DVB Logo
Home
မြန်မာသတင်း
နမ့်ဆန်တွင် စစ်ဘေးရှောင်ပြည်သူပေါင်း ၁၀၀၀ ကျော် ထွက်ပြေးခိုလှုံရောက်ရှိလာ
DVB
·
September 16, 2019
နမ့်ဆန်တွင် စစ်ဘေးရှောင်ပြည်သူပေါင်း ၁၀၀၀ ကျော် ထွက်ပြေးခိုလှုံရောက်ရှိလာ
1 / 6
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့အနီးမှာ စက်တင်ဘာ  ၁၃ ရက်ကတည်းက ဒီနေ့အထိ တပ်မတော်နဲ့ တအာင်းတပ်မတော် (တီအန်အလ်အေ)တို့ အကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး  ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

လက်နက်ကြီးကျည်တွေ ရွာထဲကျတာကြောင့် နေအိမ်မီးလောင်ပျက်စီးတာ၊ ရွာသားတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေ ရှိခဲ့သလို ထောင်နဲ့ချီတဲ့ ရွာသားတွေဟာလည်း ဘေးလွတ်မယ့်နေရာနဲ့ နမ့်ဆန်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

ဒီနေ့မနက်မှာလည်း နမ့်ဆန်မြို့အနောက်ဘက်ရှိ တောင်ရိုးဘုရားကုန်းဘက်ကနေ ပစ်ခတ်သံတွေ ကြားနေရသလို တပ်မတော်စစ်ကြောင်းတွေလည်း အများအပြား ဝင်ရောက်လာတာ ကြောင့် ဒေသခံရွာသားတွေ တသုတ်ပြီးတသုတ် နမ့်ဆန်မြို့ပေါ်ကို ထွက်ပြေး လာရာမှာ လူပေါင်း ၁၂၀၀ ကျော်သွားပြီလို့ ပလောင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့  အလုပ်အမှုဆောင်ကော်မတီဝင် ဦးသိန်းဇော်က ဒီဗွီဘီကို ပြောပါတယ်။ 

“စစ်ရှောင်သူတွေက ကယားလမ်းအုပ်စုထဲက ၃ ရွာ၊ ဇယန်းကြီးအုပ်စုထဲက ၂ ရွာ ပြီးရင် အနောက်ကင်းအုပ်စုက ၃ ရွာ ၊ ကယားကြီးအုပ်စုထဲက ၆ ရွာရှိတယ်။ သူတို့ကို လောလောဆယ် နမ့်ဆန်မြို့ ဇယန်းကြီးဘုန်းကြီးကျောင်းမှာရော၊ အ.မ.က မူလွန်ကျောင်းနဲ့ သမဝါယမအသင်းရုံးမှာ နေရာချထားတယ်။ လူများလာလို့ မြို့မဂိုဏ်းချုပ်ကျောင်းမှာလည်း နေရာချထားပေးဖို့  ပြင်ဆင်နေ ပါတယ်။ နမ့်ဆန်မြို့ပေါ်အထိ မရောက်လာဘဲ ကယားလမ်းအုပ်စု ၇၄ မိုင်ရွာ ဘုန်းကြီးကျောင်းမှာလည်း တိုက်ပွဲ ရှောင်ပြည်သူ ၂၀၀ လောက်ရှိသေးတယ်။”

စစ်ဘေးရှောင်တွေအတွက် စောင်၊ အိပ်ယာနဲ့စားနပ်ရိက္ခာတွေကို သက်ဆိုင်ရာဘုန်းတော်ကြီး ကျောင်းကရော၊ ပလောင်ဒေသဦးစီးအဖွဲကပါ ထောက်ပံ့ထားသလို နမ့်ဆန်လူမှုကူညီရေးအသင်းနဲ့ လားရှိုး၊ သီပေါ ၊ ကျောက်မဲ စတဲ့မြို့က ပရဟိလူမှုကူညီရေးအဖွဲ့တွေပါကူညီပေးနေပါတယ်။

သူတို့ကျန်းမာရေးအတွက်လည်း နမ့်ဆန်မြို့နယ် ဆရာဝန်၊ လက်ထောက်ဆရာဝန်နဲ့ ကျန်းမာရေးဌာနကပါ လာရောက်စစ်ဆေးကုသပေးနေပါတယ်။ 

