DVB Logo
Home
Lead Story
အယ်ဒီတာအာဘော် - ဂုဏ်သိက္ခာမြင့်မားလာသည့် မီးသတ်တပ်ဖွဲ့  
DVB
·
September 17, 2019
အယ်ဒီတာအာဘော် - ဂုဏ်သိက္ခာမြင့်မားလာသည့် မီးသတ်တပ်ဖွဲ့  
Donate to DVB

ရန်ကုန် ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန် ၁ ရှိ ဇာမဏီဖယောင်းသိုလှောင်ရုံတွင် မီးလောင်မှုတခု ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပွားခဲ့သည်။ စက်တင်ဘာ ၁၀ရက် ည ၆ နာရီ ၃၀ မိနစ်ခန့်တွင် မီးလောင်ကျွမ်းခဲ့သော်လည်း ၇ နာရီမှာ သတင်းရရှိပြီး ၇ နာရီ ၁ မိနစ်ခန့်တွင် ဒေသခံမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးလောင်ရာအရပ်သို့ သွားရောက်ငြှိမ်းသတ်နေပြီဟု သတင်းထုတ်ပြန်ခဲ့ပါသည်။

လူမှုကွန်ရက်စာမျက်နှာတွင်လည်း ၇ နာရီထိုးပြီး မရှေးမနှောင်းတွင် မီးငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင်များ၏ ကြိုးစားလုပ်ဆောင်မှုကို မြင်တွေ့နေရသည်။ အဆိုပါ မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးလောက် ထိခိုက်ဒဏ်ရာခဲ့သဖြင့် ပြည်သူတို့ ဂရုဏာဖြစ်ခဲ့ကြရသည်။ 

မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပတ်သက်၍ စောင့်ကြည့်လေ့လာခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထူးခြားသည်မှာ ယခင်ကနှင့် လုံးဝ မတူတော့ခြင်းပင်။ မီးလောင်မှုဖြစ်ပွားသည်ကို သတင်းရရှိသည်နှင့် တပြိုင်နက်  မီးသတ်တပ်ဖွဲ့က လူမှုကွန်ရက်ကတဆင့် တိုက်ရိုက် ရုပ်သံများ ထုတ်လွှင့်ပေးသဖြင့် မီးလောင်မှုဖြစ်ပွားရာ နေရာကို ပြည်သူတို့ ချက်ချင်း သိခွင့်ရခဲ့သည်။ ပို၍ထူးသည်မှာ မီးသတ်တပ်ဖွဲ့အပေါ် ပြည်သူတို့ အမြင်ပြောင်းလဲသွားခြင်းပင် ဖြစ်သည်။

ယခင်ကမူ မီးသတ်တပ်ဖွဲ့သည် အာဏာရှင်တို့၏ လက်ကိုင်တုတ်တခုအဖြစ်သာ ကပြခဲ့ရသည်။ မီးငြှိမ်းသတ်ရာတွင်လည်း ငွေပေးမှ မီးငြှိမ်းပေးသော ကာလတခု ရှိခဲ့ဖူးသည်ဟု ပြည်သူ့နှလုံးတွင် ထင်ဟပ်နေခဲ့ကြသည်။ ၁၉ ရာစုအတွင်းက လန်ဒန်မီးသတ်တို့နှင့် မခြားခဲ့ပေ။

၁၉ ရာစု လန်ဒန်မီးသတ်တို့သည် ကုမ္ပဏီလုပ်ငန်းမျှသာ ဖြစ်သည်။ မီးလောင်သောအခါ လန်ဒန် မီးသတ်တပ်ဖွဲ့ဝင်များသည် ကုမ္ပဏီထည့်ဝင်ကြေး ပေးဆောင်ပြီးဟူသော အမှတ်အသား ရှိသည့် အိမ်များကိုသာ မီးငြှိမ်းသတ်ပေးခဲ့ကြရသည်။ မီးသတ်လုပ်ငန်းကို အစိုးရက တာဝန်ယူအချိန်မှ ထိုခွဲခြားမှု ပျောက်ကွယ်သွားသည် ဆို၏။ 

