DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာအလုပ်သမား ၄၇၀ ကျော် အလုပ်ဖြုတ်ခံရ
ဇွဲသစ်
·
March 19, 2026
အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမားများ။ (Photo: MHAC)
အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမားများ။ (Photo: MHAC)
Donate to DVB

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ လယောင်မြို့က အီလက်ထရောနစ် စက်ရုံတရုံမှာ မြန်မာအလုပ်သမား ၄၇၀ ကျော် အကြောင်းမဲ့ အလုပ်ဖြုတ်ခံရပြီးနောက် ထိုက်သင့်တဲ့ နစ်နာကြေးတွေ ရပေမဲ့ အလုပ်လက်မဲ့ပြဿနာကို ရင်ဆိုင်နေရပါတယ်။

လယောင်မြို့မှာရှိတဲ့ အီလက်ထရောနစ် စက်ရုံတရုံမှာ ဝန်ထမ်းအင်အား လျှော့ချတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာလုပ်သား ၄၇၀ ကျော်ကို မတ် ၁၀ ရက်က ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်ခဲ့တာပါ။

အလုပ်သမားတွေ အစုလိုက်အပြုံလိုက် အလုပ်ဖြုတ်ခံရတာကြောင့် MHAC မဟာမိတ်အဖွဲ့ကို အကူအညီတောင်းခံခဲ့ပြီး မတ် ၁၃ ရက်မှာ MHAC အဖွဲ့နဲ့ LPN ဖောင်ဒေးရှင်းတို့က ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းကာ ပြေလည်အောင် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

MHAC မဟာမိတ်အဖွဲ့ ဦးဆောင်သူ ကိုရဲမင်းက “စက်ရုံက အကြောင်းမဲ့ အလုပ်ထုတ်လိုက်တာပါ။ ထိုင်းနိုင်ငံ၊ ချွန်ဘူရီ၊ လယောင်မြို့မှာရှိတဲ့ အီလက်ထရောနစ်စက်ရုံက အလုပ်ထုတ်လိုက်တာပေါ့။ ကြိုတင်လည်း အကြောင်းမကြားဘူး။ အလုပ်ရှိတဲ့အချိန်မှာ အလုပ်သမားတွေကို ခေါ်ခိုင်းပြီး အလုပ်နည်းတဲ့အချိန်မှာ အလုပ်သမားတွေကို အကြောင်းမဲ့ တန်းအလုပ်ဖြုတ်ပစ်လိုက်တာ။ အားလုံးပေါင်း အလုပ်သမား လူ ၄၇၀ ကျော်ပေါ့။ အခု အဲ့အလုပ်သမားတွေအားလုံး ကျနော်တို့ ထိုက်သင့်တဲ့ နစ်နာကြေးတွေတော့ ရသွားပြီ။ အလုပ်တွေတော့ ပြုတ်သွားတယ်။ အစုလိုက် အပြုံလိုက်ကြီး အလုပ်လက်မဲ့တွေ ဖြစ်သွားကြတယ်” လို့ ပြောပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေရှေ့မှာ အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမား ၄၇၂ ယောက်အတွက် ဥပဒေပါအတိုင်း ထိုက်သင့်တဲ့ နစ်နာကြေးနဲ့ လုပ်အားခတွေကို အလုပ်ရှင်ဘက်က မတ် ၁၇ ရက်မှာ အပြည့်အဝ ရှင်းပေးခဲ့တယ်လို့ သိရပါတယ်။

အလုပ်ဖြုတ်ခံရတဲ့ လုပ်သား စုစုပေါင်း ၄၇၂ ယောက်အတွက် သူတို့ရဲ့ လုပ်သက်အပေါ်မူတည်ပြီး နစ်နာကြေး စုစုပေါင်း ဘတ်ငွေ ၈ ဒသမ ၁၃ သန်းကျော် ပြန်လည်ရရှိခဲ့တယ်လို့ MHAC အဖွဲ့က ထုတ်ပြန်ပါတယ်။

အလုပ်သမားတွေဟာ ထိုက်သင့်တဲ့ နစ်နာကြေးတွေ ရရှိခဲ့ကြပေမဲ့ အခုလိုကာလမှာ အလုပ်သစ် ပြန်ရဖို့ မလွယ်ကူတာကြောင့် အလုပ်လက်မဲ့ ပြဿနာကို ရင်ဆိုင်နေရပါတယ်။

အလုပ်ဖြုတ်ခံရတဲ့ အမျိုးသမီးတယောက်က “အခုချိန်က အလုပ်ပြန်ရဖို့တော့ မသေချာဘူး။ သက်တမ်းတိုးကိစ္စတွေလည်း လုပ်နေတာဆိုတော့ ဒီနိုင်ငံမှာက သက်တမ်းတိုးချိန်ဆို အလုပ်ခေါ်တာလည်း ရှားတယ်လေ။ အကုန်လုံး တိုးပြီးမှ ခေါ်ကြတာ။ အခက်အခဲ အကျပ်အတည်းကတော့ သူများနိုင်ငံမှာ နေဖို့စားဖို့က အဆင်မပြေဘူး။ အခုက ပိုဆိုးတယ်။ သက်တမ်းတိုးတဲ့အချိန်နဲ့ အလုပ်ပြုတ်တဲ့ အခြေအနေက တိုက်နေတော့ အကုန်လုံးက အရာရာက အဆင်မပြေဘူး” လို့ ပြောပါတယ်။

တချို့အလုပ်သမားတွေက အလုပ်ရဖို့ ပွဲစားတွေကို စမတ်ကြေး (အလုပ်သွင်းပေးခ) ဘတ် သောင်းနဲ့ချီ ပေးခဲ့ရပေမဲ့ အလုပ်လုပ်ပြီး မကြာခင်မှာ အလုပ်ဖြုတ်ခံရတာကြောင့် လုပ်ခလစာနဲ့ စမတ်ကြေး ပြန်မရတဲ့အခြေအနေပါ ကြုံနေရပါတယ်။

ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာအလုပ်သမားတွေဟာ လုပ်ငန်းခွင်အတွင်း အခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ လုပ်အားခ မပေးတာတွေ၊ အလုပ်သွင်းပေးခ (စမတ်ကြေး) အဆမတန် တောင်းခံတာတွေ အပါအဝင် ပြဿနာမျိုးစုံ ကြုံတွေ့နေရတယ်လို့ အလုပ်သမားအရေး ကူညီပေးသူတွေက ပြောပါတယ်။

လက်ရှိ ထိုင်းနိုင်ငံတွင်းမှာ မြန်မာနိုင်ငံသား ၇ သန်းနီးပါး ပုံစံမျိုးစုံနဲ့ နေထိုင် လုပ်ကိုင်နေကြပြီး စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ CDM လှုပ်ရှားမှုနဲ့ စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်လာသူတွေ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013