DVB Logo
Home
အာရှဒေသ
ဆစ်ခ်ဘာသာဝင်တွေကြားမှာ ခေါင်းပေါင်းတွေ ပြန်ခေတ်စားလာစေဖို့
DVB
·
December 31, 2012
ဆစ်ခ်ဘာသာဝင်တွေကြားမှာ ခေါင်းပေါင်းတွေ ပြန်ခေတ်စားလာစေဖို့
Donate to DVB

အ၀တ်လဲခန်းထဲမှာ ဆစ်ခ်ဘာသာဝင်လူငယ်တွေ ခေါင်းပေါင်းအ၀တ်ကို ဖြန့်ချီ၊ ထုံးချီနဲ့ သပ်သပ်ရပ်ရပ် ခေါင်းပေါင်းလေးတခု ဖြစ်လာအောင်  ဂရုတစိုက် ကြိုးစားနေကြပါတယ်။

သူတို့အားလုံး ခေါင်းပေါင်းပေါင်းနည်းပြိုင်ပွဲမှာ ၀င်ပြိုင်နေကြတာပါ။ ဒီပြိုင်ပွဲမှာ ခေါင်းပေါင်းကို အသပ်ရပ်ဆုံး ပေါင်းပြနိုင်တဲ့ လူကို ဆုချီးမြှင့်မှာဖြစ်ပါတယ်။

၆ တန်း ကျောင်းသား ဂျနတ်ဆင်းလည်း ပြိုင်ပွဲဝင်ဖို့ သူ့အမေနဲ့အတူရောက်နေပါတယ်။

“ခေါင်းပေါင်းက ကျနော်တို့ရဲ့အမှတ်အသားပါ။ ကိုယ့်ကိုယ်ကိုယ် လေးစားပြီး ဂုဏ်ယူတဲ့ အမှတ်အသားပါ။ ကျနော်တို့ရဲ့ဒဿမမြောက် ဆစ်ခ်ဘာသာရေးခေါင်းဆောင်ကြီး ဂုရု ဂိုဘိုင်းဆင်း ဂျီးက ခေါင်းပေါင်းကို ချီးမြှင့်ခဲ့တာပါ။”

ဆစ်ခ်ဘာသာဝင်မှာ ဆံပင်ညှပ်ခွင့်တားဆီးထားတာကြောင့် ဆစ်ခ်ဘာသာဝင် အမျိုးသားတွေဟာ သူတို့ခေါင်းမှာ အ၀တ်စအရှည်ကြီးနဲ့ ခေါင်းပေါင်းပေါင်းလေ့ ရှိပါတယ်။

“ဆစ်ခ်ဘာသာဝင်မှန်ရင် ခေါင်းပေါင်းပေါင်းရမယ်၊ ခေါင်းပေါင်း မပါရင် မပြည့်စုံဘူး။ ဘုရင့်ခေါင်းက သရဖူလိုပေါ့” လို့ ဂျနတ်ဆင်းက ဆိုပါတယ်။

ဂျနတ်ဆင်းရဲ့အမေ မန်းဂျတ်ကာအားကလည်း ဒီနေ့ခေတ် ဆစ်ခ်ဘာသာဝင် လူငယ်တွေဟာ ခေါင်းပေါင်းကို ချောင်းထိုးနေကြလို့ အခုလို ပြိုင်ပွဲတွေက အကျိုးရှိမယ်လို့ ပြောပါတယ်။

“ဆစ်ခ် လူငယ်တွေက ဒီနေ့ခေတ်မှာ လမ်းမှားကို လိုက်နေကြတယ်။ ဖက်ရှင်မကျလို့ ဆိုပြီးတော့ ခေါင်းပေါင်းကို ပစ်ပယ်ထားကြတယ်။ ဒါကြောင့် ဒီလိုမျိုး ပြိုင်ပွဲတွေကြောင့် ခေါင်းပေါင်းတွေကို စတိုင်မကျလို့ ဆိုပြီး ချောင် (ဂျောင်) ထိုးမထားအောင် လှုံ့ဆော်အားပေးတာတွေ ဖြစ်လာမှာပါ။ ဟိုခေတ်တွေကတည်းက ဆစ်ခ်ဘာသာဝင် အကြီးအကဲတွေက ဒီလို ပြိုင်ပွဲမျိုးတွေ လုပ်ပေးခဲ့ဖူးပါတယ်။”

ပြိုင်ပွဲခန်းမထဲမှာတော့ ပရိသတ်တွေက ပြိုင်ပွဲမှာ ဘယ်သူအနိုင်ရမလဲဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်။ ဆုရှင်ကို မကြေညာခင်မှာ ပန်ချာပီဘာသာနဲ့ သီချင်းသံက ခန်းမထဲမှာ ပျံ့လွင့်နေပါတယ်။

ခေါင်းပေါင်းပေါင်းတဲ့နေရာမှာ အခေါက်တွေ၊ အတွန့်တွေက ဘယ်လောက် သပ်ရပ်သလဲ၊ ခေါင်းပေါင်းပုံစံက ဘယ်လောက် ဟန်ကျပန်ကျ ရှိသလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ဒိုင်လူကြီးတွေက အမှတ်ပေးပါတယ်။