မြန်မာနိုင်ငံသည် ရှေးယခင်ကတည်းက သစ်ဝါးတိုဖြင့် ဆောက်ခဲ့ကြသောကြောင့် မီးလောင်မှု များခဲ့သည်။ ကိုလိုနီလက်ထက်တွင်လည်း မကြာခဏ မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ပထမဦးဆုံး ၁၈၇၅ ခုနှစ်တွင် ခေတ်မီ မီးသတ်စက် ၄ လုံး စတင်ဝယ်ယူခဲ့သည်ကို တွေ့ရသည်။ သို့သော် စေတနာ့ဝန်ထမ်းများအဆင့်သာ ရှိသေးသည်။ ၁၈၈၅ ခုနှစ်ရောက်မှ ရန်ကုန် မြူနီစီပယ်မီးသတ်ကို စတင်တည်ထောင်နိုင်ခဲ့သည်။

၁၉၃၂ ခုနှစ်တွင် စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် စေတနာ့ဝန်ထမ်း မီးသတ်အစည်းအရုံး ညီလာခံကို ကန်တော်လေး ဇိန  အစ္စလာမ် အမျိုးသမီးကျောင်းတွင် ကျင်းပခဲ့သည်။ သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ ဦးဘချိုနှင့် သခင်မြတို့ တက်ရောက်၍ သခင်အောင်ဆန်းမှ မူချလမ်းညွှန်ချက်ပေးခဲ့သည်ဟု ဆိုသည်။ ထိုရက်ကို အစွဲပြုပြီး နှစ်စဉ် မေ‌လ ၅ ရက်နေ့ကို မီးသတ်တပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။

အစပိုင်းတွင် မီးသတ်အစည်းအရုံးသည် ရန်ကုန်မြူနီစီပယ် အောက်တွင် ရှိခဲ့သည်။ ၁၉၄၇ တွင် မီးသတ်ညွှန်ကြားရေးဝန် အပါအဝင် ဝန်ထမ်း ၂၁ ဦး ခန့်ထား၍ မီးဘေး တားဆီးရေးနှင့် မီးဘေးကာကွယ်ရေးကို ဆောင်ရွက်စေခဲ့သည်။ ၁၉၅၃ ခုတွင် မီးသတ်ဝန်ထမ်း အက်ဥပဒေ ပြဋ္ဌာန်းပြီး ပြည်ထဲရေးဝန်ကြီးဌာနခွဲအဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၉၂ ခုတွင် မီးသတ်ဌာနကို လူ/ကယ်ပြန်ဝန်ကြီးဌာနအောက် ပို့ခဲ့သည်။

မီးသတ်အဖွဲ့ကို ၂၀၁၂ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြည်ထဲရေးဝန်ကြီးဌာန အောက် ပြန်ပို့ခဲ့ပြန်သည်။ မီးသတ်အဖွဲ့၏ ရည်ရွယ်ချက်အရ ကြည့်လျှင် “ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များ၊ နိုင်ငံအတွင်းရှိ ကုန်ထုတ်အရင်းနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ရေး လုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ် အပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ တာဝန်ယူ ဆောင်ရွက်ရန်”ဟူ၍ ဖြစ်သည်။

ဤအတိုင်းဆိုလျှင် မီးသတ်အဖွဲ့အစည်းသည် ပြည်ထဲရေးထက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် နေရာပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်သာ သက်ဆိုင်နေသည်ကို တွေ့ရသည်။

မြန်မာမီးသတ်အဖွဲ့တို့၏ ဘီးလင်း မြေပြိုရာတွင် လည်းကောင်း၊ မွန်ပြည်နယ်တွင်း ရေကြီးရေလျှံ ဘေးအန္တရာယ်ကူညီမှုတို့မှ အစပြု၍ မီးလောင်မှု အဆုံး၊ လူမှုကူညီရေး လုပ်ငန်းရပ်များတွင် စေတနာရှေးရှု လုပ်ဆောင်မှုများအား ပြည်သူအများ နှစ်ထောင်းအားရ ဖြစ်ခဲ့ကြသည်ကို လေ့လာတွေ့ရှိခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ မီးသတ်အဖွဲ့အစည်း ယခုထက်ပို၍ ခေတ်မီနည်းပညာ သင်တန်းများ ပို့ချခြင်း၊ လေ့ကျင့်ပေးခြင်းတို့ ပြုလုပ်ရန် လိုအပ်နေသည်ဟု ယူဆပါသည်။

