DVB Logo
Home
မြန်မာသတင်း
အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြောင်းလဲမည်ဟု သမ္မတ ပြောကြား
DVB
·
December 26, 2012
အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြောင်းလဲမည်ဟု သမ္မတ ပြောကြား
Donate to DVB

အစိုးရအဖွဲ့က အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို စတင်လုပ်ဆောင်တော့မယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့အသီးသီးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပွဲမှာ သမ္မတက ပြောကြားလိုက်တာ ဖြစ်ပါတယ်။

[caption id="attachment_34736" align="alignright" width="300" caption="နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်သံတမန်ဆောင်ခန်းမတွင် မိန့်ခွန်းပြောကြားနေစဉ်"][/caption]

ဦးသိန်းစိန်အစိုးရအဖွဲ့ဟာ မဟာဗျူဟာအဆင့် ၃ ဆင့် ထုတ်ပြန်အကောင်အထည်ဖော်ရာမှာ  ပထမအဆင့်အဖြစ် နိုင်ငံရေးပြုပြင်ပြောင်းလဲရေး၊ ဒုတိယအဆင့်အဖြစ် ပြည်သူဗဟိုပြု လူမှုစီးပွားရေး ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ခဲ့ပြီး အခု တတိယအဆင့် အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်တော့မယ်ဆိုတာ ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

ဒီမဟာဗျူဟာ အရ မြို့နယ်တခုမှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ၊ လူမှုစီးပွားရေး လူထုလူတန်းစား ကိုယ်စားလှယ်တွေပါဝင်တဲ့ မြို့နယ်ကော်မတီဖွဲ့စည်းဖို့နဲ့ မြို့နယ်ရဲ့ အရေးအရာကိစ္စအားလုံးကို မြို့နယ်ကော်မတီက ဆွေးနွေးတိုင်ပင်ပြီး စုပေါင်း ဆွေးနွေးဆုံးဖြတ်၊ စုပေါင်း ဦးဆောင်အကောင်အထည်ဖော်တဲ့စနစ်နဲ့ ပြင်ဆင်ဆောင်ရွက်သွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားပါတယ်။ မြို့နယ်ကော်မတီအောက်မှာ ဆပ်ကော်မတီတွေ ဖွဲ့စည်း ဆောင်ရွက်ဖို့လည်း အဆင့်လိုက် သမ္မတက ထည့်သွင်းပြောဆိုပါတယ်။

သမ္မတရဲ့ အုပ်ချုပ်ရေးစနစ်ပြောင်းလဲမယ့် ပြောကြားချက်ကို သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က ကြိုဆိုလိုက်ပါတယ်။

“ဒါ ကောင်းတဲ့လက္ခဏာပဲ။ ဘာလို့လဲဆိုတော့ ပါလီမန်ခေတ်မှာ ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေး ဆိုတာ မြို့နယ်တချို့မှာ စမ်းသပ် ကျင့်သုံးခဲ့တယ်။ အဲမှာ ဗျူရိုကရက်တွေဖြစ်တဲ့ အရေးပိုင်၊ နယ်ပိုင်တယောက်ထဲရဲ့ လက်ထဲကိုပဲ အာဏာမထားဘဲနဲ့ ဒေသန္တရအုပ်ချုပ်ရေးမှာ ဆိုင်ရာဋ္ဌာနအသီးသီးကရော၊ ပြည်သူ့ကိုယ်စားလှယ်တွေရော ပါဝင်ပြီးတော့ မြို့နယ်တွေရဲ့ ဒေသဆိုင်ရာပြဿနာတွေကို ကျယ်ကျယ်ပြန့်ပြန့် စုဝေးစဉ်းစား ဆောင်ရွက်ခဲ့တာပေါ့။ အဲလိုဆောင်ရွက်ချက်မျိုး အခုအချိန်မှာ မရှိတော့ဘူး။ ၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက အာဏာအားလုံးက မြို့နယ် သို့မဟုတ် ခရိုင်၊ တိုင်းမှာယူတဲ့ စစ်တပ်ကပုဂ္ဂိုလ်တွေဆီမှာပဲ အာဏာက သွားစုတယ်။ အဲ စုပြုံစနစ်ကြီးက အခုအချိန်ထိ တိုင်းပြည်မှာ ကျန်ရစ်ခဲ့တယ်။ ဒါကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး ခန့်အပ်တဲ့အခါမှာ သူကလည်း သူ့တဦးချင်းပဲ ဆောင်ရွက်ပြီးတော့ ဆုံးဖြတ်နေတာတွေရှိတယ်။”

