
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာရှိ တရားစခန်းကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် လူ ၁၅ ယောက် သေဆုံးခဲ့ပြီးနောက်ပိုင်း အနီးဝန်းကျင် ကျေးရွာတွေမှာပါ တရားစခန်းအစီအစဉ်တွေ ဖျက်သိမ်းလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြောင်မြို့နယ် ဆွဲလဲအိုကျေးရွာက တရားစခန်းကို စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်လို့ တရားစခန်းဝင်နေသူ ၁၄ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေအနက် တယောက် ထပ်မံသေဆုံးသွားခဲ့တာကြောင့် သေဆုံးသူ ၁၅ ယောက်အထိ ရှိလာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၂၁ ရက် မနက် ၉ နာရီဝန်းကျင်က ဆွဲလဲအိုကျေးရွာမှာ ၁၀ ရက်တရားစခန်း ကျင်းပနေစဉ် စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ကြဲချလိုက်တဲ့ဗုံးဟာ ဘုန်းကြီးကျောင်းအတွင်းက အမျိုးသားယောဂီဆောင်ပေါ် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် တရားစခန်းဝင်ရောက်နေကြတဲ့ အဘိုး အဘွား ၁၄ ယောက် ပွဲချင်းပြီး သေဆုံးခဲ့တာပါ။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူတွေထဲက အဘွားတယောက်ဟာ ဩဂုတ် ၂၃ ရက်မှာ ထပ်မံသေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ဆွဲလဲအိုကျေးရွာ ဒေသခံတယောက်ကလည်း သက်ကြီးရွယ်အိုတွေ သေဆုံးခဲ့ရတဲ့ မြေပြင်အခြေအနေကို ရင်ဖွင့်ထားပါတယ်။
“နာရေးတွေတော့ အကုန်လုပ်ပြီးသွားပြီ။ စစ်ရေး ဘာညာတော့ မရှိဘူး။ ဒီတိုင်း သက်သက်မဲ့ ကြဲသွားတာ။ ၁၄ ယောက်က ဖြစ်ဖြစ်ချင်းဆုံးတာ။ တရားစခန်း အလုပ်ပေးတရားပြီးတော့ နားနေတဲ့အချိန် ဖြစ်သွားတာ။ ဒဏ်ရာရတဲ့သူတွေရော ခြေလက်အင်္ဂါဆုံးရှုံးတာရော ၅ ယောက်လောက် ရှိတယ်။ လုံခြုံမှုတော့ မရှိဘူးပေါ့ဗျာ၊ ဆေးဝါးကလည်း ရှိတဲ့ဟာလေးနဲ့ နီးစပ်ရာ ဆရာ၊ ဆရာမလေးတွေနဲ့ ကုနေရတာ။”
သေဆုံးသူတွေဟာ အသက် ၅၀ ကနေ ၇၀ အရွယ်တွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် ပြည်သူ ၅ ယောက်ခန့် ခြေလက်အင်္ဂါတွေ ဆုံးရှုံးခဲ့သလို တခြားသူတွေလည်း ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ဆေးဝါးတွေ သယ်ယူရ ခက်ခဲနေတာကြောင့် ဒဏ်ရာရရှိသူတွေဟာ မပြည့်မစုံနဲ့ ဆေးဝါးကုသနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။
အညာဒေသမှာ ဝါတွင်းကာလဆိုရင် ကျေးရွာအလိုက် အလှည့်ကျ တရားစခန်းတွေ ကျင်းပလေ့ရှိပြီး အခုလို တရားစခန်းကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် တခြားကျေးရွာတွေမှာပါ တရားစခန်း စီစဉ်ထားတာတွေကို ဖျက်သိမ်းလိုက်ရတာပါ။
လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဆွဲလဲအိုကျေးရွာ ဒေသခံတွေဟာ ရွာထဲမှာ မနေရဲကြတော့ဘဲ တိမ်းရှောင်နေကြရတယ်လို့ မြောင်မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
“ရွာကလူတွေက ဆိုင်ကယ်သံတောင် နည်းနည်းကျယ်တာနဲ့ ပြေးဖို့ပဲ အသင့်ဖြစ်နေကြတယ်။ အခုလည်း တောထဲမှာ ရွှေ့ပြောင်းနေရတာ လူပေါင်းတော်တော်များတယ်။ သူများတွေက ကိုယ့်နယ်ကိုလာပြီး စစ်ရှောင်ရတာ အခု ကိုယ့်ရွာမှာလည်း ထပ်ရှောင်နေကြရတာဆိုတော့ လူတွေက တော်တော်ကို များတဲ့အခြေအနေမှာ ရှိတယ်။ နောက်တခုကကျတော့ ဆေးဝါးလိုအပ်ချက်တွေ သူတို့အတွက် စားဖို့သောက်ဖို့အတွက်တွေ လိုအပ်ချက်တွေ အဲဒါတွေက တန်းလိုက်နေတာပေါ့နော်။”
ဆွဲလဲအိုကျေးရွာတဝိုက်မှာ မြင်းခြံမြို့နယ်ဘက်က စစ်ဘေးရှောင်တွေ လာရောက်ခိုလှုံနေကြပြီး အခုလို ဆွဲလဲအိုကျေးရွာပါ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာကြောင့် လူဦးရေ ထောင်နဲ့ချီ အရေးပေါ် ရွှေ့ပြောင်းနေထိုင်နေကြရပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဆွဲလဲအို ဘုန်းကြီးကျောင်းအတွင်းရှိ ဓမ္မာရုံ၊ အမျိုးသားယောဂီဆောင်၊ ဗောဓိပင်၊ စေတီနဲ့ ဘုရားဆင်းတုတော်တွေ ပျက်စီးသွားခဲ့သလို ပြည်သူ့နေအိမ် ၈ လုံးလည်း ပျက်စီးခဲ့ပါတယ်။