နမ့်ဆန်မြို့ ဇယန်းကြီးဘုန်းကြီးကျောင်း၊ ကယားကြီးဘုန်းကြီးကျောင်း၊ ကယားလမ်းနဲ့ စပန်စရီကျေးရွာအစရှိတဲ့နေရာ ၄ ခုမှာ စစ်ရှောင် ၁၀၀၀ ကျော်ခိုလှုံနေကြရတယ်လို့ နမ့်ဆန်ဒေသခံ လွေးအေးမိုင်က ပြောပါတယ်။

“ဘယ်ရွာတွေကလည်းဆိုတော့ ကယားလမ်းကတော့ ကယားလမ်းရွာကပဲ၊ ကယားကြီးမှာ ကျတော့ ပန်တူအူရှိမယ်၊ ကတုန်ခိုး၊ ဟိုလ ရွာရယ်၊ ဟိုချောင်းရယ် ရွာလေးရွာက Camp (စခန်း) ၄ ခုမှာပေါ့။ ပန်စရီမှာရှိတဲ့ စခန်းက ဟိုလရယ်၊ ပန်တူအူ၊ ကတုန်ခိုးရွာတွေက အဲဒီမှာစုကြတယ်။ ကယားကြီး မှာကျတော့ ဟိုချောင်းတွေလူတွေပါမယ်။ ”

စက်တင်ဘာ ၁၄ ရက်နေ့က ပန်တူအူကျေးရွာမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ် နှစ်လုံး ထိခိုက်ပျက်ဆီးသွားခဲ့သလို အသက် ၆၀ အရွယ် ရွာခံအမျိုးသား တဦး လက်နက်ကြီးစ ထိမှန်သေဆုံးသွားကာ အမျိုးသမီး တဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ရွာထဲကို လက်နက်ကြီးတွေ ကျလာတာနဲ့ ပတ်သက်ကပြီး မျက်မြင်ရွာသားတဦးက “ဟိုတနေ့က စစ်တပ်ကလှမ်းပစ်လိုက်တဲ့ လက်နက်ကြီးက အိမ်တအိမ်ပေါ်ကျတယ်။ ပန်တူအူရွာပဲ။ သူ့မိန်းမကကျတော့ အခုလောလောဆယ် ကယားကြီးစခန်းမှာပဲ။ သူတို့ လမ်းကြောင်း မဖွင့်ပေးဘူးတဲ့  သူ့ယောကျ်ား သွားကူလို့အဆင်မပြေတော့ အဆင်ပြေတဲ့အချိန် သွား ခေါ်တယ်။ ဒါပေမယ့် ဆေးရုံမရောက်လိုက်ရဘူး သွေးအရမ်းထွက်လို့ ဆုံးသွားပြီ။ သူတို့ လင်မယား နှစ် ယောက်ရဲ့အိမ်လည်း မီးလောင်သွားတယ်။”

ဒါ့အပြင်လတ်တလောအနေအထားမှာလည်း ပန်စရီနဲ့ ကယားကြီးကျေးရွာကို သွားရောက် ကူညီဖို့ တပ်ဖက်ကခွင့်မပေးတဲ့အတွက် စစ်ဘေးရှောင်တွေကို လူမှုအဖွဲ့အစည်းတွေက သွားရောက်ကူညီလို့ မရဖြစ်နေပါတယ်။

“အခုလောလောဆယ် လုံး၀လိုအပ်နေတယ်။ အခက်အခဲလည်းဖြစ်နေတယ်။ အလှူရှင်တွေ လုံးဝ သွားလို့မရတဲ့ရွာက ပန်စီရီရယ်၊ ကယားကြီးရယ် တပ်က သူတို့လုံးဝ လမ်းမပေးဖြစ်ဘူး။ ဟိုဘက်ကလည်း လာလို့မရဘူး။ ဒီဘက်ကလည်း သွားကူလို့ မရဘူး။ တကယ့်အရေးပေါ် အစားအသောက်က အစ။”

နမ့်ဆန်မြို့အနောက်ဘက် ၇ မိုင်ခန့်အကွာ တောင်ရိုးဘုရားတောင်တဝိုက်မှာ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး တောင်ရိုးဘုရားတောင်မှာ ရောက်ရှိနေတဲ့ ပလောင်တပ်ကို မြန်မာ့တပ်မတော်က နမ့်ဆန်ရှိတပ်စခန်းတွေကဘက်ကနေလှမ်းပစ်သလို လေယာဉ်တွေနဲ့လည်း လာပြီးကူပစ်ခဲ့တယ်လို့ ဦးသိန်းဇော်က ပြောပါတယ်။

