DVB Logo
Home
မြန်မာသတင်း
၂၀၁၃ မှာ မြန်မာကျောင်းသားများ ပညာသင်ဆုပိုရလာဖွယ်ရှိ
DVB
·
December 27, 2012
၂၀၁၃ မှာ မြန်မာကျောင်းသားများ ပညာသင်ဆုပိုရလာဖွယ်ရှိ
1 / 5
Donate to DVB

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေဖြစ်ပေါ်လာတဲ့အတွက် လာမယ့် ၂၀၁၃ ခုနှစ်မှာ မြန်မာလူငယ်တွေအနေနဲ့  နိုင်ငံခြားပညာတော်သင်ဆု ရရှိမယ့်အခွင့်အလမ်းတွေ အများအပြားရှိလာနေတယ်လို့ ပညာရေးဝန်ဆောင်မှုပေးတဲ့ အသိုင်းအ၀ိုင်းက ပြောပါတယ်။

မြန်မာနိုင်ငံက ကျောင်းသားလူငယ်တွေကို နိုင်ငံတကာတက္ကသိုလ်တွေအနေနဲ့ စိတ်ဝင်စားမှု ပိုများလာပြီး ပညာသင်ဆုပေးဖို့  ကြိုတင်ကမ်းလှမ်းမှုတွေ ရှိလာနေတဲ့အတွက် လာမယ့် ၂၀၁၃ ခုနှစ်မှာ ပညာတော်သင်ဆုရရှိမယ့် အခွင့်အလမ်းတွေ အရင်ကထက် ပိုများလာနေတယ်လို့ မြန်မာနိုင်ငံတွင်းမှာ ပညာရေးဝန်ဆောင်မှုပေးနေတဲ့ ကံ့ကော် ပညာရေးစင်တာက ဒါရိုက်တာ  ဒေါ်ဇင်မာဦးက ပြောပါတယ်။

“အခုဆိုရင် မြန်မာနိုင်ငံကို စိတ်ဝင်စားတဲ့ နိုင်ငံတကာက တက္ကသိုလ်ကျောင်းတွေ ရှိလာတယ်။ သူတို့ ကျောင်းတွေမှာ မြန်မာကျောင်းသူကျောင်းသားတွေ လာရောက်တက်ဖို့ ကမ်းလှမ်းလာတော့ အခွင့်အလမ်းတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိလာမယ်လို့ မျှော်လင့်တယ်။”

မြန်မာနိုင်ငံမှာ ကံ့ကော်ပညာရေးစင်တာကနေတဆင့် ပြီးခဲ့တဲ့ ၂ နှစ်မှာ ၁ နှစ်ကို ကျောင်းသား ၁၀၀ ၀န်းကျင် ပို့လွှတ်နိုင်ခဲ့ပြီး လာမယ့်နှစ်မှာ အရင်ကထက်ပို စေလွှတ်နိုင်ဖို့ရှိတဲ့အတွက် ကျောင်းသားတွေကို ပညာသင်ဆု လျှောက်ထားဖို့ တိုက်တွန်းတယ်လို့လည်း ဒေါ်ဇင်မာဦးက ပြောပါတယ်။

“မြို့ကလူတွေပဲ ပညာသင်ဆုရတယ်။ အဆက်အသွယ်ကောင်းတဲ့လူတွေပဲ ရတယ်ဆိုတာ မဟုတ်ဘူး။ ကျောင်းသားတိုင်း ကြိုးစားပြီးလျှောက်ကြည့်ပါ။ ကိုယ့်မှာအခွင့်အလမ်းရှိတယ်။ လျှောက်ကြည့်ပါ ရနိုင်တဲ့လမ်းတွေအများကြီးရှိတယ်။ ကိုယ်စိတ်ဝင်စားတဲ့ဘာသာတွေ၊ ကျောင်းတွေရှိတယ်၊ ပညာသင်ဆုလည်း ပေးတယ်ဆိုရင် ဒါလျှောက်ဖို့ တွန်းအားပေးချင်တယ်။”

အရည်အချင်းပြည့်မီပြီး နိုင်ငံတကာကျောင်းတွေကို တက်ရောက်ချင်သူတွေအတွက် မည်သူမဆို အခွင့်အရေး တန်းတူရရှိနေပြီး  ၁၀ တန်းအောင်မြင်ပြီးသူတွေ အတွက်လည်း နိုင်ငံခြားပညာသင်ဆုတွေ ရှိနေတာပါ။

ဟောင်ကောင် လီပိုချွန်းကောလိပ်မှာ ပညာသင်ဆုရထားတဲ့  မဆုယမင်းစံကတော့ ပညာသင်ဆု လျှောက်ထားမှုနဲ့ ပတ်သက်ပြီး အကြံပြုပါတယ်။

“ညီမဆို ၁၀ တန်းအောင်ပြီးတော့ UFL မှာ အင်္ဂလိပ်စာ မေဂျာတက်တယ်။ အဓိကက အင်္ဂလိပ်စာ ကောင်းဖို့ လိုတယ်။ Community Service တွေ လူမှုရေးပိုင်းဝင်လုပ်တာတို့ဆိုရင် ပညာသင်ဆုပေးမယ့်သူတွေက အရမ်းသဘောကျတယ်။ ညီမတို့ဆို ၁၀ တန်းအမှတ်နဲ့ပဲ ၀င်သွားတာပဲ။”

အလားတူ ပညာသင်ဆုရထားတဲ့ တက္ကသိုလ်ကျောင်းသား ကိုမင်းထက်အောင်ကလည်း ပညာသင်ဆုလျှောက်ထားတာနဲ့ ပတ်သက်ပြီး  သူ့ရဲ့ အတွေ့အကြုံကို ပြောပါတယ်။

“စလျှောက်တုန်းက ၁၀ တန်းပြီးခါစပဲ ရှိသေးတယ်။ အခက်ဆုံးအပိုင်းကို ပြောရရင် ကိုယ့်စိတ်ကူးကို တင်ပြရတဲ့ နောက်ဆုံး အင်တာဗျူးစာမေးပွဲပေါ့။ ဒါအခက်အခဲဆုံးပါပဲ။”

မြန်မာနိုင်ငံက ကျောင်းသားတွေကို ထိုင်း၊ ဟောင်ကောင်၊ ဖိလစ်ပိုင် နဲ့ မလေးရှားနိုင်ငံက တက္ကသိုလ်တွေဆီ အများဆုံး စေလွှတ်နေတာဖြစ်ပြီး အမေရိကန်၊ ဩစတြေးလျနဲ့ ဥရောပနိုင်ငံတွေက တက္ကသိုလ်တွေကလည်း ပညာသင်ဆုတွေပေးနေတာ ဖြစ်ပါတယ်။  ဘာသာရပ်တွေကတော့ ဖွံ့ဖြိုးရေးဘာသာရပ်တွေနဲ့ လူမှုရေးသိပ္ပံဘာသာရပ်တွေမှာ ပညာသင်ဆု အဓိကပေးပါတယ်။

ဒါ့အပြင် မြန်မာ့နိုင်ငံရေးအပြောင်းအလဲနဲ့အတူ လိုအပ်လာမယ့် နေရာအသီးသီးမှာ အရည်အချင်းပြည့်မီတဲ့ လူငယ်ပညာတတ်တွေ ရှိလာစေဖို့အတွက် နိုင်ငံတကာ တက္ကသိုလ်တွေအနေနဲ့ အခုလို ပညာသင်ဆုပေးဖို့ စိတ်ဝင်စားလာတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013