DVB Logo
Home
မြန်မာသတင်း
ဝမ်ပေါင်နှင့် ဦးပိုင်ကုမ္ပဏီကို တရားစွဲနိုင်ရန် ရှေ့နေကွန်ရက် ပြင်ဆင်
DVB
·
December 28, 2012
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတွေ၊ ဒေသခံတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေနဲ့ စီမံကိန်းရပ်တန့်ရေး တောင်းဆို ဆန္ဒပြသူတွေ အကြမ်းဖက်ခံရရမှုတွေနဲ့ ပတ်သက်ပြီး တရားဥပဒေကြောင်းအရ အရေးယူဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို  မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က စတင်လေ့လာနေပါတယ်။

အထက်မြန်မာပြည်ရှေ့နေများကွန်ရက် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြီးခဲ့တဲ့ရက်ပိုင်းက လက်ပန်းတောင်းတောင်ဒေသကို သွားရောက်ကာ အချက်အလက် စုဆောင်းရှာဖွေမှုများ စတင်ပြုလုပ်နေတယ်လို့ ပြောပါတယ်။

“၂၅ ရက်နေ့က လက်ပန်းတောင်းကို သွားပြီး လက်ပန်းတောင်ကော်မတီနဲ့ သပိတ်စခန်းက ပြည်သူတွေနဲ့ ဖြစ်တဲ့ ရွာတွေကို လေ့လာပြီးပြီ။ တကယ့်အခြေအနေ သတင်းအချက်အလက်တွေအတွက် ပြည်သူတွေနဲ့ တိုက်ရိုက်သွားတွေ့တာပေါ့။ အချက်အလက်တွေက ရပြီးသားပါ။ သူတို့နဲ့ သေချာအောင်သွားလုပ်တာ။ ရထားတဲ့ အချက်အလက်တွေ မှန် မမှန်၊ သူတို့ဆီက သက်သေခံအထောက်အထားတွေ၊ ဘာလုပ်ပေးနိုင်မလဲပေါ့။ ဥပဒေကော်မတီက အရင်သွားတယ်။”

လေ့လာတွေ့ရှိချက်တွေကို ရှေ့လရန်ကုန်မှာ ကျင်းပမယ့် ရှေ့နေများကွန်ရက် အစည်းအဝေးကို တင်ပြသွားမှာဖြစ်ပြီး ရှေ့နေများကွန်ရက်အဖွဲ့ဝင်တွေအားလုံး သဘောတူညီချက်နဲ့ တရားစွဲဖို့ မစွဲဖို့ ကိစ္စ ဆက်လက် ဆုံးဖြတ်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဒါပေမယ့် တရားစွဲဆိုနိုင်ဖို့အရေး တရုတ်ကုမ္ပဏီ၊ မြန်မာအစိုးရနဲ့ ဦးပိုင်ကုမ္ပဏီတို့အကြား သဘောတူညီချက်တွေကို တိတိကျကျသိရဖို့ လိုနေသေးပြီး တကယ်တမ်းမှာ ကိုယ်တိုင်နစ်နာတဲ့ ကာယကံရှင်ပြည်သူတွေအနေနဲ့ တရားစွဲဆိုနိုင်ရင် အကောင်းဆုံးဖြစ်တဲ့အကြောင်း ရှေ့နေများကွန်ရက်ကတော့ ပြည်သူတွေဘက်က  ပံ့ပိုးကူညီပေးသွားမယ်လို့ ပြောပါတယ်။

ကြေးနီတောင်စီမံကိန်း ဆက်လုပ်သင့်မသင့်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ကော်မရှင်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေချိန်မှာ တရုတ် ၀မ်ပေါင် ကုမ္ပဏီကတော့ ကြေးနီစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်နေပြီး ခုရက်ပိုင်း မိုင်းခွဲသတ္တုရှာဖွေမှုတွေမှာ အနီးအနားက စေတီဘုရားတွေ ထိခိုက်မှုရှိနေတယ်လို့လည်း ဦးသိန်းသိန်းဦးက ပြောပါတယ်။

“မြရိပ်ဆိုတဲ့ ရွာမှာ ၁၇ ရက်နဲ့ ၂၂ ရက်၊ ၂၄ ရက်တွေမှာ ၀မ်ပေါင်ကုမ္ပဏီက တောင်ကိုမိုင်းခွဲတော့ ၁၇ ရက် နေ့လယ် ၁၂ နာရီမှာ မိုင်း ၄ လုံးခွဲတာ မြရိပ်ကျေးရွာက ဘုရားထီးတော် ပျက်ကျမလို စောင်းသွားတယ်။ နောက် ကုဋီတွေဘာတွေတိုင်လုံးတွေပြုတ်ထွက် မလို့ ဘေးကထိန်းထားလို့သာ။ နောက် ကျောင်းအောက်ခြေက သမံတလင်းတွေ အက်ကြောင်းထင်တယ်။ မဏိစည်သူမင်းကြီး တည်ခဲ့တဲ့ ဆုတောင်းပြည့်ဘုရားကြီး ထီးတော်အောက်က အက်ကြောင်းတွေထင်တယ်။ ကျန်တဲ့ဘုရားတွေလည်း ထိခိုက်တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားကြတယ်။ ဘယ်သူမှ ဘာမှအရေးမလုပ်ဘူး။”

ကြေးနီစီမံကိန်းဟာ နိုင်ငံတကာဥပဒေတွေ၊ စံချိန်စံနှုန်းတွေနဲ့ ညီ မညီကိုလည်း အမေရိကန်ပြည်ထောင်စုက ဥပဒေကျွမ်းကျင်သူ ပါမောက္ခ ဒေါက်တာ ရော်ဂျာနော်မန်နဲ့အဖွဲ့က မြန်မာရှေ့နေတွေနဲ့ ပူးပေါင်းလေ့လာနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013