အခုလို ပြည်သူလူထုပေါ်ထိခိုက်မှုရှိနေတာတွေနဲ့ ပတ်သက်ပြီး နှစ်ဖက်တပ်တွေအနေနဲ့ တိုက်ပွဲအရှိန်တွေလျော့ချပေးဖို့ ပလောင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့  ဦးသိန်းဇော်က တိုက်တွန် ပြောပါတယ်။ 

တပ်မတော်ဘက်က လာမယ့် စက်တင်ဘာ ၂၁ ရက်ထိ အပစ်ရပ်မယ်လို့ သြဂုတ် ၃၁ ရက်မှာ ထုတ်ပြန်ထားသလို တီအန်အယ်လ်အေ၊ ကိုးကန့်နဲ့ အေအေ မြောက်ပိုင်း ၃ ဖွဲ့ကလည်း အောက်တိုဘာလ ၈ ရက်အထိ တဖက်သတ်အပစ်ရပ်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ် အေအေ၊ တီအန်အယ်လ်အေ၊ ကိုးကန့်နဲ့ ကေအိုင်အေတို့အကြား မနက်ဖြန် စက်တင်ဘာ ၁၇ ရက်မှာ  ကျိုင်းတုံမြို့မှာ ထပ်မံတွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

သတင်း- နန်းမြနဒီ၊ နော်နိုရင်း




နမ့္ဆန္တြင္ စစ္ေဘးေရွာင္ျပည္သူေပါင္း ၁၀၀၀ ေက်ာ္ ထြက္ေျပးခိုလႈံေရာက္ရွိလာ
DVB

ရွမ္းျပည္ေျမာက္ပိုင္း၊ ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ နမ့္ဆန္ၿမိဳ႕အနီးမွာ စက္တင္ဘာ ၁၃ ရက္ကတည္းက ဒီေန႔အထိ တပ္မေတာ္နဲ႔ တအာင္းတပ္မေတာ္ (တီအန္အလ္ေအ)တို႔ အၾကား တိုက္ပြဲေတြဆက္တိုက္ျဖစ္ေနၿပီး ေဒသခံ ၁၀၀၀ ေက်ာ္ ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။

လက္နက္ႀကီးက်ည္ေတြ ႐ြာထဲက်တာေၾကာင့္ ေနအိမ္မီးေလာင္ပ်က္စီးတာ၊ ႐ြာသားေတြ ထိခိုက္ေသဆုံး ဒဏ္ရာရတာေတြ ရွိခဲ့သလို ေထာင္နဲ႔ခ်ီတဲ့ ႐ြာသားေတြဟာလည္း ေဘးလြတ္မယ့္ေနရာနဲ႔ နမ့္ဆန္ၿမိဳ႕ေပၚကို ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။

ဒီေန႔မနက္မွာလည္း နမ့္ဆန္ၿမိဳ႕အေနာက္ဘက္ရွိ ေတာင္႐ိုးဘုရားကုန္းဘက္ကေန ပစ္ခတ္သံေတြ ၾကားေနရသလို တပ္မေတာ္စစ္ေၾကာင္းေတြလည္း အမ်ားအျပား ဝင္ေရာက္လာတာ ေၾကာင့္ ေဒသခံ႐ြာသားေတြ တသုတ္ၿပီးတသုတ္ နမ့္ဆန္ၿမိဳ႕ေပၚကို ထြက္ေျပး လာရာမွာ လူေပါင္း ၁၂၀၀ ေက်ာ္သြားၿပီလို႔ ပေလာင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ အလုပ္အမႈေဆာင္ေကာ္မတီဝင္ ဦးသိန္းေဇာ္က ဒီဗြီဘီကို ေျပာပါတယ္။

