DVB Logo
Home
မြန်မာသတင်း
စိန်ခေါ်မှုများကို ညီညီညွတ်ညွတ် ကျော်လွှားကြရန် သမ္မတတိုက်တွန်း
DVB
·
January 1, 2013
စိန်ခေါ်မှုများကို ညီညီညွတ်ညွတ် ကျော်လွှားကြရန် သမ္မတတိုက်တွန်း
Donate to DVB

တိုင်းပြည်လွတ်လပ်ရေးရယူစဉ်ကလို ညီညွတ်မှုမျိုးနဲ့ စိန်ခေါ်မှုတွေကို လက်တွဲ ကျော်လွှားသွားကြဖို့ မြန်မာ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့နှစ်သစ်ကူးမိန့်ခွန်းမှာ မြန်မာပြည်သူ တရပ်လုံးကို တိုက်တွန်း ပြောကြားလိုက် ပါတယ်။

၂၀၁၃ ဇန်န၀ါရီလ ၁ ရက် မနက်မှာ   သမ္မတ ဦးသိန်းစိန်က  ရေဒီယိုအစီအစဉ်တွေကနေ တဆင့် ပြည်သူကို ပထမဆုံး တိုက်ရိုက် ပြောကြားတဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတာပါ။

“မကြာခင်မှာ ကျရောက်တော့မယ့် လွတ်လပ်ရေးနေ့နဲ့ ဆက်စပ်ပြီး ကျနော်တွေးမိတဲ့ အကြောင်းအရာတခုကို ပြည်သူလူထုကို မျှဝေချင်ပါတယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ လွတ်လပ်ရေးရယူစဉ်က စုစည်းနိုင်ခဲ့တဲ့ ညီညွတ်မှု အင်အားအတိုင်း နိုင်ငံသားတဦးချင်း တယောက်ချင်းစီက လက်တွဲလုပ်ဆောင်နိုင်မယ်ဆိုရင် အခုတွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေ၊ အပြောင်းအလဲတွေကို မလွှဲမသွေ ကျော်လွှားနိုင်မယ်ဆိုတဲ့ အတွေးပဲဖြစ်ပါတယ်။ ပြည်သူလူထု အများစုအနေနဲ့လည်း တသဘောထဲ ရှိနေမယ်လို့ ယုံကြည်တဲ့အတွက် ကျနော်တို့နဲ့ အတူလက်တွဲ ဆောင်ရွက်ဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။ မိဘပြည်သူတရပ်လုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။”

ဒါ့အပြင် အစိုးရနဲ့ ပြည်သူအကြား တိုက်ရိုက်ဆံရေး လမ်းကြောင်းသစ် စတဲ့ အနေနဲ့ ရေဒီယိုမိန့်ခွန်းတွေ စပြောကြားဖို့ ဆုံးဖြတ်ထားတယ်လို့လည်း သမ္မတက ပြောကြားသွားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးဝင်းတင်ကတော့  သမ္မတရဲ့ နှစ်သစ်ကူးမိန့်ခွန်းကို ကြိုဆိုလိုက်ပြီး၊ အစိုးရ လိမ္မာလာတယ်၊ သမ္မတ လိမ္မာလာတယ်လို့ မှတ်ချက်ပေး ပြောပါတယ်။

