DVB Logo
Home
မြန်မာသတင်း
SNLD ကချင်ပြည်နယ်ခရီးစဉ် ဒုက္ခသည်များအတွက် ငွေနှင့်ဆေးဝါးကူညီ
DVB
·
December 26, 2012
SNLD ကချင်ပြည်နယ်ခရီးစဉ် ဒုက္ခသည်များအတွက် ငွေနှင့်ဆေးဝါးကူညီ
Donate to DVB

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက ကိုယ်စားလှယ်အဖွဲ့ ၁ ဖွဲ့ ကချင်ပြည်နယ် ၀ိုင်းမော်နဲ့ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးမောက်၊ မန်စီဒေသက ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့ပြီး မြန်မာ ကျပ်ငွေ သိန်း ၁၂၀နဲ့ ကျပ်သိန်း ၅၀ ဖိုးလောက်ရှိတဲ့  ဆေးဝါးတွေ သွားရောက် အကူအညီပေးခဲ့ပါတယ်။

ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အက်စ်အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က “ဒုက္ခသည်တွေရဲ့ အခက်အခဲကို ဘာတွေကူညီပေးနိုင်မလဲ လာလေ့လာတာပါ။ ဒါ ပဏာမခရီးစဉ်။ ဒုက္ခသည်စခန်းတွေ လေ့လာတဲ့အခါမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေရဲ့ အနေအထားကို သိပ်သဘောမကျဘူး။ ကလေးငယ်တွေ စာမသင်ရဘူး။ ကျောင်းမတက်ရဘူးဆိုတော့ သူတို့အတွက် တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကလည်း စိုးရိမ်စရာကောင်းတာက ၀ိုင်းမော်မြို့ ခတ်ချိုရွာမှာ အိမ်သာအလုံအလောက်မရှိဘူး။ လူ ၅၀၀ ကျော်နေတဲ့ စခန်းမှာ ရေလောင်းအိမ်သာ ၄ လုံးပဲရှိတယ်။ မြေတူးအိမ်သာ ၆ လုံးလောက်တော့ ရှိတယ်။ လောလောဆယ်လိုတာက ရာသီဥတုကလည်း အေးတော့ အ၀တ်အစားပါ။ အနွေးထည်တွေလိုတယ်” လို့ ပြောပါတယ်။

ရှမ်းပါတီကိုယ်စားလှယ်အဖွဲ့ဟာ စစ်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်ကို ဒီဇင်ဘာလ ၂၄ ရက်ကနေ ၂၆ ရက်ထိ ပထမဆုံးအကြိမ် သွားရောက်လေ့လာခဲ့တာဖြစ်ပြီး  ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးပြန်ရဖို့ အစိုးရနဲ့ ကချင်လက်နက်ကိုင်တွေအကြား  နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမှသာ စစ်ပွဲတွေရပ်ပြီး ငြိမ်းချမ်း ရေးရနိုင်မယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

“ကျနော်တို့ စရောက်တဲ့နေ့မှာပဲ မြစ်ကြီးနားမြို့မှာ မီးပျက်သွားတယ်။ နှစ်ဖက်တိုက်ပွဲဖြစ်ပြီးတော့ မီးစက် ဗုံးခွဲခံလိုက်ရတယ် ပြောတယ်။ စစ်ရှိန်တွေမြင့်နေတယ်။ ကျနော်တို့မရောက်ခင် ၁ ရက်မှာပဲ မြောက်ပိုင်းတိုင်းမှူးက လဂျားယန်မှာရှိတဲ့ ကေအိုင်အေတပ်စခန်းတွေ ဆုတ်ပေးဖို့ အမိန့်ပေးစာထွက်တယ်။ ကေအိုင်အေကလည်း မဆုတ်နိုင်ဘူး၊ သူတို့မှာ ခံစစ်နဲ့ တိုက်ဖို့ အဆင့်သင့်ဖြစ်နေတယ်ပေါ့။ လယ်ယာလုပ်သူတွေကအစ တောင်ယာလုပ်သူအဆုံး တောထဲမ၀င်ရဲကြဘူး။ စားဝတ်နေရေးအတွက် ရေရှည်မှာ အင်မတန်ခက်ခဲကြပါလိမ့်မယ်။ ငြိမ်းချမ်းရေးရဖို့အတွက်ကတော့ သက်ဆိုင်ရာ အစိုးရကိုရော၊ ကေအိုင်အေ အပါအ၀င် တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေပါ ပြည်သူလူထုမျက်နှာ ထောက်ထားပြီး  ငြိမ်းချမ်းရေးရဖို့အတွက် နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ကလွဲရင် ဒါတခုတည်းသော နည်းလမ်းလို့ တွေးတယ်။ နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းရုံကလွဲလို့ တခြားနည်းလမ်းတော့ ဘယ်လိုမှ ပြေလည်စရာ မတွေ့ဘူးလို့ သုံးသပ်တယ်။”

ကချင်ပြည်နယ်မှာ  ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေက တရုတ်-မြန်မာ နယ်စပ်က ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြရတာပါ။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လက စပြီး ၁ နှစ်ခွဲ လောက်ကြာနေပြီဖြစ်တဲ့ စစ်ပွဲတွေအတွင်း  ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရှောင်ဒုက္ခသည်ပေါင်း ၇ သောင်းခွဲလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ် လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) က ခန့်မှန်းထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး အကြီးအကဲ ဗလာရီအေးမို့စ်ကတော့  ကချင်လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ဒေသကို သွားခွင့်မရတဲ့အတွက်  ကချင်ဒုက္ခသည် ၆ သောင်းလောက်အတွက် အကူအညီတွေ သွားရောက်မပေးနိုင်တာ ၆ လလောက်ရှိပြီလို့ အခုလဆန်းပိုင်းက ထုတ်ဖော်ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013