“စစ္ေရွာင္သူေတြက ကယားလမ္းအုပ္စုထဲက ၃ ႐ြာ၊ ဇယန္းႀကီးအုပ္စုထဲက ၂ ႐ြာ ၿပီးရင္ အေနာက္ကင္းအုပ္စုက ၃ ႐ြာ ၊ ကယားႀကီးအုပ္စုထဲက ၆ ႐ြာရွိတယ္။ သူတို႔ကို ေလာေလာဆယ္ နမ့္ဆန္ၿမိဳ႕ ဇယန္းႀကီးဘုန္းႀကီးေက်ာင္းမွာေရာ၊ အ.မ.က မူလြန္ေက်ာင္းနဲ႔ သမဝါယမအသင္း႐ုံးမွာ ေနရာခ်ထားတယ္။ လူမ်ားလာလို႔ ၿမိဳ႕မဂိုဏ္းခ်ဳပ္ေက်ာင္းမွာလည္း ေနရာခ်ထားေပးဖို႔ ျပင္ဆင္ေန ပါတယ္။ နမ့္ဆန္ၿမိဳ႕ေပၚအထိ မေရာက္လာဘဲ ကယားလမ္းအုပ္စု ၇၄ မိုင္႐ြာ ဘုန္းႀကီးေက်ာင္းမွာလည္း တိုက္ပြဲ ေရွာင္ျပည္သူ ၂၀၀ ေလာက္ရွိေသးတယ္။”

စစ္ေဘးေရွာင္ေတြအတြက္ ေစာင္၊ အိပ္ယာနဲ႔စားနပ္ရိကၡာေတြကို သက္ဆိုင္ရာဘုန္းေတာ္ႀကီး ေက်ာင္းကေရာ၊ ပေလာင္ေဒသဦးစီးအဖြဲကပါ ေထာက္ပံ့ထားသလို နမ့္ဆန္လူမႈကူညီေရးအသင္းနဲ႔ လားရႈိး၊ သီေပါ ၊ ေက်ာက္မဲ စတဲ့ၿမိဳ႕က ပရဟိလူမႈကူညီေရးအဖြဲ႕ေတြပါကူညီေပးေနပါတယ္။

သူတို႔က်န္းမာေရးအတြက္လည္း နမ့္ဆန္ၿမိဳ႕နယ္ ဆရာဝန္၊ လက္ေထာက္ဆရာဝန္နဲ႔ က်န္းမာေရးဌာနကပါ လာေရာက္စစ္ေဆးကုသေပးေနပါတယ္။

နမ့္ဆန္ၿမိဳ႕ ဇယန္းႀကီးဘုန္းႀကီးေက်ာင္း၊ ကယားႀကီးဘုန္းႀကီးေက်ာင္း၊ ကယားလမ္းနဲ႔ စပန္စရီေက်း႐ြာအစရွိတဲ့ေနရာ ၄ ခုမွာ စစ္ေရွာင္ ၁၀၀၀ ေက်ာ္ခိုလႈံေနၾကရတယ္လို႔ နမ့္ဆန္ေဒသခံ ေလြးေအးမိုင္က ေျပာပါတယ္။

“ဘယ္႐ြာေတြကလည္းဆိုေတာ့ ကယားလမ္းကေတာ့ ကယားလမ္း႐ြာကပဲ၊ ကယားႀကီးမွာ က်ေတာ့ ပန္တူအူရွိမယ္၊ ကတုန္ခိုး၊ ဟိုလ ႐ြာရယ္၊ ဟိုေခ်ာင္းရယ္ ႐ြာေလး႐ြာက Camp (စခန္း) ၄ ခုမွာေပါ့။ ပန္စရီမွာရွိတဲ့ စခန္းက ဟိုလရယ္၊ ပန္တူအူ၊ ကတုန္ခိုး႐ြာေတြက အဲဒီမွာစုၾကတယ္။ ကယားႀကီး မွာက်ေတာ့ ဟိုေခ်ာင္းေတြလူေတြပါမယ္။ ”

စက္တင္ဘာ ၁၄ ရက္ေန႔က ပန္တူအူေက်း႐ြာမွာ လက္နက္ႀကီးက်ေရာက္ၿပီး ေနအိမ္ ႏွစ္လုံး ထိခိုက္ပ်က္ဆီးသြားခဲ့သလို အသက္ ၆၀ အ႐ြယ္ ႐ြာခံအမ်ိဳးသား တဦး လက္နက္ႀကီးစ ထိမွန္ေသဆုံးသြားကာ အမ်ိဳးသမီး တဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

