DVB Logo
Home
မြန်မာသတင်း
ဒီလှိုင်း သတင်းစာထုတ်မည်
DVB
·
December 30, 2012
ဒီလှိုင်း သတင်းစာထုတ်မည်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဝေနေတဲ့ ပါတီစာစောင် ဒီလှိုင်းကို နေ့စဉ်ထုတ် သတင်းစာအဖြစ် ပြောင်းလဲထုတ်ဝေသွားမယ်လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့က ပြုလုပ်တဲ့ ဒီလှိုင်းစာစောင် ၁ နှစ်ပြည့် ရုံးခန်းသစ်ဖွင့်ပွဲကို တက်ရောက်လာတုန်း အခုလို ပြောကြားလိုက်တာလို့ ဒီလှိုင်းစာစောင် တာဝန်ခံအယ်ဒီတာ ဦးအုန်းကြိုင် (မောင်အောင်ဝင့်) က ပြောပါတယ်။

“ဆရာ ဦးဝင်းတင်ကပဲ အစိုးရက သတင်းစာတွေ ထုတ်ဝေခွင့်ပေးတော့မယ်လို့ ကြေညာထားတယ်ဆိုတော့ ဥက္ကဋ္ဌ သဘောထားတခုခုပေးဖို့ ရှိလားမေးတော့ ဥက္ကဋ္ဌက သတင်းစာထုတ်မယ်။ ဒီလှိုင်းကို သတင်းစာအဖြစ်ထုတ်မယ်။ ဒီလှိုင်းဂျာနယ်ကိုလည်း ပုံမှန်မပြတ် သတင်းစာနဲ့တွဲပြီး ဘယ်လိုထုတ်ဝေနိုင်အောင် စီစဉ်နိုင်မလဲ ဆိုတာကို အသေးစိတ် စီစဉ်မယ်လို့ ပြောသွားတယ်။”

သတင်းစာကို ဒီလှိုင်း နာမည်နဲ့ပဲ ထုတ်ဝေသွားမှာဖြစ်ပြီး ပါတီအကျိုးထက် ပြည်သူ့အကျိုးကို ဦးစားပေး ဆောင်ရွက်သွားမယ့်အကြောင်းလည်း ဦးအုန်းကြိုင်က ပြောပါတယ်။

“ဒီလှိုင်းဂျာနယ်ဟာ ပါတီဝင်ထုအတွက်ထက် ပြည်သူ့အတွက် ရေးသားနေတာ အားလုံးသိပါတယ်။ ထို့အတူပဲ ဒီလှိုင်းသတင်းစာထွက်လာရင်လည်း အဖွဲ့ချုပ်ကထုတ်လို့ အဖွဲ့ချုပ်ရဲ့ အာဘော်၊ အဖွဲ့ချုပ်အကျိုးအတွက်ပဲ ဆောင်ရွက်တာမဟုတ်ဘဲ ပြည်သူတရပ်လုံး အလွန်တောင့်တနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ၊ မြန်မာနိုင်ငံမှာ ထာဝရတည်ထွန်းနိုင်အောင်၊ ငြိမ်းချမ်းဖွံ့ဖြိုးသာယာတဲ့ ခေတ်သစ်ကြီးတခုဖြစ်အောင် အကျိုးဆောင်သွားမယ့် စာစောင်ဖြစ်အောင် ကြိုးစားသွားမှာဖြစ်တယ်လို့ ပြောချင်ပါတယ်။”

အဖွဲ့ချုပ်ဟာ ပါတီအနေနဲ့ သတင်းစာထုတ်မယ်ဆိုရင် ပါတီသတင်းထက် အများပြည်သူ သိသင့်တဲ့သတင်းတွေ ဦးစားပေးထည့်သင့်တယ်လို့ စာရေးဆရာသတင်းစာဆရာ ဦးဇင်လင်းက ပြောပါတယ်။

“ပါတီအစိတ်အပိုင်းက သတင်းစာရဲ့ ဘယ်လောက်ယူမှာလဲ။ လေးပုံတပုံ ယူရင်တောင် များတယ်။ ပါတီအာဘော်က ငါးပုံတပုံ၊ ခြောက်ပုံတပုံ ဒီထက် ပိုမယူသင့်ဘူး။ ကျန်တာကတော့ နိုင်ငံတကာ အများပြည်သူ မီဒီယာသဘောဆောင်တဲ့ သမာသမတ်ကျကျ ဘက်မလိုက်ရဘူးလို့ တော့မဟုတ်ဘူး။ ဘက်က ပြည်သူဘက်က အမှန်တရားဘက်ကတော့ လိုက်ရမှာပဲ။ မှန်တာကို ရေးရဲရမယ်၊ ပြောရဲရမယ်။ ပြည်သူကို အကျိုးပြုတဲ့ကဏ္ဍနဲ့ ပတ်သက်ပြီး အယ်ဒီတာ ဘုတ်အဖွဲ့ကိုတော့ လွတ်လွတ်လပ်လပ် ကျနော်တို့က ပေးနိုင်ရင်တော့ ကောင်းတယ်။ အယ်ဒီတာအဖွဲ့အနေနဲ့ကလည်း ပါတီလမ်းကြောင်းလွဲနေရင် ရေးခွင့်၊ ဝေဖန်ခွင့် ရှိရမယ်။ ပါတီသတင်းစာမို့လို့ ပါတီကို ပြန်မဝေဖန်ရဘူးဆိုရင်လည်း ဒီသတင်းစာက ၀ါဒဖြန့်ချိရေး သတင်းစာပဲ ဖြစ်သွားမှာပေါ့။ အဲလိုတော့ မဖြစ်သင့်ဘူး။”

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတက်ခါစ ၁၉၆၃ ခုနှစ်က မဆလပါတီအာဘော် လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာ ထုတ်ဝေခဲ့ဘူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013