DVB Logo
Home
မြန်မာသတင်း
လူ့ဘောင်သစ်ပါတီနှင့် အစိုးရတို့ သဘောတူညီချက်များ လက်မှတ်ထိုးတော့မည်
DVB
·
December 27, 2012
လူ့ဘောင်သစ်ပါတီနှင့် အစိုးရတို့ သဘောတူညီချက်များ လက်မှတ်ထိုးတော့မည်
Donate to DVB

လူ့ဘောင်သစ်ပါတီနဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ကြား ရရှိထားတဲ့ သဘောတူညီချက်တွေကို နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးနိုင်ဖို့ သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းနဲ့ ပါတီ ကိုယ်စားလှယ်တို့ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ပါတီပြည်တွင်းမှာ တရားဝင်ရပ်တည်နိုင်ဖို့အတွက် နှစ်ဘက်သဘောတူညီချက်တွေကို နှုတ်ကတိနဲ့ သဘောတူထားကြပြီးဖြစ်ပေမယ့် စာရွက်စာတမ်းနဲ့ သဘောတူလက်မှတ်ထိုးနိုင်ဖို့ အခုလို သွားရောက်တွေ့ဆုံတာလို့ ပါတီကိုယ်စားလှယ် အထွေထွေအတွင်းရေးမှူး ဦးငွေလင်း က ပြောပါတယ်။

[caption id="attachment_34789" align="alignright" width="300" caption=" လူ့ဘောင်သစ်ပါတီနဲ့ သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းတို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးနေစဉ်"][/caption]

“ကျနော်တို့ပါတီကို အစိုးရအဖွဲ့ကနေ မတရားအသင်းကြေညာထားတဲ့ စာရင်းကနေ ပယ်ဖျက်ပေးမယ်။ ပါတီခေါင်းဆောင်များ၊ ပါတီဝင်များကို Blacklist သတ်မှတ်ထားတာကနေ ပယ်ဖျက်ပေးမယ်။ ကျနော်တို့ပါတီကို ပြည်တွင်းမှာ တရားဝင်ရပ်တည်လှုပ်ရှားခွင့် ပြုမယ်။ ဆက်ဆံရေးရုံး ရန်ကုန်မှာထားပြီး ပြင်ဆင်မှုလုပ်ငန်းတွေ လုပ်ဖို့ ဆောင်ရွက်ပေးမယ်။ တခြား ပါတီဝင်တွေအတွက် မှတ်ပုံတင်၊ ပညာရေး ကိစ္စ ဆောင်ရွက်ဖို့ရာတွေကို အစိုးရအဖွဲ့က သဘောတူမယ်။ ကျနော်တို့ပါတီဘက်အနေနဲ့ ပြည်တွင်းကို ပါတီအလိုက်ပြန်ဝင်မယ်။ ပါတီက ရွေးကောက်ပွဲကော်မရှင်မှာ ပြန်မှတ်ပုံတင်မယ်။”

လာမယ့် ဇန်န၀ါရီလဆန်းပိုင်းမှာ နှစ်ဘက်ကိုယ်စားလှယ်တွေ သဘောတူ လက်မှတ်ထိုးဖို့ ရှိပါတယ်။

ဦးငွေလင်းခေါင်းဆောင်တဲ့ လူ့ဘောင်သစ်ပါတီကိုယ်စားလှယ်အဖွဲ့ဟာ ဒီဇင်ဘာ ၂၆ ရက်ကလည်း နေပြည်တော် ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံပြီး ပါတီတရားဝင်ထူထောင်ရေး ကိစ္စတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲ့ဒီလိုတွေ့ဆုံခဲ့ရာမှာ ကော်မရှင်ဘက်က လူ့ဘောင်သစ်ပါတီဟာ ၁၉၈၈ ခုနှစ်ကတည်းက တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီအဟောင်းဖြစ်တဲ့အတွက် ပြန်လည်မှတ်ပုံတင်ဖို့ မခဲယဉ်းတဲ့အကြောင်းနဲ့ ပြန်လည်မှတ်ပုံတင်ဖို့ ဆုံးဖြတ်တဲ့ကိစ္စကိုလည်း တန်ဖိုးထား ကြိုဆိုခဲ့ပါတယ်။

ပြည်ပအခြေစိုက် လူ့ဘောင်သစ်ပါတီကိုယ်စားလှယ် အဖွဲ့ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း ကျေနပ်အားရမှု ရှိကြောင်း ဦးငွေလင်းက ပြောပါတယ်။

“ကျနော်တို့လာပြီးတွေ့တဲ့ မိတ်ဆွေများ၊ ကျနော်တို့ ရဲဘော်များ၊ နောက် အန်အယ်လ်ဒီ စီအီးစီ အပါအ၀င်၊ ၈၈ မျိုးဆက် ကျနော်တို့ညီအကိုများ အားလုံးနဲ့တွေ့တဲ့အခါမှာ ပြည်တွင်းမှာ တကယ်ကိုပဲ ဒီနေ့အရွေ့ကို ပိုမိုပြီးတော့ ပြည့်စုံသွားအောင် တွန်းမယ့်၊ လက်တွဲဆောင်ရွက်မယ့် အင်အားတခုလိုနေတယ်။ အင်အားကို ၀ိုင်းဆောက်ကြဖို့ လိုတယ်။ ၀ိုင်းဆောက်ကြမယ့် အထဲမှာ ကျနော်တို့ပါတီဟာ တကယ့်ကို အတွဲညီမယ့် လက်တလက် ဖြစ်နိုင်တယ်ဆိုတာကို အားလုံးက မျှော်လင့်ကြတယ်။ ကြိုဆိုကြတယ်။ ဒါဟာ ပါတီဘက်က အလွန်အားရစရာ ကျေနပ်စရာကောင်းတဲ့ အချက် ၁ ချက်ဖြစ်တယ်လို့ ပြောချင်ပါတယ်။”

လူ့ဘောင်သစ်ပါတီနဲ့ အစိုးရကိုယ်စားလှယ်တို့ သဘောတူညီချက်တွေ အပြီးသတ် လက်မှတ်ထိုးပြီးရင် ပြည်တွင်းမှာ ပါတီဆက်ဆံရေးရုံး စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်အတွင်း တရားဝင်ပါတီတခုအဖြစ် ရပ်တည်တော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013