DVB Logo
Home
မြန်မာသတင်း
ကျေးလက်ပြည်သူများ အရစ်ကျဆင်းကတ်အကြွေး သက်သာတော့မည်
DVB
·
January 1, 2013
Donate to DVB

မြန်မာ့ဆက်သွယ်ရေးက တယ်လီဖုန်းဆင်းကတ်တွေကို ဒီလထဲမှာ ကျပ်ငွေ ၁ သိန်းခွဲနဲ့အောက် ဈေးနှုန်းနဲ့ရောင်းချပေးတဲ့အခါ ဆင်းကတ်တခု ကျပ် ၂ သိန်းဈေးနှုန်းနဲ့ အရစ်ကျပေးစနစ် ၀ယ်ထားကြတဲ့ ကျေးလက်နေ ပြည်သူတွေလည်း ၁ သိန်းခွဲနဲ့အောက် ဈေးနှုန်းမှာ အကျုံးဝင်တယ်လို့ မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ကျေးလက်နေ ပြည်သူတွေဟာ ဆင်းကတ်တခုကို ကျပ် ၂ သိန်းနဲ့ အကြွေးစတင်ဝယ်စဉ်က ကျပ်ငွေ ၄ သောင်း ကနဦးပိုင်းသွင်းရပြီး ကျန်ငွေ ၁ သိန်း ၆ သောင်းကို နောက်လတွေမှာ တလကို ကျပ် ၁ သောင်းနှုန်း သွင်းနေကြရပါတယ်။

သူတို့အနေနဲ့ အခုလလယ်ကျရင် သတ်မှတ်ရောင်းချမယ့် ဈေးနှုန်းအတိုင်း ပြည့်မီအောင် ဆက်သွင်းရုံသာဖြစ်ပြီး ကျပ် ၂ သိန်းအထိ သွင်းစရာမလိုတော့တဲ့ သဘောဖြစ်ပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကြေးနန်းဆက်သွယ်ရေးနဲ့ စာတိုက်သင်တန်းကျောင်း ကျောင်းအုပ်ဦးကျော်စိုးက “ဈေးနှုန်းလျှော့ချမယ်ဆိုရင် ဈေးနှုန်းလျှော့ချတဲ့ အကျိုးကျေးဇူးကို အရစ်ကျနဲ့ ၀ယ်ထားတဲ့ သူတွေ ခံစားခွင့်ရှိမှာပါခင်ဗျ။ ကျနော်တို့က ကျေးလက်မှာ အဲဒီစည်းကမ်းချက် ထည့်ထားပေးပါတယ်။ ကျေးလက်ဒေသက ၀ယ်တဲ့သူတွေ အဲဒီစည်းကမ်းချက် ထည့်ထားပေးပါတယ်” လို့ ပြောပါတယ်။

သမ္မတက တန်ဖိုးနည်းဖုန်းတွေ အများပြည်သူသုံးစွဲနိုင်အောင် လုပ်ဖို့ ညွှန်ကြားခဲ့ပြီးတဲ့နောက် မနှစ်ကစလို့ ဆင်းကတ်တခုကို ကျပ် ၅ သိန်း ဈေးနှုန်းကနေ တဖြည်းဖြည်း ကျဆင်းလာတာဖြစ်ပါတယ်။

အစိုးရက ဒီနှစ်လယ်ပိုင်းမှာ အစိုးရ၀န်ထမ်းတွေကို ဆင်းကတ်တခု ကျပ် ၂ သိန်းနဲ့ အရစ်ကျပေးသွင်းဖို့ ရောင်းပေးခဲ့သလို အောက်တိုဘာမှာ ကျေးလက်နေ ပြည်သူတွေကိုလည်း ကျပ်ငွေ ၂ သိန်းနဲ့ အရစ်ကျပေးသွင်းတဲ့စနစ်နဲ့ ရောင်းပေးခဲ့ပါတယ်။