“အဲဒါ ဘယ်လောက်ထိရှိခဲ့လဲဆိုရင် ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပြဋ္ဌာန်း ထားပြီးတာတောင် မဲဆန္ဒနယ်နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်ဘဲနဲ့ အာဏာပိုင်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမယ့် တာဝန်ကိုတောင် အခု ဥပဒေပြဋ္ဌာန်းတာ ၁ လရှိပြီ။ သင်္ဃန်းကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးက ကျနော်က ဆွေးနွေးချင်တယ်လို့ ပြောတာတောင် အခုထက်ထိ အကြောင်းမပြန်ဘူး။ ဥပဒေ ပုဒ်မ ၆၂ မှာ လွှတ်တော်ကိုယ်စားလှယ်ဟာ အလေးအနက်တိုင်ပင်ရမယ့် ပုဂ္ဂိုလ် မှတ်ယူရမယ်လို့ ပြဋ္ဌာန်းထားပေမယ့် ယနေ့အချိန်ထိ မိမိမြို့နယ်အတွင်းမှာ တဦးချင်းပဲ အာဏာပိုင်သဘောမျိုး ဆောင်ရွက်နေတာ တွေ့တယ်။ ဒါတွေလည်း လာမယ့်လွှတ်တော်တွေမှာ တင်ပြဖို့ ပြင်ဆင်နေချိန်မှာ သမ္မတကြီးက ဗျူရိုကရေစီယန္တရားပုံစံကိုဖျောက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် မြို့နယ်အုပ်ချုပ်ရေးစနစ်ကို သွားမယ်ဆိုရင် သမ္မတကြီးရဲ့ တတိယအဆင့် ပြုပြင်ပြောင်းလဲရေးကို လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ရော၊ အမျိုးသားဒီမိုကရေစီပါတီသစ်ရဲ့ ဥက္ကဋ္ဌအနေနဲ့သော်လည်းကောင်း ကျနော် ကြိုဆိုပါတယ်။”

မန္ထလေးမြို့က စာရေးဆရာ၊ သတင်းစာဆရာ ကျော်ရင်မြင့်က “အုပ်ချုပ်ရေးကြောင့်ဆိုရင်တော့ ကျနော့်ထင်မြင်ချက်အရ ထိပ်ဆုံးက မူဝါဒကိုင်တဲ့ ပုဂ္ဂိုလ်များရဲ့ ပြတ်သားမှုနဲ့ တကယ်ကို ပြောင်းချင်တဲ့ ဆန္ဒရှိဖို့က အရေးကြီးတယ် ထင်ပါတယ်။ ဒီနေ့ လူတိုင်းလည်း ပြောနေတာ ပြောင်းတယ်၊ ပြောင်းတယ်ဆိုပေမယ့် ၂ နှစ်လောက်ရှိပြီ။ တိုင်းပြည် မပြောင်းဘူး။ လာဘ်စားတဲ့သူကလည်း စားနေတာပဲ။ စားတဲ့လူ စားရဲနေတာ အပေါ်ကလူတွေကို ကြည့်ပြီး စားနေတာပါ။ အပေါ်ကလူတွေက မစားအောင်လုပ်ရင် အုပ်ချုပ်ရေးလည်း ပြောင်းသွားတယ်၊ လူတွေအများကြီးနဲ့ ဖွဲ့စရာလည်း မလိုဘူး။ မင်းတို့ လာဘ်မစားနဲ့ စားလို့ကတော့ အရေးယူမယ်။ မင်းတို့ မှန်မှန်ကန်ကန်လုပ်၊ မလုပ်လို့ကတော့ ငါတို့ကတော့ အရေးယူမှာပဲဆိုပြီး ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်တဲ့အလုပ်မျိုးလုပ်တယ်ဆိုရင် ကောင်းသွားမှာပါ။ လူတွေအများကြီးနဲ့လုပ်ရင် အထုပ်တွေအများကြီးပေးရတာမျိုး ပိုတိုးလာရင်လည်း မကောင်းပါဘူး။ အရေးကြီးကာ တကယ်လုပ်ဖို့၊ တကယ်ပြောင်းဖို့၊ အဲဒီစေတနာနဲ့ အပေါ်ကနေပြီး ပြတ်ပြတ်သားသားစီမံခန့်ခွဲဖို့ လိုတယ် ထင်ပါတယ်” လို့ ပြောပါတယ်။

သမ္မတဦးသိန်းစိန်ဟာ အစိုးရသက်တမ်း ၁ နှစ်နဲ့ ၉ လအကြာမှာ အခုလို အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်ရေးပိုင်း ပြုပြင်ပြောင်းလဲဖို့ ပြောလာတာပါ။

သမ္မတရဲ့ နှစ်ကူးခါနီး ပြောသွားတဲ့ အုပ်ချုပ်ရေးပြောင်းလဲမယ်ဆိုတဲ့ မိန့်ခွန်းမှာ နိုင်ငံတကာက မြန်မာနိုင်ငံအပေါ်မှာ ကောင်းမွန်တဲ့အုပ်ချုပ်ရေး ရှိ မရှိ တိုင်းတာတဲ့ စံတွေအရ အားနည်းချက်အများကြီး ရှိနေတာတွေ့ရကြောင်းနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကိုလည်း ထိထိရောက်ရောက် တားဆီး ထိန်းသိမ်းကြဖို့ကိုလည်း သတိပေးပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013