DVB Logo
Home
မေးမြန်းခန်း
ပညာရှင်အဖွဲ့ လက်ပန်းတောင်းစီမံကိန်းတွင် စစ်ဆေးမှု စတင်
DVB
·
December 28, 2012
ပညာရှင်အဖွဲ့ လက်ပန်းတောင်းစီမံကိန်းတွင် စစ်ဆေးမှု စတင်
Donate to DVB

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ တာဝန်ပေးချက်အရ မြန်မာ့ပတ်ဝန်းကျင် သိပ္ပံမှ ၁၂ ဦးပါ ပညာရှင်အဖွဲ့ဟာ စီမံကိန်းနယ်မြေမှာ စတင် စမ်းသပ်စစ်ဆေးနေပြီလို့ ကော်မရှင်အဖွဲ့ဝင် ပုလဲမြို့နယ်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

စုံစမ်းရေးကော်မရှင်ဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို အကဲဖြတ်နိုင်ဖို့နဲ့ လူမှုဘ၀ အကျိုးသက်ရောက်မှုတွေကို အကဲဖြတ်နိုင်ဖို့အတွက် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံကို တာဝန်ပေးအပ်ခဲ့တာဖြစ်ပြီး ဘာသာရပ် ၁၂ မျိုးအလိုက် ကျွမ်းကျင်သူတွေဟာ စုံစမ်းတွေ့ရှိချက်တွေကို ၁၄ ရက်အတွင်းမှာ စုံစမ်းရေးကော်မရှင်ထံ ကနဦး အစီရင်ခံရမှာ ဖြစ်ပါတယ်။

အဲဒီပညာရှင်တွေထဲမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ အပင်၊ သတ္တ၀ါတွေနဲ့ ပတ်ဝန်းကျင် ဆက်စပ်မှုကို လေ့လာတဲ့ ဘာသာရပ်ကျွမ်းကျင်သူ၊ မြေဆီလွှာနဲ့ ရေအထူးပြုပညာရှင်၊ လူမှုဘ၀သက်ရောက်မှုအပေါ် အကဲဖြတ်မှုပညာရှင်၊ ကျန်းမာရေး၊ လုံခြုံမှုနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ သဘာဝပတ်ဝန်းကျင် အင်ဂျင်နီယာပိုင်းဆိုင်ရာ ကျွမ်းကျင်သူ အစရှိသူတွေ ပါဝင်ပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအပေါ် ဒေသခံရွာသားတွေက ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် လွှတ်တော်မှာ ဒီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ အရေးကြီးအဆိုပြုချက်ကို လွှတ်တော်မှာသဘောတူပြီး သမ္မတ ဦးသိန်းစိန်က အဖွဲ့ဝင် ၁၆ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဒီဇင်ဘာ ၃ ရက်နေ့မှာ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တာဖြစ်ပြီး ကော်မရှင်အဖွဲ့ဝင်တွေက ကွင်းဆင်းမေးမြန်းခဲ့ကြပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးမှု ကြားဖြတ်အစီရင်ခံစာကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၃၁ အရောက် သမ္မတထံ တင်ပြရမှာဖြစ်ပြီး အဲဒီအစီရင်ခံစာအပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ကော်မရှင်တာဝန်ပေးချက်အရ ပညာရှင်အဖွဲ့ သွားရောက်စစ်ဆေးနေမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာ့ပတ်ဝန်းကျင် သိပ္ပံအဖွဲ့က ဘယ်လိုမျိုးအဖွဲ့လဲ၊ ဘယ်က ပညာရှင်တွေလဲ။

[caption id="attachment_34814" align="alignright" width="150" caption="စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်"][/caption]

“အားလုံးက ပြည်တွင်းက ပညာရှင်တွေပါပဲ။”
သူတို့က အစိုးရအဖွဲ့နဲ့ပတ်သက်လား၊ တသီးပုဂ္ဂလပညာရှင်တွေလား။

“အစိုးရနဲ့ မပတ်သက်ပါဘူး။ ပြင်ပ ပညာရှင်တွေပါပဲ။”

ပညာရှင်တွေကို အန်တီတို့ကော်မရှင်က ဘယ်လို အကူအညီတောင်းထားလဲ။

“ကျမတို့က ကော်မရှင်တော့ဖြစ်တယ်။ သို့သော်လည်း ကျမတို့က ပညာရှင်တွေမဟုတ်တော့ ပညာရှင်တွေကို အကူအညီတောင်းရပါတယ်။ ပညာရှင်တွေက လေ့လာမှပဲ ကျမတို့က သေသေချာချာ သဲသဲကွဲကွဲ သိရမှာဆိုတော့ အမ်အီးအိုင် (မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ) အဖွဲ့ကတော့ ပြင်ပမှာရှိတဲ့ မြန်မာနိုင်ငံ ပြည်တွင်းက အဖွဲ့ပါပဲ။ ဒီအဖွဲ့မှာပါဝင်တဲ့ ပုဂ္ဂိုလ်တွေကလည်း အားလုံးက သီးခြားလွတ်လပ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တော့ ဒီလူတွေနဲ့ ကော်မရှင်ကတယောက်က ဆက်သွယ်ပေးတယ်။ ဒီပုဂ္ဂိုလ်တွေကလည်း ဒီကိစ္စတွေကို ပြည်ပနိုင်ငံတွေမှာ သွားပြီး အလုပ်လုပ်နေတဲ့သူတွေဖြစ်ပြီး  ကူညီချင်တယ်၊ ကူညီနိုင်တယ်ပြောလို့ ကျမတို့က လက်ခံလိုက်တာပါ။ အခု အားလုံးကလည်း လက်ပန်းတောင်းမှာ ရောက်နေကြပါပြီ။

