DVB Logo
Home
မြန်မာသတင်း
အိုင်အယ်လ်အို ဆက်ဆံရေးကွန်ရက်က ဦးသက်ဝေ တရားစွဲခံရ
DVB
·
January 2, 2013
Donate to DVB

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်မှာ အင်းအတွင်းတားထားတဲ့ ငါးဖမ်းပိုက်တွေ ဖြုတ်သိမ်းတဲ့ကိစ္စနဲ့ စပ်လျဉ်းပြီး ငါးဖမ်းမှုနဲ့ နယ်မြေခံ ရွာသားသုံးဒါဇင်ခန့်နဲ့အတူ အိုင်အယ်လ်အို ဆက်ဆံရေးကွန်ရက်က ဦးသက်ဝေလည်း တရားစွဲဆိုခံရပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့က ကျောင်းကုန်းမြို့နယ်ထဲက အင်းသူကြီးဦးမှုန်ကြီး လုပ်ဆောင်နေတဲ့အင်းက ပိုက်တွေကို နယ်မြေခံလယ်သမားတွေနဲ့ ရေလုပ်သား ၄၀၀ ခန့်က သူတို့သဘောနဲ့ သူတို့ဖယ်ရှားခဲ့တာဖြစ်ကြောင်းနဲ့ အဲဒီဖြစ်စဉ်ကို မှတ်တမ်းတင်တဲ့ သူနဲ့ အတူလိုက်ပါတဲ့ မီဒီယာသမား ၂ ဦး အပါအ၀င် ရွာသားစုစုပေါင်း ၃၇ ဦးကို အင်းသူကြီး ဦးမှုန်ကြီးက တရားစွဲဆိုတယ်လို့ ဦးသက်ဝေက ပြောပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေက ဆည်မြောင်းကို လေလံပစ်ထားတဲ့အတွက် ရွာ ၄ ရွာမှာ ရေစီးရေလာမကောင်းလို့ စိုက်ပျိုးရေ မရတဲ့ကိစ္စနဲ့ တပိုင်တနိုင် ငါးဖမ်းခွင့် မရတဲ့ကိစ္စတွေကို ရွာသားတွေက လာရောက်တင်ပြလို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) ထံ တင်ပြဖို့ ဦးသက်ဝေတို့က လိုက်လံမှတ်တမ်းတင်တာလို့ ဆိုပါတယ်။

အခု ပြဿနာဖြစ်တဲ့နေရာမှာ အင်းလုပ်ခွင့်ချပေးပုံနဲ့ တရားစွဲဆိုမှုတွေဟာ ဧရာဝတီတိုင်းဒေသကြီးက ချမှတ်ထားတဲ့ ဥပဒေတွေနဲ့ မညီကြောင်း  ဦးသက်ဝေက အထောက်အထားနဲ့ ရှင်းပြပါတယ်။

“ဧရာဝတီတိုင်း ရေချိုငါးလုပ်ငန်းဦးစီးဌာနရဲ့ ၂၀၁၁-၁၂ ဥပေဒမှာ ဆည်မြောင်းကို အင်းလုပ်လို့မရဘူးဆိုပြီး ဥပဒေရဲ့ အပိုဒ် ၁၃ မှာ ပါတယ်။ တဆင့်ပြန်ရောင်းခြင်း၊ ပေါင်းနှံခြင်း၊ ရောင်းချခြင်း မပြုရဘူးဆိုတာ ပါထားပြီးသား။ ဧရာရွှေဝါကနေပြီး အင်းလေလံ ရထားတာပါလို့ ပြောတယ်။ အဲဒီ အင်းလေလံကတဆင့် ဦးမှုန်ကနေပြီး ပြန်ယူထားပြီး တရားစွဲတာလို့ ကျောင်းကုန်းမြို့နယ် တရားသူကြီးက ပြောတယ်။ အင်းရဲ့ လေလံစည်းကမ်းမှာကိုက ပေါင်နှံခြင်း၊ တဆင့်ပြန်လည် ပေါင်နှံခြင်း ရောင်းခြင်း မပြုရဘူးလို့ ပြောထားတယ်။”

ဦးသက်ဝေကို ကျူးကျော်မှု၊ အကျိုးဖျက်ဆီးမှု၊ အုပ်စုလိုက်ဖျက်ဆီးမှုနဲ့ စီတန်းလှည့်လှည်ခွင့်မရှိဘဲ လှည့်လည်မှု စတဲ့ အမှု ၄ မှုနဲ့ တရားစွဲဆိုထားပြီး လာမယ့် ၁၁ ရက်နေ့ ကျောင်းကုန်းမြို့နယ်တရားရုံးမှာ ရုံးချိန်းခေါ်ထားတယ်လို့ ဆိုပါတယ်။

ဒီတရားစွဲဆိုမှုကို ဦးမှုန်ကြီးဆိုသူက တိုင်တာဖြစ်ပြီး အမှုလက်ခံသူ ကျောင်းကုန်းမြို့နယ် ရဲစခန်းမှူး ဦးသိန်းဇော်ကို ဦးသက်ဝေတို့က မနှစ်တုန်းက လူကုန်ကူးမှုနဲ့ ပတ်သက်တယ်ဆိုပြီး တိုင်ကြားမှုအပေါ် မကျေနပ်လို့ လက်တုံ့ပြန်တာလို့ ယူဆကြောင်း ဦးသက်ဝေက ပြောပါတယ်။

ဒါကြောင့် စခန်းမှူး ဦးသိန်းဇော်ရဲ့ လုပ်ရပ်ဟာ အိုင်အယ်လ်အိုနဲ့ အစိုးရအကြား သဘောတူညီချက်ကို ဖောက်ဖျက်ရာ ကျတယ်လို့ ဝေဖန်ပါတယ်။

“ကျောင်းကုန်းမြို့နယ် စခန်းမှူး ဦးသိန်းဇော်က လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့အတွက် လူကုန်ကူးခံရတဲ့ နစ်နာတဲ့ ၁၀ တန်းကျောင်းသူ ကောင်မလေး ညိုဇင်ဌေး သူတို့ရွာက အကူအညီပေးတဲ့သူတွေနဲ့အတူ ကျနော့်ဆီ ရောက်လာတယ်။ အိုင်အယ်လ်အိုကို တင်ပေးလိုက်တယ်။ အိုင်အယ်လ်အိုမှာ တင်ပြတိုင်ကြားပြီးတဲ့နောက်ပိုင်းမှာ အငြှိုးအတေးထားပြီး ကူညီဆောင်ရွက်တဲ့သူ ၃ ယောက်ကို ပုဒ်မ ၅၀၀ နဲ့ တရားစွဲသလို ကျနော်တို့ကိုလည်း လက်တုံ့ပြန်အရေးယူတာပေါ့။”
ဒီကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အိုင်အယ်လ်အိုအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှွှတ်တော်အမတ်တွေကိုလည်း တင်ပြသွားမယ်လို့ ဆိုပါတယ်။ ဦးသက်ဝေတို့ အမှုအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူပြုအဖွဲ့က လိုက်ပါဆောင်ရွက်မယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013