DVB Logo
Home
မြန်မာသတင်း
တက်ကြွလှုပ်ရှားသူများ အာမခံကို ငြင်းပယ်
DVB
·
December 26, 2012
Donate to DVB

မန္တလေးက သံဃာတွေနဲ့အတူ ဆန္ဒပြသူ ၄ ဦးကို တရားစွဲဆိုရုံးထုတ်ရာမှာ  တရားရုံးက အာမခံပေးပေမယ့် စွဲဆိုခံရသူတွေက ဒီဥပဒေကို အယုံအကြည်မရှိတဲ့အတွက် အာမခံမယူကြဘူးလို့ တရားခွင်ကို တက်ရောက် နားထောင်သူတဦးက ပြောပြပါတယ်။

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဒဏ်ရာရသူတွေကို ပြည်ထောင်စု အစိုးရက တောင်းပန်ဖို့ သံဃာတွေနဲ့အတူ ချီတက်ဆန္ဒပြခဲ့တဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ (အထက်မြန်မာပြည်တာဝန်ခံ) ကိုသိန်းအောင်မြင့်၊ ဗကသ ကျောင်းသားတွေဖြစ်တဲ့ ကိုအောင်မှိုင်းဆန်း၊ ကိုသန်းထိုက်နဲ့ ကိုမင်းနိုင်လွင်တို့ကို ဒီလလယ်ပိုင်းမှာ ဖမ်းပြီး ခွင့်ပြုချက်မယူဘဲ ဆန္ဒပြမှုပုဒ်မ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၂ ခုနဲ့ စွဲဆိုရုံးထုတ်တာ ဖြစ်ပါတယ်။

ဒီနေ့ရုံးထုတ်မှာ တရားလိုရဲ့ သက်သေကိုစစ်ဆေးပြီး တရားသူကြီးက စွပ်စွဲခံရသူ ၄ ဦးကို အာမခံပေးမယ် ယူကြဖို့ ပြောတာကို မယူဘူးလို့ ငြင်းပယ်ခဲ့ကြောင်း ဆိုပါတယ်။

မန္တလေးတိုင်း ချမ်းမြသာစည် တရားရုံးမှာ ဒီကနေ့ တက်ရောက်နားထောင်တဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုစောလှအောင်က သူတို့ ၄ ဦး အာမခံ မယူရခြင်းဟာ ဥပဒေကို အသိအမှတ်မပြုတဲ့အတွက်ဖြစ်ကြောင်း ရှင်းလင်းပြောဆိုကြတယ်လို့ ပြောပါတယ်။

“၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၃၅၄ နိုင်ငံသားရပိုင်ခွင့် အခွင့်အရေးကို နိုင်ငံသားတွေကျင့်သုံးကြတယ်လေ။ ဒါကို ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်တဲ့ ခွင့်ပြုမိန့် နည်းဥပဒေက တနိုင်ငံလုံးအတိုင်းအတာနဲ့ အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြို့နယ်မှူးလေး တယောက်က ပယ်ဖျက်ခွင့်ရနေတယ်၊ ဆန္ဒပြဖို့ ခွင့်ပြုမိန့်တင်ရင်လေ။ ခွင့်ပြုမိန့်မရဘဲ လုပ်ရင် စီတန်းပုဒ်မ ၁၈ တို့နဲ့ တရားစွဲတယ်။ ဒါကြောင့် ကျနော်တို့ ဒီပုဒ်မကို လက်မခံ သပိတ်မှောက်တဲ့သဘောပဲ။”

သူတို့ ၄ ဦးအမှုကို ဒီဇင်ဘာ ၂၀ ရက်နေ့က ၁ ကြိမ်ရုံးထုတ်ခဲ့ပြီး နောက်တကြိမ်ရုံးချိန်းကို လာမယ့် ၂၀၁၃ ဇန်န၀ါရီ ၂ ရက်နေ့ကို သတ်မှတ်ထားပါတယ်။

ရန်ကုန်မှာလည်း အလားတူ ပုဒ်မ ၂ ခုနဲ့ စွဲဆိုခံထားရတဲ့သူတွေရှိသလို နေပြည်တော်ကို ချီတက်အရေးဆိုဖို့ ချီတက်တဲ့ မိုးထိမိုးမိခေါင်းဆောင်တွေကိုလည်း ဒီပုဒ်မ ၂ ခုနဲ့ စွဲဆိုရုံးထုတ် နေပါတယ်။

လက်ပန်းတောင်းသပိတ်စခန်း ဒဏ်ရာရသံဃာတွေကို အစိုးရက တောင်းပန်ဖို့ မေတ္တာပို့သပွဲလုပ်စဉ်က မန္တလေး၊ မုံရွာ၊ ပြည်၊ မိုးကုတ်နဲ့ တောင်ကြီးစတဲ့ မြို့နယ် ၇ ခုလောက် မှာ သံဃာအင်အားထောင်ချီပြီးပါဝင်ခဲ့ရာမှာ ကျောင်းသားတွေနဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့တွေပါ ပါဝင်ဆန္ဒပြကြပါတယ်။ သူတို့တတွေကို ဖမ်းဆီး ရုံးတင် တရားစွဲပေမယ့် သံဃာတွေကိုတော့ အစိုးရက တောင်းပန်ခဲ့ပြီး တစုံတရာ အရေးယူခြင်းမရှိပါဘူး။

ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ခေါင်းဆောင် ဦးထင်ကျော်က ဒီဇင်ဘာ ၂၇ ရက်နေ့ ကျရင် ဒီပုဒ်မ ၂ ခုကို ဖျက်သိမ်းဖို့ တောင်းဆိုဆန္ဒပြမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013