႐ြာထဲကို လက္နက္ႀကီးေတြ က်လာတာနဲ႔ ပတ္သက္ကၿပီး မ်က္ျမင္႐ြာသားတဦးက “ဟိုတေန႔က စစ္တပ္ကလွမ္းပစ္လိုက္တဲ့ လက္နက္ႀကီးက အိမ္တအိမ္ေပၚက်တယ္။ ပန္တူအူ႐ြာပဲ။ သူ႔မိန္းမကက်ေတာ့ အခုေလာေလာဆယ္ ကယားႀကီးစခန္းမွာပဲ။ သူတို႔ လမ္းေၾကာင္း မဖြင့္ေပးဘူးတဲ့ သူ႔ေယာက်္ား သြားကူလို႔အဆင္မေျပေတာ့ အဆင္ေျပတဲ့အခ်ိန္ သြား ေခၚတယ္။ ဒါေပမယ့္ ေဆး႐ုံမေရာက္လိုက္ရဘူး ေသြးအရမ္းထြက္လို႔ ဆုံးသြားၿပီ။ သူတို႔ လင္မယား ႏွစ္ ေယာက္ရဲ႕အိမ္လည္း မီးေလာင္သြားတယ္။”

ဒါ့အျပင္လတ္တေလာအေနအထားမွာလည္း ပန္စရီနဲ႔ ကယားႀကီးေက်း႐ြာကို သြားေရာက္ ကူညီဖို႔ တပ္ဖက္ကခြင့္မေပးတဲ့အတြက္ စစ္ေဘးေရွာင္ေတြကို လူမႈအဖြဲ႕အစည္းေတြက သြားေရာက္ကူညီလို႔ မရျဖစ္ေနပါတယ္။

“အခုေလာေလာဆယ္ လုံး၀လိုအပ္ေနတယ္။ အခက္အခဲလည္းျဖစ္ေနတယ္။ အလႉရွင္ေတြ လုံးဝ သြားလို႔မရတဲ့႐ြာက ပန္စီရီရယ္၊ ကယားႀကီးရယ္ တပ္က သူတို႔လုံးဝ လမ္းမေပးျဖစ္ဘူး။ ဟိုဘက္ကလည္း လာလို႔မရဘူး။ ဒီဘက္ကလည္း သြားကူလို႔ မရဘူး။ တကယ့္အေရးေပၚ အစားအေသာက္က အစ။”

နမ့္ဆန္ၿမိဳ႕အေနာက္ဘက္ ၇ မိုင္ခန႔္အကြာ ေတာင္႐ိုးဘုရားေတာင္တဝိုက္မွာ တိုက္ပြဲျဖစ္ေနတာျဖစ္ၿပီး ေတာင္႐ိုးဘုရားေတာင္မွာ ေရာက္ရွိေနတဲ့ ပေလာင္တပ္ကို ျမန္မာ့တပ္မေတာ္က နမ့္ဆန္ရွိတပ္စခန္းေတြကဘက္ကေနလွမ္းပစ္သလို ေလယာဥ္ေတြနဲ႔လည္း လာၿပီးကူပစ္ခဲ့တယ္လို႔ ဦးသိန္းေဇာ္က ေျပာပါတယ္။

အခုလို ျပည္သူလူထုေပၚထိခိုက္မႈရွိေနတာေတြနဲ႔ ပတ္သက္ၿပီး ႏွစ္ဖက္တပ္ေတြအေနနဲ႔ တိုက္ပြဲအရွိန္ေတြေလ်ာ့ခ်ေပးဖို႔ ပေလာင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ ဦးသိန္းေဇာ္က တိုက္တြန္ ေျပာပါတယ္။

တပ္မေတာ္ဘက္က လာမယ့္ စက္တင္ဘာ ၂၁ ရက္ထိ အပစ္ရပ္မယ္လို႔ ၾသဂုတ္ ၃၁ ရက္မွာ ထုတ္ျပန္ထားသလို တီအန္အယ္လ္ေအ၊ ကိုးကန႔္နဲ႔ ေအေအ ေျမာက္ပိုင္း ၃ ဖြဲ႕ကလည္း ေအာက္တိုဘာလ ၈ ရက္အထိ တဖက္သတ္အပစ္ရပ္မယ္လို႔ ထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ အစိုးရ ၿငိမ္းခ်မ္းေရးေကာ္မရွင္နဲ႔ ေျမာက္ပိုင္းမဟာမိတ္ ေအေအ၊ တီအန္အယ္လ္ေအ၊ ကိုးကန႔္နဲ႔ ေကအိုင္ေအတို႔အၾကား မနက္ျဖန္ စက္တင္ဘာ ၁၇ ရက္မွာ က်ိဳင္းတုံၿမိဳ႕မွာ ထပ္မံေတြ႕ဆုံေဆြးေႏြးဖို႔ ရွိေနပါတယ္။
သတင္း- နန္းျမနဒီ၊ ေနာ္ႏိုရင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013