ထို့အပြင် မီးသတ်တပ်ဖွဲ့အား သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းတခုအဖြစ် ရပ်တည်စေ၍ သော်လည်းကောင်း လူ/ကယ်/ပြန်ဝန်ကြီးဌာနနှင့်သော်လည်းကောင်း ပြန်လည်ပေါင်းစပ်ပေးနိုင်မည်ဆိုလျှင် ယခုထက်ပို၍ ဂုဏ်ရောင်  ထွန်းပြောင်နိုင်ပေလိမ့်မည်။

~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

အယ္ဒီတာအာေဘာ္ - ဂုဏ္သိကၡာျမင့္မားလာသည့္ မီးသတ္တပ္ဖြဲ႕  

ရန္ကုန္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ စက္မႈဇုန္ ၁ ရွိ ဇာမဏီဖေယာင္းသိုေလွာင္႐ုံတြင္ မီးေလာင္မႈတခု ၿပီးခဲ့သည့္ သီတင္းပတ္က ျဖစ္ပြားခဲ့သည္။ စက္တင္ဘာ ၁၀ရက္ ည ၆ နာရီ ၃၀ မိနစ္ခန႔္တြင္ မီးေလာင္ကြၽမ္းခဲ့ေသာ္လည္း ၇ နာရီမွာ သတင္းရရွိၿပီး ၇ နာရီ ၁ မိနစ္ခန႔္တြင္ ေဒသခံၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕မွ မီးေလာင္ရာအရပ္သို႔ သြားေရာက္ျငႇိမ္းသတ္ေနၿပီဟု သတင္းထုတ္ျပန္ခဲ့ပါသည္။

လူမႈကြန္ရက္စာမ်က္ႏွာတြင္လည္း ၇ နာရီထိုးၿပီး မေရွးမေႏွာင္းတြင္ မီးျငႇိမ္းသတ္ေနေသာ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၏ ႀကိဳးစားလုပ္ေဆာင္မႈကို ျမင္ေတြ႕ေနရသည္။ အဆိုပါ မီးေလာင္မႈတြင္ မီးသတ္တပ္ဖြဲ႕ဝင္ ၁၂ ဦးေလာက္ ထိခိုက္ဒဏ္ရာခဲ့သျဖင့္ ျပည္သူတို႔ ဂ႐ုဏာျဖစ္ခဲ့ၾကရသည္။

မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ ပတ္သက္၍ ေစာင့္ၾကည့္ေလ့လာခဲ့သည္မွာ ၾကာၿပီျဖစ္သည္။ ထူးျခားသည္မွာ ယခင္ကႏွင့္ လုံးဝ မတူေတာ့ျခင္းပင္။ မီးေလာင္မႈျဖစ္ပြားသည္ကို သတင္းရရွိသည္ႏွင့္ တၿပိဳင္နက္  မီးသတ္တပ္ဖြဲ႕က လူမႈကြန္ရက္ကတဆင့္ တိုက္႐ိုက္ ႐ုပ္သံမ်ား ထုတ္လႊင့္ေပးသျဖင့္ မီးေလာင္မႈျဖစ္ပြားရာ ေနရာကို ျပည္သူတို႔ ခ်က္ခ်င္း သိခြင့္ရခဲ့သည္။ ပို၍ထူးသည္မွာ မီးသတ္တပ္ဖြဲ႕အေပၚ ျပည္သူတို႔ အျမင္ေျပာင္းလဲသြားျခင္းပင္ ျဖစ္သည္။