ပြိုင်ပွဲမှာ ဂျနတ်ဆင်းရဲ့ ပြိုင်ပွဲဝင်နံပါတ်က နံပါတ် ၁၇ ဖြစ်ပါတယ်။

ပြိုင်ပွဲကို အသက်အုပ်စုအလိုက် ၂ ပိုင်းခွဲထားပါတယ်။ အသက် ၁၂ နှစ်ကနေ ၁၇ နှစ်အထိက တအုပ်စု၊ အသက် ၁၈ နှစ်ကနေ ၂၃ နှစ်အထိက တအုပ်စုဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို စီစဉ်သူ ဂျက်ဗီယာဆင်းက မျိုးဆက်သစ်တွေ ခေါင်းပေါင်းကို မပေါင်းကြတော့တဲ့ အကြောင်းက အနောက်တိုင်းယဉ်ကျေးမှုတွေ လွှမ်းမိုးထားတဲ့ ဒီနေ့ ခေတ်မှာ မိဘတွေက သားသမီးတွေကို ကိုယ့်ယဉ်ကျေးမှုဓလေ့နဲ့ သမိုင်းတွေကို သေချာသင်မပေးတာကြောင့်လို့ ပြောပါတယ်။

“ဆစ်ခ်ဘာသာဝင် အမျိုးသားတွေဆိုတာ လူပျိုပေါက် ဖြစ်လာတဲ့အချိန်ကစလို့ ခေါင်းပေါင်း ၀တ်ရတော့မယ်။ ဒါပေမယ့် အခု ကလေးတွေက ဒီလို မဟုတ်တော့ဘူး။ သူတို့ကို တိုက်တွန်းဖို့ လိုတယ်။”

၁၉၈၄ ခုနှစ်တုန်းက အိန္ဒိယ၀န်ကြီးချုပ် အင်ဒီယာဂန္ဒီကို ဆစ်ခ်ဘာသာဝင် ကိုယ်ရံတော်တွေက လုပ်ကြံခဲ့တဲ့နောက်မှာ ဆစ်ခ်ဘာသာဝင်တွေကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့ပြီး လူ ထောင်ချီပြီး သေဆုံးသွားပါတယ်။

အဲဒီနောက်မှာတော့ ဆစ်ခ်ဘာသာဝင်တွေလည်း အသက်ဘေးကနေ လွတ်မြောက်ဖို့အတွက် ဆံပင်တွေ ဖြတ်လိုက်ကြပါတယ်။

ဆစ်ခ်ဘာသာဝင်ဆန့်ကျင်ရေး အဓိကရုဏ်းထဲမှာ ဂျဂါဆင်းရဲ့ညီအစ်ကို ၄ ယောက်စလုံး၊ သေဆုံးခဲ့ရခဲ့တဲ့အကြောင်း ပြန်ပြောပြပါတယ်။

“အဲဒီတုန်းက ကျနော်တို့ နိုင်ငံမှာ ဆစ်ခ်ဘာသာဝင် ၅၀၀ လောက် သေဆုံးသွားပါတယ်။ ကျနော့် ညီမတွေလည်း သူတို့ ခင်ပွန်းတွေကို ဆုံးရှုံးခဲ့ရတယ်။ ကျနော့် ဆွေမျိုးတွေထဲမှာ လူပေါင်း ၄၀ လောက် အသတ်ခံလိုက်ရတယ်။ အဓိကရုဏ်းထဲမှာ သူတို့တွေ အခုလို ဖြစ်ခဲ့ရတာ ခေါင်းပေါင်းနဲ့ မဆိုင်ဘူးလို့ ပြောလို့ ဘယ်ဖြစ်မလဲ။”

အခုတော့ အဓိကရုဏ်းက ၂၈ နှစ် ကြာနေခဲ့ပါပြီ။ အခြေအနေတွေကလည်း ပြောင်းလဲစ ပြုနေပါပြီ။ လူကြိုက်များတဲ့ ရုပ်ရှင်တွေထဲမှာ ခေါင်းပေါင်းပေါင်းထားတဲ့ ဆစ်ခ်ဘာသာဝင် သူရဲကောင်း အကြောင်းကို ရိုက်ကူးတင်ဆက်နေပါတယ်။

ဒီနေ့ ပြိုင်ပွဲကို လာကြည့်တဲ့ မိန်းကလေးတချို့ကလည်း ခေါင်းပေါင်းမပေါင်းတဲ့ ယောက်ျားတွေကို အိမ်ထောင်ဖက်မရွေးဘူးလို့ ဆိုနေကြပါတယ်။

“ခေါင်းပေါင်းပေါင်းတဲ့ ဆစ်ခ်ဘာသာဝင် အမျိုးသားနဲ့ပဲ ကျမ လက်ထပ်ချင်တယ်” လို့ ပြိုင်ပွဲကို လာအားပေးတဲ့ ဂျက်မင်း အရိုရာက ဆိုပါတယ်။

“ဒီနေ့ခေတ်မှာ အိန္ဒိယလူမျိုး သူရဲကောင်းတွေလည်း ခေါင်းပေါင်းတွေ ပေါင်းနေကြတာ တွေ့ရ တာ လေးစားတယ်။ ဆစ်ခ်ဘာသာဝင်ဖြစ်ရတာကိုလည်း ဂုဏ်ယူတယ်။”

(Jasvinder Sehgal  ရေးသည့် Making Turbans Cool for Sikh Youth ဆောင်းပါးကို ဘာသာပြန်ပါသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013