ဆက်သွယ်ရေးဝန်ကြီးဌာနဟာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေး အတွက် ကျေးလက်နေပြည်သူတွေ မိုဘိုင်းတယ်လီဖုန်းသုံးနိုင်အောင် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့ကနေ GSM (2.75 G) ဆင်းကတ်တွေကို အရစ်ကျစနစ်နဲ့ ရောင်းခဲ့ရာမှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်ထိ ကျေးရွာပေါင်း (၅,၄၁၉) ရွာကို မိုဘိုင်းဆင်းကတ်ပေါင်း (၆၄၃,၉၁၀) ကတ် ရောင်းချပြီး သုံးစွဲနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလအတွင်း ရောင်းချမယ့် အစီအစဉ်မှာ ရုံးသူရုံးသား အရစ်ကျဝယ်ထားသူတွေ  မပါဝင်ဘူးလို့ ကျောင်းအုပ် ဦးကျော်စိုးက ရှင်းပြပါတယ်။

“ကျနော်တို့ရဲ့ စည်းကမ်းချက်ကတော့ ကျေးလက်ဒေသဆိုပြီးတော့ စည်းကမ်းချက်ထဲမှာ ပါပါတယ်။ ရုံးသူရုံးသားဆိုတဲ့ကိစ္စကတော့ သူတို့ မူဝါဒပိုင်းဆိုင်ရာ ကိစ္စဖြစ်တဲ့အတွက်ကြောင့် သူတို့ စဉ်းစားဆုံးဖြတ်ပါလိမ့်မယ်” လို့ ပြောပါတယ်။

ဒီလအတွင်း ရောင်းချမယ့်ဆင်းကတ်ကို ကျပ်ငွေ ၁ သိန်းခွဲနဲ့အောက်လို့ အကြမ်းဖျင်းသာ ပြောနိုင်သေးပြီး ကျပ် ၁ သိန်းဈေး၊ ကျပ် ၁ သိန်း ၂ သောင်းဈေးတွေနဲ့ လာမယ့် ဒီဇင်ဘာ ၈ ရက်နေ့ စရောင်းမယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေဟာ သူပြောဆိုခြင်းမရှိဘဲ ဖော်ပြကြတာလို့ သူက ရှင်းလင်းပြောဆိုပါတယ်။

ဆင်းကတ်တခု ကျပ် ၅ ထောင်ဆိုတဲ့ကိစ္စဟာ ကုမ္ပဏီတွေ အပြိုင်အဆိုင်ပေါ်လာမှသာ ဖြစ်နိုင်မယ်လို့ ဆိုပါတယ်။

အခု အသစ်ရောင်းချမယ့် 3G/UMTS ဆင်းကတ်ဟာ လက်ရှိကမ္ဘာ့နိုင်ငံတွေမှာ အများဆုံး တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ မိုဘိုင်းဖုန်းစနစ်ဖြစ်ပြီး ဟန်းဆက် အမျိုးအစား မြင့်ရင်မြင့်သလို အကျိုးရှိရှိသုံးနိုင်ကြမှာ ဖြစ်ပါတယ်။

ဆက်သွယ်ရေးအရာရှိကို ကိုးကားတဲ့ မြ၀တီသတင်းမှာတော့ ဒီလအတွင်း ဆင်းကတ်တွေကို ရန်ကုန်တိုင်းဒေသကြီးမှာ ၁ သန်း၊ မန္တလေးတိုင်းဒေသကြီးမှာ ၂ သိန်း၊ မော်လမြိုင်နဲ့ ဘားအံမှာ ၆ သောင်း ချသွားပေးမယ်လို့ ပါရှိပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက် ဆက်သွယ်ရေး စာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာနကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအဖြစ် အမည်ပြောင်းခဲ့ပါတယ်။

အဲဒီဝန်ကြီးဌာနက သူတို့အနေနဲ့ အစိုးရသစ်မတက်ခင် ၂၀၁၁ ခုနှစ် မတ်လအထိ အော်တို-မိုဘိုင်း လိုင်း အင်အား နှစ်ဆယ့်နှစ်သိန်း၊ သုံးသောင်း သုံးထောင် လေးရာ ငါးဆယ့်လေး လိုင်းကနေ အစိုးရသစ်တက်ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိ အော်တို-မိုဘိုင်း လိုင်းအင်အား ငါးဆယ့်ခုနှစ်သိန်း ခုနှစ်သောင်း တစ်ထောင် နှစ်ရာ ခြောက်ဆယ့်နှစ်လိုင်းထိ တိုးချဲ့တပ်ဆင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013