DVB Logo
Home
အာရှဒေသ
ရာသီသွေးပေါ်ချိန် အမျိုးသမီးတွေကို ခွဲခြားထားတဲ့ နီပေါကျေးလက်ဓလေ့
DVB
·
January 1, 2013
ရာသီသွေးပေါ်ချိန် အမျိုးသမီးတွေကို ခွဲခြားထားတဲ့ နီပေါကျေးလက်ဓလေ့
Donate to DVB

ဘတ်ဂက်ဆ၀ါဆိုတဲ့ ရွာကလေးက ဘုရားကျောင်းမှာ လူတွေ ဒါဇင်နဲ့ချီပြီး ရောက်နေပါတယ်။ ရိုးရာဗုံတွေ တီးရင်၊ ရိုးရာသီချင်းတွေကို သီဆိုနေကြပါတယ်။

"ချောင်ဗဒီ" လို့ ခေါ်တဲ့ အမျိုးသမီးတွေကို ရာသီသွေးပေါ်ချိန်မှာ ပတ်ဝန်းကျင်နဲ့ သီးသန့် ခွဲထားတဲ့ ဓလေ့ကို အဆုံးသတ်ဖို့ စည်းရုံးလှုပ်ရှားနေကြတာပါ။ "ချောင်ဗဒီ" ဆိုတဲ့ ဒီဓလေ့အောက်မှာ ရာသီသွေးပေါ်ချိန်မှာ အမျိုးသမီးတွေကို ယုတ်ညံ့သူတွေလို့ သတ်မှတ်ကြ ပါတယ်။

ဒါကြောင့် အမျိုးသမီးတွေကို မိသားစုနဲ့ ခွဲထုတ်ပြီး နွားမတွေကို ထားတဲ့တဲတွေမှာ ၄ ရက်လောက်အထိ ထားကြပါတယ်။ အဲဒီတဲတွေမှာ ပြတင်းတံခါးတွေ မရှိသလို၊ ကြမ်းခင်းတွေကလည်း သန့်ရှင်းမှုမရှိပါဘူး။

ရပ်မိရပ်ဖတယောက်ဖြစ်တဲ့ ပရာကက်ရှ် ကတ္တီးက “ကျနော်တို့ရွာမှာ ရှက်စရာကောင်းတဲ့ ဓလေ့ရှိနေတာကို အဆုံးသတ်နိုင်အောင် ဆောင်ရွက်ဖို့ ကော်မတီလေးတခု ဖွဲ့ထားပါတယ်” လို့  ပြောပါတယ်။

ဒါပေမယ့် ချောင်ဗဒီ ဓလေ့ကို ထောက်ခံသူတွေကို နားချရတာ ခက်တဲ့အကြောင်း သူက ဆက်ပြောပြပါတယ်။

“လူကြီးပိုင်းကို စည်းရုံးရတာကတော့ မလွယ်ဘူးဗျ၊ ကျနော်တို့ စည်းရုံးတာကို လက်မခံကြဘူး။ တချို့နေရာတွေမှာ စောဒက တက်တာတွေနဲ့လည်း ကြုံရပါတယ်။ သူတို့ ယုံကြည်ထားတာက အမျိုးသမီးတွေ ရာသီသွေးပေါ်တဲ့အချိန်မှာ သူတို့ကို တဲထဲမှာပဲ သီးသန့်ထားရမယ်။ မထားရင် ဘုရား မကြိုက်ဘူးလို့ ပြောနေကြတယ်။”

တဲထဲမှာ နေတဲ့အချိန်မှာ အမျိုးသမီးတွေအတွက် စားစရာ ရိက္ခာခြောက်တချို့၊ ဆားနဲ့ ဆန်တွေလောက်ပဲ ထားပေးပါတယ်။

"ချောင်ဗဒီ" ဓလေ့ကို သိပ်မုန်းတယ်လို့ ဆိုတဲ့ အသက် ၁၈ နှစ်အရွယ် ကျောင်းသူလေး ဒပ်ယာ ဘိုဟာရာက “မြွေတွေကို ကျမ သိပ်ကြောက်တယ်။ အဲဒီ တဲတွေထဲမှာ ရှိနေတုန်း မြွေကိုက်ခံရလို့ သေသွားတဲ့ အမျိုးသမီးတွေ အကြောင်းလည်း ကြားဖူးပါတယ်” လို့ ပြောပါတယ်။

