေညာချက်ထုတ်ပြန် တောင်းပန်ပြီးနောက် လက်ရှိဥက္ကဋ္ဌ ဦးသံခဲ အပါအ၀င် ကျောင်းသားတပ်မတော်ခေါင်းဆောင်တွေရဲ့ မြန်မာပြည်ခရီးစဉ် အတွင်းမှာ မြောက်ပိုင်းပြန် ကျောင်းသား အဖွဲ့ဝင်တွေကို မျက်နှာချင်းဆိုင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးတာ ဖြစ်ပါတယ်။

မြောက်ပိုင်းပြန် ကျောင်းသားအဖွဲ့ရဲ့ ကိုရဲလင်းက သူတို့ရရှိခဲ့တဲ့ သဘောတူညီချက်တွေကို ပြောပြပါတယ်။

“နံပါတ် ၁ အချက်က မြောက်ပိုင်းမှာ ဖမ်းဆီးနှိပ်စက်ခံခဲ့ရတဲ့ မြောက်ပိုင်းပြန်တွေနဲ့ မကဒတ ဥက္ကဋ္ဌ ကိုသံခဲ အပါအ၀င် ၉ ဦးနဲ့ တွေ့ဆုံခဲ့တယ်။ လွတ်လပ်ပွင့်လင်းစွာ ပထမဆုံးအကြိမ်တွေ့ဆုံခွင့်ရတယ်၊ သဘောတူညီမှုတွေရတယ်။ ၂ အချက်က မြောက်ပိုင်းမှာဖြစ်ပျက်ခဲ့တဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး တရားမျှတမှုအတွက်၊ အဖြစ်အပျက်မှန်တွေအတွက် ကျနော်တို့ မြောက်ပိုင်းပြန်တွေနဲ့ လက်ရှိ အေဘီအက်စ်ဒီအက်ဖ်က ဖွဲ့စည်းပေးထားတဲ့ ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သဘောတူခဲ့ကြတယ်။ နောက် တချက်က မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေအတွင်း ကျဆုံးသွားခဲ့တဲ့ ကျောင်းသားရဲဘော်တွေရဲ့ စာရင်းကို အေဘီအက်စ်ဒီအက်ဖ် ကျဆုံးစာရင်းမှာ ထည့်သွင်းဖို့ စာရင်းပြုစုမယ်။ မှတ်တမ်းရေးသွင်းသွားဖို့ အတွက် ဆက်လက်ဆောင်ရွက်သွားမယ်။”

လက်ရှိ အေဘီအက်စ်ဒီအက်ဖ် ခေါင်းဆောင် ဦးသံခဲနဲ့ အဖွဲ့ဝင် ၉ ဦး တက်ရောက်ဆွေးနွေးခဲ့ပြီး မြောက်ပိုင်းအဖွဲ့က အဖွဲ့ဝင် ၁၅ ဦး တက်ရောက်ခဲ့တယ်လို့လည်း ပြောပါတယ်။

မြောက်ပိုင်းပြန်ကျောင်းသားတွေရဲ့လိုလားချက်တွေနဲ့ပတ်သက်ပြီး ကိုရဲလင်းက “မြောက်ပိုင်းမှာ မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်လို့ သေဆုံးသွားခဲ့ရတဲ့ လူတွေရော၊ ခံစားခဲ့ရတဲ့သူတွေဟာ စစ်ထောက်လှမ်းရေးတွေ မဟုတ်ဘူးဆိုတာကို အေဘီအက်စ်ဒီအက်ဖ်အနေနဲ့ အသိအမှတ်ပြုပြီး တရားဝင် ထုတ်ပြန်ကြေညာစေချင်တယ်။ နှစ်အချက် မိသားစုတွေ လက်လွတ်ဆုံးရှုံးခဲ့ရသူတွေရှိတယ်၊ သားသမီးဆုံးရှုံးခဲ့ရသူတွေ ကျနော်တို့နောက်မှာ တောက်လျှောက်ရှိတယ်။ သူတို့အပေါ် ကျနော်တို့က မက်ဆေ့ခ်ျတခုပေးချင်တယ်။ လက်ရှိ အေဘီအက်စ်ဒီအက်ဖ် ဥက္ကဋ္ဌ တွေ လာတယ်ဆိုတော့လေ။ သူတို့အနေနဲ့ ထောက်လှမ်းရေးဖြစ်ခြင်း မဖြစ်ချင်းအပေါ်မှာ Yes or No အဖြေ မပေးသွားဘူး။ ဒါပေမယ့် သူတို့အရင်ကြေညာခဲ့တဲ့ ကြေညာချက်စာသားတွေ ပြန်ပြောသွားတာရှိတယ်။ အေဘီအက်စ်ဒီအက်ဖ် အလံတော်တခုတည်းအောက်မှာ သစ္စာဆိုခဲ့ကြပြီး ဒီအဖြစ်အပျက်တွေ ဖြစ်ခဲ့တယ်လို့ ညွှန်းဆိုပြောကြားထားတာရှိတယ်။ အဲအချက်အပေါ်မှာ လတ်တလော ကျေနပ်ထားဖို့ အဲလောက်ပဲ သူတို့ ထိန်းထိန်းသိမ်းသိမ်း ပြောသွားတယ်။”

၁၉၉၂ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် ပါဂျောင်စခန်းမှာ  ကျောင်းသားကျောင်းသူပေါင်း ၁၀၀ ကျော်ကို စစ်ထောက်လှမ်းရေးလို့ စွပ်စွဲဖမ်းဆီးပြီး  ၃၈ ဦးကို တပ်ဖွဲ့ဝင်အချင်းချင်း သတ်ဖြတ်ခဲ့တယ်လို့ လွတ်မြောက်လာသူတွေက အထောက်အထားတွေနဲ့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013