“ဦးသိန်းစိန် ပြောတဲ့မိန့်ခွန်းအဓိက အချက်က အစိုးရနဲ့ ပြည်သူ တိုက်ရိုက်စကားပြောမယ်လို့ ပြောတာဖြစ်တယ်။ နောက်တခါ သူ့ရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်က အစိုးရနဲ့ပြည်သူကြားမှာ အပြန်အလှန် ယုံကြည်မှုရရှိရေး တည်ဆောက်ရေးဖြစ်တယ်လို့ ပြောတယ်။ ဒီ ၂ ချက်လုံးကို အပေါ်ယံပြောမယ်ဆိုရင်တော့ လုံးဝ ထောက်ခံတယ်၊ ကြိုဆိုတယ်လို့ ပြောချင် တယ်။ ကောင်းပါတယ်။ နောက် ကျနော်ပြောချင်တာက ဒါတွေ စကားပြောရုံနဲ့ မပြီးဘူး။ လက်တွေ့လုပ်ဖို့ လိုတာပြောချင်တယ်။ နောက် ဒီလိုဖြစ်ပေါ်နေတာ မြန်မာပြည်တင်မကဘူး၊ ကမ္ဘာမှာဆိုလည်း ကြာလှပြီ။ ပတ်ဝန်းကျင်နိုင်ငံတွေမှာဆိုလည်း ကြာလှပြီ။ မြန်မာပြည်မှာဆိုလည်း ဒေါ်အောင်ဆန်းစုကြည် ဒီလိုနည်းနဲ့လှုပ်ရှားခဲ့တာ ကြာပြီလို့ ပြောချင်ပါတယ်။ ဒါကြောင့် အခု ဦးသိန်းစိန်က ဒီလိုစကားမျိုးပြောလာတာ၊ ဒီလိုသဘောထားမျိုး ပြောလာတာ၊ ဒီလိုလုပ်ရပ်မျိုး လုပ်လာတာ ကောင်းတယ်လို့ ပြောချင်ပါတယ်။ အရပ်စကားနဲ့ ပြောမယ်ဆိုရင် အစိုးရလိမ္မာလာတယ်။ သမ္မတ လိမ္မာလာတယ်လို့ ပြောလို့ရတယ်လို့ ယူဆပါတယ်။”

တခါ လွတ်လပ်ပွင့်လင်းမှုရှိလာတဲ့ အခြေအနေကို ရင့်ကျက်မှုရှိရှိနဲ့ တုံ့ပြန်နိုင်မှ တူညီတဲ့ရည်မျန်းချက်ကို အရောက်လှမ်းနိုင်မယ်လို့ သမ္မတက နှစ်ကူးမိန့်ခွန်းထဲ ထည့်သွင်းပြောကြားသွားပါတယ်။

အစိုးရအနေနဲ့တော့ ရင့်ကျက်တဲ့တုံ့ပြန်မှုအပိုင်းမှာ အားနည်းနေသေးကြောင်း၊ ပြည်သူတွေအနေနဲ့ ဦးသိန်းစိန်ရဲ့ စကားတွေကို လေးလေးစားစား စောင့်ကြည့်သွားဖို့ လိုကြောင်း  ဦးဝင်းတင်က ပြောသွားပါတယ်။

