
မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ ဆင်ချောင်းရွာကို စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းက ဝင်ရောက် မီးရှို့နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်တပ်စစ်ကြောင်းဟာ မြင်းခြံမြို့ကနေ ဧပြီ ၃၀ ရက်မှာ စတင်ထွက်ခွာလာပြီး တောပုရွာက တဆင့် ဆင်ချောင်းရွာကို မေ ၁ ရက်မှာ ရောက်လာပြီး ညနေ ၆ နာရီလောက်မှာ မီးစရှို့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “တိုက်ပွဲက ဖြစ်တယ်။ ရွာသားတွေကတော့ စစ်ကြောင်းလာကတည်းက ရှောင်ရတာပေါ့။ တိုက်ပွဲက ၃၀ ရက်နေ့က ရွာအဝင်မှာ ဖြစ်ကြတာ။ မီးရှို့တာက မေလ ၁ ရက် နေ့ ညနေ ၆ နာရီမှ စရှို့တာ။ အိမ်ဘယ်လောက်ပါသွားတယ် ဆိုတာကတော့ ဘာမှမသိရသေးဘူး။ ဒီနေ့အထိ စစ်ကြောင်းက ရွာထဲကနေ မထွက်သေးဘူး” လို့ ပြောပါတယ်။
ဆင်ချောင်းရွာဟာ မြင်းခြံမြို့ရဲ့ အနောက်ဘက်ခြမ်း ဧရာဝတီမြစ်ကမ်းမှာတည်ရှိတဲ့ ကျေးရွာ ဖြစ်ပါတယ်။
မြောင်မြို့နယ် CDSOM တာဝန်ရှိသူ ကိုနွေဦးက “ဆင်ချောင်းရွာကို ဝင်လာပြီး ပြည်သူတွေရဲ့ ပစ္စည်းတွေကို ပြည်သူတွေရဲ့ ထော်လာဂျီ၊ FAW ကားတွေနဲ့ အပြည့်တင်ကာခိုးယူပြီးမှ ညနေ ၆ နာရီမှာ စတင်ပြီး မီးစတင်ရှို့နေကြတာပါ။။ လေကလည်းတိုက်နေတော့ မီးငြှိမ်းမဲ့ ရွာခံတွေလည်း ပြန်ဝင်လို့ မရတဲ့အခြေနေမို့ တော်တော်ဆုံးရှုံးမှုများမဲ့ အခြေအနေရှိပါတယ်။ နောက်ထပ်လည်း အင်အားတွေခွဲပြီး ညောင်တိုရွာကို ညနေ ၃ နာရီလောက်က ဝင်ရောက်သွားသေးတယ်။ အဲဒီစစ်ကြောင်းကတော့ ဘာအသံမှ မကြားရသေးဘူး” လို့ ပြောပါတယ်။
စစ်ကြောင်းဟာ အင်အား ၃၀၀ နဲ့ ဆင်ချောင်းရွာကနေ ရန္တပိုရွာနဲ့ ကိုင်းရွာအထိ ဆက်လက် စစ်ကြောင်းထိုးမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် အဲဒီကျေးရွာတွေက ပြည်သူတွေ ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး စစ်ဘေးရှောင်ပြည်သူတွေကိုလည်း စစ်ကြောင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ပါ ဗုံးသီးချတိုက်ခိုက်နေတယ်လို့ သိရပါတယ်။