သူတို့က အခု အဲဒီဒေသတွေမှာ သွားပြီး အဖွဲ့တွေဖွဲ့တယ်။ ဥပမာ သဘာဝပတ်ဝန်းကျင်ဆိုလည်း သဘာဝပတ်ဝန်းကျင်က ပုဂ္ဂိုလ်တွေ၊ ရေစစ်မယ့် ပုဂ္ဂိုလ်တွေဆိုလည်း ရေစစ်မယ်၊ အကုန်လုံးက သူ့အဖွဲ့နဲ့သူခွဲပြီး အလုပ်လုပ်နေပါတယ်။”

သူတို့က သီတင်းနှစ်ပတ်ဆိုတော့ လက်ပန်းတောင်းတောင် အခြေအနေကို သုံးသပ်ဖို့ လုံလောက်နိုင်ပါ့မလား။

“နှစ်ပတ်ဆိုတာက ကျမတို့ သတင်းကြေညာချက်မတိုင်ခင် နှစ်ရက်လောက်ကတည်းက သူတို့ ရောက်နေပါပြီ။ အလုပ်လည်း စလုပ်နေပါပြီ။ အဲတော့ လောလောဆယ် သူတို့ လေ့လာစုံစမ်းတဲ့ကိစ္စတွေကိုတော့ အားလုံးစုံစမ်းတယ်။ လုပ်စရာရှိတာတွေလုပ်မယ်။ ပြီးတော့ နှစ်ပတ်ကြာတဲ့အခါမှာ တွေ့ရှိချက်တွေကို ကော်မရှင်ကို ပြန်ပြီး တင်ပြမယ်။ ဒါပေမယ့် ဓာတ်ခွဲစစ်ဆေး စမ်းသပ်ရမယ့်ကိစ္စတွေကိုတော့ နောက်ရက်မှ ပြန်ပြီးတင်မယ်လို့ ပြောပါတယ်။ လေ့လာတဲ့အဖွဲ့အနေနဲ့ ဓာတ်ခွဲတာတွေ၊ အဖြေရှာတာတွေ၊ သုတေသနလုပ်တဲ့ကိစ္စတွေကိုတော့ သူတို့ နောက်ပိုင်းမှာ တင်ပြမှာပါ။”

ပညာရှင်အဖွဲ့ နယ်မြေထဲမှာ ကွင်းဆင်းတဲ့အခါ သက်ဆိုင်ရာ ကုမ္ပဏီနဲ့ နယ်မြေခံတွေက လွတ်လပ်စွာ လုပ်ငန်းဆောင်ရွက်ခွင့်ပြုလား။

“နဂိုမူလကတည်းက ကျမတို့က အခုလာရောက်သည့် အဖွဲ့သည် ကော်မရှင်အဖွဲ့ရဲ့ ကိုယ်စားဖြစ်တယ်ဆိုတဲ့ စာလည်း  ပို့ထားပေးပါတယ်။ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကိုလည်း စာပေးပို့ထားပါတယ်။ ဒီလူတွေကို ကူညီပါလို့ ပြောထားတော့ အခုချိန်ထိ သိရသလောက် အားလုံးအဆင်ပြေတယ်၊ ဘာမှပြဿနာမရှိဘူး၊ အကုန်လုံးကလည်း ကူညီပေးတယ်၊ သူတို့ သွားချင်ရာ၊ ၀င်ချင်တဲ့နေရာတွေကိုလည်း ၀င်ခွင့်ရတယ်၊ မေးမြန်းလို့လည်းရတယ်လို့ ကျမတို့ကို အကြောင်းပြန်ပါတယ်။

ပညာရှင်တွေနဲ့ ကျနော်ကဆက်သွယ်ချင်တယ်။ ဆက်သွယ်ဖို့ သင့်လား မသင့်လား ပြောပြပါဦး။

“သူတို့က ကျမတို့ကို ပြောတာတော့ သူတို့လွတ်လွတ်လပ်လပ် အလုပ်လုပ်ချင်တယ်။ ဘာလို့ဆို ဒီလူတွေက ပြည်တွင်းကဖြစ်နေတော့ တချို့က ဒါဘယ်သူတွေလဲ ဘယ်ကလဲပြောလာရင် သူတို့မှာအလုပ်လုပ်ရတာ အခက်အခဲဖြစ်ပါမယ်တဲ့။ သူတို့နောက် သတင်းထောက်တွေလိုက်တာ၊ တခြားသူတွေလိုက်တာ မဖြစ်စေချင်ဘူးတဲ့။ ဒါကြောင့် အခု သတင်းထုတ်ပြန်တာတောင်မှ သူတို့က ဘယ်က ဘယ်ရာထူးနဲ့ ဘယ်သူပါဆိုတာတွေကိုပါ ထည့်မပြောပါနဲ့ဆိုလို့၊ တကယ်ဆို ကျမတို့က သတင်းထုတ်ပြန်ကတည်းက ထည့်ပြောရမှာပေါ့လေ။ ဒါပေမယ့် ကာယကံရှင်တွေရဲ့ တောင်းဆိုချက်ကြောင့်. ကျမတို့ ဒါတွေ နာမည်စာရင်းတွေလည်း ထုတ်မပြောဘူး။ မကြေညာတာပါ။ အခု သူတို့လွတ်လွတ်လပ်လပ် အလုပ်လုပ်နေတယ်။ ဒါကြောင့် သူတို့အလုပ်ကိုလည်း အနှောင့်အယှက်မဖြစ်စေချင်လို့ပါ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013