“ရင့်ကျက်မှု ရှိရှိ တုံ့ပြန်ရေးအပိုင်းဆိုရာမှာ ဦးသိန်းစိန်တို့ဘက်က အခုတုံ့ပြန်တာက ဥပမာ သံဃာတွေကို လက်ပန်းတောင်းကိစ္စ အကြမ်းဖက်နှိမ်နင်းတာမျိုးတို့။ နောက် ဆန္ဒပြတောင်းဆိုခွင့်ရှိတယ်ဆိုပြီး ခွင့်ပြုထားပြီးတော့ ဆန္ဒပြတောင်းဆိုသူတွေကို ဒီနေ့အထိ ဖမ်းဆီးတာ၊ တရားစွဲတာ ပုံစံမျိုးလုပ်နေတာမျိုး။ နောက်တခါ လယ်သမားအရေး ဖြေရှင်းတာမျိုးမှာ အရာရှိတွေက လွှမ်းမိုးချုပ်ချယ်နေတာ၊ နှောင့်ယှက်နေတာ၊ ငြင်းဆိုနေတာတွေကို အခုထိ မဖြေရှင်းနိုင်တာတွေ။ အလုပ်သမားတွေ အလုပ်ခွင်တွေမှာ ဆန္ဒထုတ်ဖော်တာတွေကိုလည်း ဘာမှဖြေရှင်းနိုင်ခြင်းမရှိဘဲနဲ့ ပိုင်ရှင်ဘက်ကနေပဲ ဘက်လိုက်တာ၊ အဂတိလိုက်တာတို့နဲ့ ဖြေရှင်းနေတာတွေ တွေ့နေတော့ သူတို့ဟာ ဦးသိန်းစိန်ပြောတဲ့ ရင့်ကျက်တဲ့တုံ့ပြန်မှုက အလွန်နည်းပါးနေပါတယ်။ အချုပ်ပြောရရင် ဦးသိန်းစိန်ရဲ့ သဘောထားတွေ၊ ပြောဆိုလာတဲ့ လုပ်ဟန်တွေကို ကြိုဆိုတယ်။ ဒါအလွန်ကောင်းပါတယ်။ ဆိုပါတော့ အန်အယ်လ်ဒီဘက်ကပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်လည်း ဒီလိုပုံစံနဲ့ လုပ်နေတာ အခုမှ မဟုတ်ဘူး။ နှစ်ပေါင်း ၂၀ ကျော်လာပါပြီ။ ဒီပုံစံနဲ့ပဲ ပြည်သူနဲ့ တိုက်ရိုက်တွေ့တယ်၊ တွေ့ဖို့ ကြိုးစားတယ်။ ပြည်သူနဲ့ အပြန်အလှန် နားလည်မှုတွေ၊ ယုံကြည်မှုတွေ ရရှိတာတွေ တည်ဆောက်နေပါတယ်။ အခု ဦးသိန်းစိန်ပြောလာတဲ့အခါ၊ နှစ်ပေါင်း ၂၀၊ ၂၅ နောက်ကျနေသော်ငြားလည်း ကြိုဆိုပါတယ်။”

“အဲဒါတွေဟာ ဦးသိန်းစိန်ပြောတဲ့အတိုင်းပဲ ပြည်သူတွေရဲ့ အနာဂတ်ရည်မှန်းချက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ကူညီပါ။ အစိုးရအနေနဲ့ ရင့်ရင့်ကျက်ကျက် တုံ့ပြန်ပါ။ ပြည်သူတွေအကောင်းဆုံးမျှော်လင့်နေသလိုပဲ ပြည်သူတွေဟာ အကောင်းဆုံးကိုပဲ တောင်းဆိုခွင့်ရှိတယ်ဆိုတဲ့ အချက်ကိုလည်း မမေ့ပါနဲ့လို့ ပြောချင်တယ်။ ဦးသိန်းစိန်မေ့မယ်လို့လည်း မထင်ဘူး.သူပြောတဲ့အထဲမှာလည်း ဒီအချက် ၂ ချက်ပါပြီးသားဖြစ်တယ်။ ဒါကြောင့် ဦးသိန်းစိန်ရဲ့ စကားတွေကို တိုင်းပြည်က လေးလေးစားစား စောင့်ကြည့်သွားဖို့ လိုလိမ့်မယ်။ သူပြောတဲ့အတိုင်းပဲ ကျနော်တို့ဘက်ကလည်း ပြည်သူတွေဘက်ကလည်း ရင့်ကျက်မှုရှိရှိနဲ့ တုံ့ပြန်နိုင်အောင် ကြိုးစားသွားရမှာပဲလို့ ပြောချင်ပါတယ်။”

အစိုးရရဲ့ ရှေဆက်ဆောင်ရွက်သွားမယ့် ဆောင်ရွက်ချက်တွေကို ပြည်သူလူထုကြီးထံ အဆက်မပြတ် ပြောကြားသွားပါမယ်လို့ သမ္မတဦးသိန်းစိန်က သူ့ရဲ့နှစ်ကူးမိန့်ခွန်းထဲမှာ အသိပေးပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013