“တဲထဲမှာ မီးလည်း မရှိဘူး။ ညအချိန်ကျရင် တယောက်ယောက်က မတော်မတရား လုပ်ရင် ဘယ်နှယ်လုပ်မလဲ၊ တဲက ကျမ အိမ်ကနေ ၁၀ မိနစ်လောက် လမ်းလျှောက်သွားရတယ်။ တဲထဲမှာ စာလည်း ဖတ်လို့ မရပါဘူး။”

အသက် ၃၅ နှစ်အရွယ် ဘဲလူး ပန်ဒစ်ဆိုရင် တဲထဲမှာ သွားနေရတုန်း သူ့မိသားစုအတွက် စိုးရိမ်သောက ရောက်ခဲ့ရရှာပါတယ်။

“ကျမယောက်ျားက နေထိုင်မကောင်း ဖြစ်နေချိန်ဆိုတော့ ကိုယ်အိမ်မှာမရှိတဲ့အချိန် ယောက်ျား အတွက်လည်း ပူရ၊ ကလေးတွေ အဆင်မှ ပြေပါ့မလားလို့ စိုးရိမ်ရတာပေါ့။ အိပ်လည်း မပျော်ပါဘူး။ အခုတော့ အိမ်ပြန်ရောက်ပြီတော့ ၀မ်းသာလိုက်တာရှင်။ ကျေးဇူးပါပဲ ဘုရားသခင်။”

တဲတွေက ကျန်းမာရေးနဲ့လည်း မညီညွတ်ပါဘူး။ တဲမှာ နေခဲ့ရတဲ့အတွက် တချို့ဖျားနာတာတွေ၊ ၀မ်းပျက်ဝမ်းလျောဖြစ်တာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ခံစားကြရပါတယ်။ ပိုဆိုးတဲ့ အခြေအနေမျိုးမှာ အာဟာရ ချို့တဲ့တာမျိုးလည်း ဖြစ်ကြပါတယ်။

"ချောင်ဗဒီ" ဓလေ့ကြောင့် အမျိုးသမီးငယ်တွေလည်း ကျောင်းပျက်ကြပါတယ်။ ကလေးမွေးပြီးစ မိခင်တွေကိုလည်း ချမ်းသာမပေးပါဘူး။ သွေးနုသားနု မိခင်တွေ၊ ကလေးတဖက်နဲ့ တဲမှာ နေကြရတဲ့အတွက် မွေးကင်းစကလေးတွေ သေဆုံးတာ၊ မိခင်တွေ သေဆုံးတဲ့ နေရာမှာ နီပေါနိုင်ငံ အနောက်ပိုင်း ဒေသက အဆိုးဆုံးအနေအထားမှာ ရှိပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်အတွင်းမှာ အာချမ်းပြည်နယ်ထဲမှာ ဒီလိုအဖြစ်အပျက်တွေအတွင်း သေဆုံးတဲ့ အမျိုးသမီး ၈ ဦး ရှိခဲ့တယ်လို့ ဒေသခံရဲတွေက ပြောပြပါတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း ဆယ်ကျော်သက်အရွယ် အမျိုးသမီးတယောက်ကို တဲထဲမှာ မုဒိမ်းကျင့်တဲ့ အမှုတခု ပေါ်ပေါက်ခဲ့ပါတယ်။

ဒေသ အန်ဂျီအိုဖြစ်တဲ့ ဆမ်းဘိုက်ကက်စ်အဖွဲ့ဆိုရင် ဒီိကိစ္စမှာ ဆောင်ရွက်နေတာ နှစ်နဲ့ ချီနေပါပြီ။ အစီအစဉ်ရဲ့မန်နေဂျာ ဒါရူဘာ ဆန်းနာကလည်း လူတွေရဲ့ အစွဲအလမ်းကို ပြောင်းလဲအောင် လုပ်ရတာ မလွယ်ကူတဲ့အကြောင်း ရှင်းပြပါတယ်။

