DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်အောင်လုပ်ရန် မြန်မာကို ကုလတိုက်တွန်း
DVB
·
December 25, 2012
လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်အောင်လုပ်ရန် မြန်မာကို ကုလတိုက်တွန်း
Donate to DVB

မန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲရေး အကောင်းဘက် တိုးတက်ဖြစ်ထွန်းနေမှုတွေ ကို ကြိုဆိုပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ ဆက်လွှတ်ပေးဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်သွားအောင် ပိုမိုအားထုတ်ကြိုးပမ်းဖို့ ကုလသမဂ္ဂက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။

နယူးယောက်ခ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လူမှုရေး၊ လူသားချင်းစာနာမှုနဲ့ ယဉ်ကျေးမှုရေးရာ တတိယ ကော်မတီကနေ  မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့ နှောင်းပိုင်းမှာ မဲမခွဲဘဲ တညီတညွတ်တည်း အတည်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်မှာ တောင်းဆိုလိုက်တာပါ။

ဒီဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံမှာ အပေါင်းလက္ခဏာဆောင်တဲ့ ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ အစိုးရရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေစီဖော်ဆောင်မှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အခိုင်အမာလုပ်ဆောင်နေမှုအပေါ် ကြိုဆိုတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို အချိန်နှောင့်နှေး ကြန့်ကြာခြင်းမရှိဘဲ ဆက်လွှတ်ပေးဖို့၊ တရားလက်လွတ်ထိန်းသိမ်းမှုတွေ၊ အဓမ္မရွှေ့ပြောင်းမှု၊ မြေယာသိမ်းမှု၊ အဓမ္မပြုကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို အထူးစိုးရိမ်ပူပန်ကြောင်းနဲ့ ဒီလိုအကြမ်းဖက်မှုတွေကို ရပ်တန့်အောင်လုပ်ဆောင်ဖို့လည်း ကုလသမဂ္ဂက တောင်းဆိုပါတယ်။

ဒါ့ပြင် ကချင်ပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ဆက်နွှယ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေတွေ ချိုးဖောက်နေမှုတွေကို အလွန်အမင်းစိုးရိမ်ပူပန်ပြီး အစိုးရနဲ့ သက်ဆိုင်သူအားလုံးအနေနဲ့ အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ အချိန်မီ အပြည့်အ၀ပေးနိုင်ရေး အရေးယူလုပ်ဆောင်ဖို့  တောင်းဆိုပါတယ်။

အလားတူ အကြမ်းဖက်မှုတွေကြောင့် ထိခိုက်နစ်နာတဲ့ လူနည်းစုတိုင်းရင်းသားတွေအရေး ကိုင်တွယ်ဖြေရှင်းမှုတွေ ကြိုးစားတိုးမြှင့်လုပ်ဆောင်ဖို့နဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအရေး စိုးရိမ်ပူပန်မိတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံက သဘောတူ ချမှတ်ခဲ့တာဖြစ်ပြီး ဆော်ဒီအာရေးဗီးယား နိုင်ငံရဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်ကတော့ သူ့အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာပြုလုပ်ခဲ့တဲ့ တိုးတက်မှုတွေနဲ့ အစိုးရရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို အားပေးထောက်ခံကြောင်း၊ ရိုဟင်ဂျာ လူနည်းစု  မွတ်စလင်တွေဟာ  ၀မ်းနည်းစရာကောင်းတဲ့ အခြေအနေနဲ့ဆိုင်နေရပြီး  နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးတွေ အပါအ၀င် လူနည်းစုတွေကို အခွင့်အရေးအပြည့် အ၀ပေးသင့်တယ်လို့ ပြောပါတယ်။

ထိခိုက်နစ်နာသူတွေနဲ့ အုပ်စုတွေကို ဘာသာလူမျိုးမခွဲခြားဘဲ လူသားချင်းစာနာမှုအကူအညီတွေ အပြည့်အ၀ပေးခွင့်ပြုဖို့ တောင်းဆိုလိုက်ပြီး ဒီလူတွေကို ကူညီပေးဖို့ ဆော်ဒီက အမေရိကန်ဒေါ်လာ သန်း ၅၀ ထည့်ဝင် ကူညီထားတယ်လို့လည်း ဆိုပါတယ်။

မြန်မာ ကိုယ်စားလှယ်အဖွဲ့ကတော့ ရိုဟင်ဂျာလူနည်းစုဆိုတဲ့ စကားလုံးမသုံးစွဲဖို့ ပြင်းပြင်း ထန်ထန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013