DVB Logo
Home
မေးမြန်းခန်း
အစိုးရတပ်က ကေအိုင်အေကို ရဟတ်ယာဉ်များဖြင့်တိုက်ခိုက် – မေးမြန်းချက်
DVB
·
December 28, 2012
အစိုးရတပ်က ကေအိုင်အေကို ရဟတ်ယာဉ်များဖြင့်တိုက်ခိုက် – မေးမြန်းချက်
Donate to DVB

ဒီနေ့မနက်မှာ အစိုးရတပ်ဖွဲ့တွေက ကချင်လွတ်မြောက်ရေးတပ်မတော် ဌာနချုပ်ရှိရာ  လိုင်ဇာနဲ့ အနီးဆုံး လဂျားယန်ကို လေယာဉ်တွေ ရဟတ်ယာဉ်တွေ အသုံးပြုပြီး ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ထိခိုက်စေနိုင်တယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ ပြောခွင့်ရ ဦးလနန်က ပြောပါတယ်။

ဒီကနေ့ဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ မနေ့က အစိုးရတပ်ဖွဲ့ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုတွေနဲ့ပတ်သက်ပြီး ဦးလနန်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

လေယာဉ်တွေနဲ့ ပစ်တယ်ကြားတယ်။

[caption id="attachment_34816" align="alignright" width="150" caption="ကေအိုင်အေပြောခွင့်ရ ဦးလနန်"][/caption]

“ဒီနေ့မနက် ၆ နာရီ ပတ်ဝန်းကျင် ဒေါ့ဖုန်းယန် စခန်းကနေ လဂျားယန်ဘက်ကို လက်နက်ကြီးနဲ့ အရင်ပစ်ခတ်တယ်။ နောက် ၉ နာရီပတ်ဝန်းကျင်မှာ ဖိုက်တာ ၄ စင်းပေါ့။ ၂ စင်းတွဲ၊ ၂ စင်းတွဲနဲ့ လဂျားယန်ကို ဆက်တိုက်လာပစ်တာမျိုး လုပ်တယ်။ ပစ်ခတ်ပြီး ၁၀ နာရီခွဲလောက်မှာ ရဟတ်ယာဉ် ၂ စင်းလိုက်ပါလာပြီး ပြန်ပစ်တာမျိုးလုပ်တယ်။ ဒါကြောင့် ဒီနေ့တိုက်ခိုက်မှုကတော့ ဌာနချုပ်အနီးဆုံးမှာ ဖိုက်တာ ၄ စင်းနဲ့ အမ်အိုင် ၂၄ ၂ စင်း၊ အားလုံး ၆ စင်း လာပစ်တယ်။ ပြီးတော့ လက်နက်ကြီးနဲ့ ပြန်ပစ်တယ်။ အခုလည်း ပစ်တုန်းပဲ။”

အစိုးရက ဒီရက်ပိုင်းအတွင်းမှာ ကေအိုင်အေကို စစ်ရေးနဲ့ ဖိအားပေးလာတဲ့ သဘောပေါ့နော်။

“အဲသဘောပါပဲ။ သူတို့ ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း ဗဟိုဋ္ဌာနချုပ်ကို ၀ိုင်းရံထားတာ အင်အား ၃၀၀၀ လောက် ရှိတယ်။ လေကြောင်းပစ်ခတ်မှုပြီးတဲ့အခါ မြေပြင်ကနေ လက်နက်ကြီးပစ်ခတ်မှုရယ်၊ ခြေလျင်တပ် ချီတက်မှုလည်း ဒီမွန်းလွဲဆို စတင်လာနိုင်တဲ့ အတိုင်းအတာတော့ ခန့်မှန်းမိတယ်။”

စစ်တပ်အင်အားတွေတိုးပြီး အခုလို လေယာဉ်တွေနဲ့ ထိုးစစ်ဆင်လာတဲ့အနေအထားက ကေအိုင်အေနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ထိခိုက်နိုင်တဲ့ အခြေအနေရှိလား။

“သက်ရောက်မှုရှိမှာပါ။ ပုံမှန်ဖြစ်တဲ့ပုံစံမျိုး မဟုတ်ဘဲနဲ့ အမြစ်ဖြတ်ချေမှုန်းရေးဆိုတဲ့ ပြည်ပရန်ကိုတွန်းလှန်တဲ့ပုံစံနဲ့ ကျင့်သုံးလာမယ်ဆိုရင်တော့ တွေ့ဆုံဆွေးနွေးမှုကတော့ မှေးမှိန်မှုရှိလာမှာပါ။ နဂို ဦးအောင်သောင်း၊ ဦးအောင်မင်းတို့နဲ့ ဆွေးနွေးမှုကလည်း သုညအမှတ်ကို ပြန်ရောက်သွားမယ်လို့ ထင်တယ်။”

အခုလိုပစ်ခတ်တဲ့အတွက် အရပ်သားတွေ ထိခိုက်တာတွေရော ရှိလား။ ကေအိုင်အေဘက်က ထိခိုက်ကျဆုံးမှုရော ရှိလား။

“လေယာဉ်နဲ့လာတိုက်မယ်ဆိုတာ ကြိုသတင်းရပြီးသားပါ။ ဒါကြောင့် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ စုရပ်ပေါ့နော် အားလုံးကနေရာယူထားပြီးဖြစ်လို့ ထိခိုက်တာမျိုးတော့ မရှိဘူး။ အရပ်သားတွေလည်း ထိခိုက်တာမျိုး မရှိဘူး။”

မနေ့က အစိုးရတပ်ကနေပြီး လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားတွေ သေဆုံးမှုရှိတယ်ဆိုတာ ကြားတယ်။ ပြောပြပေးပါလား။

“မနေ့က အရပ်သားတွေက မုံးလွဲချောင်းမှာ အလုပ်လုပ်နေကြတယ်။ အဲမှာ တဖက်တောင်ကနေပြီး ၁၀၅ မမ ၆ လုံးလောက် ဆက်တိုက်ပစ်လိုက်တာ အရပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရသွားတယ်။ အဲထဲမှာ ၂ ယောက်ကလည်း တော်တော် စိုးရိမ်စရာရှိတယ်။ အရပ်သားဆိုတာ သူတို့က ဒုက္ခသည်စခန်းမှာနေတယ်။ နေ့ပိုင်းမှာ နေ့စားနဲ့ ၀င်ငွေရှာတဲ့ မိသားစုတွေပေါ့။”

တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဦးလနန် ဘာများပြောချင်ပါသေးလဲ။
“တခြားတော့ ဘာမှမပြောချင်ဘူး။ ဒါပေမယ့် အစိုးရ စစ်ဆင်မှုဟာ ပြည်တွင်းစစ်ပုံစံမဟုတ်ဘဲနဲ့ ပြည်ပကနေ၀င်လာတဲ့ပုံစံမျိုး ထိုးစစ်ဆင်တာမျိုးကတော့ ကျနော်တို့ဘက်က စဉ်းစားစရာတွေ၊ ပြေဆိုစရာတွေ၊ မှတ်ချက်ပြုစရာတွေ အများကြီးရှိလာနိုင်တယ်လို့ ပြောချင်တယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013