ယခင္ကမူ မီးသတ္တပ္ဖြဲ႕သည္ အာဏာရွင္တို႔၏ လက္ကိုင္တုတ္တခုအျဖစ္သာ ကျပခဲ့ရသည္။ မီးျငႇိမ္းသတ္ရာတြင္လည္း ေငြေပးမွ မီးျငႇိမ္းေပးေသာ ကာလတခု ရွိခဲ့ဖူးသည္ဟု ျပည္သူ႔ႏွလုံးတြင္ ထင္ဟပ္ေနခဲ့ၾကသည္။ ၁၉ ရာစုအတြင္းက လန္ဒန္မီးသတ္တို႔ႏွင့္ မျခားခဲ့ေပ။

၁၉ ရာစု လန္ဒန္မီးသတ္တို႔သည္ ကုမၸဏီလုပ္ငန္းမွ်သာ ျဖစ္သည္။ မီးေလာင္ေသာအခါ လန္ဒန္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားသည္ ကုမၸဏီထည့္ဝင္ေၾကး ေပးေဆာင္ၿပီးဟူေသာ အမွတ္အသား ရွိသည့္ အိမ္မ်ားကိုသာ မီးျငႇိမ္းသတ္ေပးခဲ့ၾကရသည္။ မီးသတ္လုပ္ငန္းကို အစိုးရက တာဝန္ယူအခ်ိန္မွ ထိုခြဲျခားမႈ ေပ်ာက္ကြယ္သြားသည္ ဆို၏။

ျမန္မာႏိုင္ငံသည္ ေရွးယခင္ကတည္းက သစ္ဝါးတိုျဖင့္ ေဆာက္ခဲ့ၾကေသာေၾကာင့္ မီးေလာင္မႈ မ်ားခဲ့သည္။ ကိုလိုနီလက္ထက္တြင္လည္း မၾကာခဏ မီးေလာင္မႈ ျဖစ္ပြားခဲ့သည္။ ပထမဦးဆုံး ၁၈၇၅ ခုႏွစ္တြင္ ေခတ္မီ မီးသတ္စက္ ၄ လုံး စတင္ဝယ္ယူခဲ့သည္ကို ေတြ႕ရသည္။ သို႔ေသာ္ ေစတနာ့ဝန္ထမ္းမ်ားအဆင့္သာ ရွိေသးသည္။ ၁၈၈၅ ခုႏွစ္ေရာက္မွ ရန္ကုန္ ျမဴနီစီပယ္မီးသတ္ကို စတင္တည္ေထာင္ႏိုင္ခဲ့သည္။

၁၉၃၂ ခုႏွစ္တြင္ ေစတနာ့ဝန္ထမ္း မီးသတ္တပ္ဖြဲ႕ကို စတင္ဖြဲ႕စည္းခဲ့သည္။ ၁၉၄၆ ခုႏွစ္တြင္ ေစတနာ့ဝန္ထမ္း မီးသတ္အစည္းအ႐ုံး ညီလာခံကို ကန္ေတာ္ေလး ဇိန  အစၥလာမ္ အမ်ိဳးသမီးေက်ာင္းတြင္ က်င္းပခဲ့သည္။ သခင္ေအာင္ဆန္း၊ သခင္သန္းထြန္း၊ ဦးဘခ်ိဳႏွင့္ သခင္ျမတို႔ တက္ေရာက္၍ သခင္ေအာင္ဆန္းမွ မူခ်လမ္းၫႊန္ခ်က္ေပးခဲ့သည္ဟု ဆိုသည္။ ထိုရက္ကို အစြဲျပဳၿပီး ႏွစ္စဥ္ ေမ‌လ ၅ ရက္ေန႔ကို မီးသတ္တပ္ဖြဲ႕ေန႔အျဖစ္ သတ္မွတ္ခဲ့ၾကသည္။