“ဒေသခံ ဘာသာရေးခေါင်းဆောင်တွေက အဓိက ပြဿနာဖြစ်နေတယ်။ အကယ်၍ အမျိုးသမီးတွေကို အိမ်မှာ ထားလို့ အိမ်မှာမွေးထားတဲ့ ကျွဲနွားတွေ သေကုန်ရင် ကျနော်တို့က လျော်ကြေးပေးရမယ်လို့ ဆိုနေတယ်ဗျာ။”

အမျိုးသမီးဘ၀ ဖွံ့ဖြိုးရေးရုံးရဲ့ ကိန်းဂဏန်းတွေအရ အရွယ်ရောက်ပြီးတဲ့ အမျိုးသမီး ၁ သောင်း ၉ ထောင်ထဲမှာ ၃ ထောင်လောက်ကပဲ ရာသီသွေးပေါ်ချိန်မှာ ကိုယ့်အိမ်ကိုယ် နေကြတယ်လို့ ဆိုပါတယ်။

"ချောင်ဗဒီ"  ဓလေ့ကို ဖျက်သိမ်းတဲ့ အမိန့်ထုတ်ဖို့ ၂၀၀၅ ခုနှစ်တုန်းကလည်း နိုင်ငံတော် တရားရုံးချုပ်ကနေ အစိုးရကို ညွှန်ကြားခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက အစိုးရကလည်း  “မကောင်းတဲ့အလေ့အထ” ကို ဖျက်သိမ်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

ဒါပေမယ့် တောပိုင်းတွေမှာတော့ ဒီဓလေ့က ဆက်ရှိနေတဲ့အကြောင်း British Nepal Medical Trust အန်ဂျီအိုအဖွဲ့က အကြံပေး  ဒေါက်တာ အာနာအပ်ရတီက ပြောပါတယ်။

“မြို့နဲ့ဝေးတဲ့ တောပိုင်းတွေမှာတော့ ဒီဓလေ့အပေါ် ယုံကြည်မှုက အားကောင်းနေတုန်းပဲ။ တက်ကြွလှုပ်ရှားသူတွေနဲ့ ဆေးဘက်စေတနာဝန်ထမ်းတွေ ကိုယ်တိုင်က ဒီဓလေ့ကို ဆက်ပြီးတော့ လက်ခံကျင့်သုံးနေကြတုန်းပဲ။ သူတို့ကို မေးကြည့်လိုက်ရင် သူတို့ ယောက္ခထီး၊ ယောက္ခမတွေကြောင့်လို့ ပြောတယ်၊ သူတို့ကို ပြောဖို့ သိပ်ခက်တယ်။

“ချောင်ဗဒီ" ဓလေ့ကို ဖျက်သိမ်းဖို့ စည်းရုံးလှုပ်ရှားနေကြတဲ့ ဘတ်ဂက်ဆ၀ါ ရွာကလေးမှာ တော့ အသက် ၃၅ နှစ်အရွယ် ပရာဝတီ ဘိုဟာရာက ပျော်ရွှင်နေပါတယ်။

“အရင်တုန်းက ဘုရားမကြိုက်ဘူးဆိုတဲ့ အယူအဆကို ကျမလည်း ယုံကြည်ခဲ့တယ်။ ဒါပေမယ့် "ချောင်ဗဒီ" တဲမှာ သွားနေတဲ့အတွက် ကျမတို့တွေ အဆုတ်ရောဂါ ရကြတယ်။ အခုတော့ ကိုယ့်အိမ်မှာပဲ ကိုယ်နေနိုင်ကြပါပြီ၊ ကလေးတွေအတွက်ရော၊ မိခင်တွေအတွက် ဘေးကင်းလုံခြုံသွားပါပြီ။

( Sunil Neupane ရေးသည့် Efforts to end ‘chhaupadi’ – a monthly stigma in rural Nepal သတင်းဆောင်းပါးကို ဘာသာပြန်ပါသည်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013