အစပိုင္းတြင္ မီးသတ္အစည္းအ႐ုံးသည္ ရန္ကုန္ျမဴနီစီပယ္ ေအာက္တြင္ ရွိခဲ့သည္။ ၁၉၄၇ တြင္ မီးသတ္ၫႊန္ၾကားေရးဝန္ အပါအဝင္ ဝန္ထမ္း ၂၁ ဦး ခန႔္ထား၍ မီးေဘး တားဆီးေရးႏွင့္ မီးေဘးကာကြယ္ေရးကို ေဆာင္႐ြက္ေစခဲ့သည္။ ၁၉၅၃ ခုတြင္ မီးသတ္ဝန္ထမ္း အက္ဥပေဒ ျပ႒ာန္းၿပီး ျပည္ထဲေရးဝန္ႀကီးဌာနခြဲအျဖစ္ သတ္မွတ္ခဲ့သည္။ ၁၉၉၂ ခုတြင္ မီးသတ္ဌာနကို လူ/ကယ္ျပန္ဝန္ႀကီးဌာနေအာက္ ပို႔ခဲ့သည္။

မီးသတ္အဖြဲ႕ကို ၂၀၁၂ ဦးသိန္းစိန္ အစိုးရလက္ထက္တြင္ ျပည္ထဲေရးဝန္ႀကီးဌာန ေအာက္ ျပန္ပို႔ခဲ့ျပန္သည္။ မီးသတ္အဖြဲ႕၏ ရည္႐ြယ္ခ်က္အရ ၾကည့္လွ်င္ “ျပည္သူတို႔၏ အသက္အိုးအိမ္ စည္းစိမ္မ်ား၊ ႏိုင္ငံအတြင္းရွိ ကုန္ထုတ္အရင္းႏွီးမ်ားကို မီးေဘးအႏၲရာယ္မွ တားဆီးကာကြယ္ေရးလုပ္ေရး လုပ္ငန္းစဥ္ႏွင့္ သဘာဝေဘးအႏၲရာယ္ အပါအဝင္ အျခားေသာ ေဘးအႏၲရာယ္မ်ား က်ေရာက္သည့္အခါ အေရးေပၚ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား တာဝန္ယူ ေဆာင္႐ြက္ရန္”ဟူ၍ ျဖစ္သည္။

ဤအတိုင္းဆိုလွ်င္ မီးသတ္အဖြဲ႕အစည္းသည္ ျပည္ထဲေရးထက္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ေနရာျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနႏွင့္သာ သက္ဆိုင္ေနသည္ကို ေတြ႕ရသည္။

ျမန္မာမီးသတ္အဖြဲ႕တို႔၏ ဘီးလင္း ေျမၿပိဳရာတြင္ လည္းေကာင္း၊ မြန္ျပည္နယ္တြင္း ေရႀကီးေရလွ်ံ ေဘးအႏၲရာယ္ကူညီမႈတို႔မွ အစျပဳ၍ မီးေလာင္မႈ အဆုံး၊ လူမႈကူညီေရး လုပ္ငန္းရပ္မ်ားတြင္ ေစတနာေရွးရႈ လုပ္ေဆာင္မႈမ်ားအား ျပည္သူအမ်ား ႏွစ္ေထာင္းအားရ ျဖစ္ခဲ့ၾကသည္ကို ေလ့လာေတြ႕ရွိခဲ့ရသည္။ မည္သို႔ပင္ျဖစ္ေစ မီးသတ္အဖြဲ႕အစည္း ယခုထက္ပို၍ ေခတ္မီနည္းပညာ သင္တန္းမ်ား ပို႔ခ်ျခင္း၊ ေလ့က်င့္ေပးျခင္းတို႔ ျပဳလုပ္ရန္ လိုအပ္ေနသည္ဟု ယူဆပါသည္။

ထို႔အျပင္ မီးသတ္တပ္ဖြဲ႕အား သီးျခားလြတ္လပ္သည့္ အဖြဲ႕အစည္းတခုအျဖစ္ ရပ္တည္ေစ၍ ေသာ္လည္းေကာင္း လူ/ကယ္/ျပန္ဝန္ႀကီးဌာနႏွင့္ေသာ္လည္းေကာင္း ျပန္လည္ေပါင္းစပ္ေပးႏိုင္မည္ဆိုလွ်င္ ယခုထက္ပို၍ ဂုဏ္ေရာင္  ထြန္းေျပာင္ႏိုင္ေပလိမ့္မည္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013