DVB Logo
Home
မြန်မာသတင်း
မိုးလေ၀သတိုင်းတာမည့် ရေဒါ ၃ လုံး ၂ နှစ်အတွင်း တပ်မည်
DVB
·
December 25, 2012
မိုးလေ၀သတိုင်းတာမည့် ရေဒါ ၃ လုံး ၂ နှစ်အတွင်း တပ်မည်
Donate to DVB

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (ဂျိုက်ကာ) ရဲ့ အကူအညီနဲ့ အမေရိကန်ဒေါ်လာ သန်း ၄၀ လောက်တန်တဲ့ ရေဒါ ၃ လုံး တပ်ဆင်နိုင်တော့မယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သဌာနက ပြောပါတယ်။

မုန်တိုင်းခန့်မှန်းရာမှာ အသေးစိတ်တိုင်းတာနိုင်မယ့် ရေဒါအသစ် ၃ လုံးကို ရန်ကုန်၊ မန္တလေးနဲ့ ကျောက်ဖြူမြို့တွေမှာ လာမယ့် ၂၀၁၃ - ၂၀၁၄ နှစ်တွေအတွင်း အပြီးတပ်ဆင်ဖို့ မြန်မာနိုင်ငံ မိုးလေ၀သဌာနနဲ့ ဂျပန်အေဂျင်စီတခုတို့အကြား သဘောတူထားကြတယ်လို့ အဲ့ဒီဌာနက ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။

တပ်ဆင်မယ့် ရေဒါတွေ စွမ်းဆောင်နိုင်တဲ့ မိုးလေ၀သတိုင်းတာရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဦးချစ်ကျော်က “ရေဒါရဲ့ ပင်ရင်းသဘောတရားကတော့ မုန်တိုင်းအဆောက်အအုံထဲပါတဲ့ မုန်တိုင်းဖြစ်နေတဲ့ တိမ်တိုက်ကြီးကို အထူးပြုလေ့လာတဲ့ ကိရိယာတခုဖြစ်တယ်။ ကျနော်တို့က သုံးတဲ့အခါ မုန်တိုင်းခန့်မှန်းချက်ကို သုံးမယ်ဆိုရင် မုန်တိုင်းအဆောက်အဦ ဘယ်လောက်ကြီးတယ်။ မုန်တိုင်းထဲပါတဲ့ ရေငွေ့တွေက ဘယ်လောက်များတယ်။ ဒီလိုများတဲ့အတွက် မိုးဘယ်လောက် ရွာနိုင်တယ်။ လေတိုက်နှုန်း ဘယ်လောက် တိုက်နိုင်တယ်။ နောက် မုန်တိုင်းကြီးက ဘယ်ကို ဦးတည်ရွေ့နိုင်တယ်ဆိုတာတွေကို ကြိုတင်ခန့်မှန်းချက် ထုတ်နိုင်တယ်။ ဒါက မုန်တိုင်း ရှုထောင့်က။

“နောက် ရှုထောင့်တခုက မုန်တိုင်းကြောင့် မိုးရွာမယ်ဆိုတာ ဘယ်နေရာမှာ ရွာမှာလဲ။ တိမ်တွေဟာ ဘယ်နေရာမှာ ရွာမှာလဲ။ ရွာမယ့်နေရာတွေမှာ လျှပ်တပြက် ရေကြီးတဲ့ဖြစ်စဉ်အတွက် ကြိုတင်သတိပေးချက် ထုတ်ရနိုင်တယ်။ နောက်တခုက မုန်တိုင်းမဟုတ်ဘူးနော် မိုးရွာတော့မယ် တိမ်တိုက်တွေ၊ ဒီ ရေဒါစကုပ်ထဲမှာရှိတဲ့ တိမ်တိုက်တွေကို ကြည့်ပြီးတော့ ဘယ်တိမ်ကတော့ မိုးဘယ်လောက် ရွာနိုင်တယ်ဆိုတာ၊ အဲတိမ်က မိုးရေချိန်လက်မ ၃ လက်မ၊ ၄ လက်မ လောက် ရွာနိုင်တယ်ဆိုတာကို ခန့်မှန်းနိုင်လာမယ်” လို့ ပြောပါတယ်။

အခုတပ်ဆင်မယ့်ရေဒါမျိုး ၁ လုံး မြန်မာနိုင်ငံ ကျောက်ဖြူမြို့မှာ ၁၉၇၉ ခုနှစ်က တပ်ဆင်ခဲ့ဖူးပြီး ၁၉၉၇ ခုနှစ် ကတည်းက ချို့ယွင်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းမျိုး မြန်မာပြည်ဝင်ခဲ့စဉ်က ဘယ်လို ကိရိယာတွေနဲ့ တိုင်းတာ ခန့်မှန်းခဲ့လဲလို့ မေးမြန်းရာမှာ ဦးချစ်ကျော်က “အဲဒါက သချာင်္ပုံစံ မိုဒယ်တွေ။ နောက် ဂြိုဟ်တုတိမ်ပုံတွေ။ ဂြိုဟ်တုတိမ်ပုံတွေက ရေဒါပျက်သွားပေမယ့် တရုတ်ဂြိုဟ်တုကနေ အဆက်မပြတ် ရနေတယ်။ ဂျပန်က Multi Transport Satellite အဲဒါရဲ့ Ground Receiver ရုံးမှာဖမ်းတဲ့ဟာ အဲဒါလည်း ရထားတယ်။ နောက် အင်တာနက်ကနေ နာရီဝက် ၁ ကြိမ် update လုပ်ပေးနေတဲ့ ဂြိုဟ်တုတိမ်ပုံတွေကိုလည်း ရထားတယ်။ ဒါတွေကို သုံးပြီးတော့ Satellite Meteorology (ဂြိုဟ်တုမှ ရာသီဥတုတိုင်းထွာသည်စနစ်) ဆိုတဲ့ ဘာသာရပ်ရှိတယ်။ အဲနည်းပညာသုံး ခန့်မှန်းတယ်။”

မြန်မာနိုင်ငံ မိုးလေ၀သဌာနဟာ လက်ရှိမှာ လူကပဲ တိုင်းတာပေးပို့နေရတဲ့ စနစ်ကို ကျင့်သုံးနေရပြီး အလိုအလျောက် တိုင်းတာနိုင်မယ့် စက်ကိရိယာတွေ လိုအပ်နေသေးတယ်လို့ ဒုတိယညွှန်ကြားမှူး ဦးချစ်ကျော်က ပြောပါတယ်။

အခုလောလောဆယ်မှာတော့ မြေပြင်မိုးလေ၀သစခန်း ၁၂၀ လောက်ရှိတဲ့အနက် စခန်း ၂၀ လောက်အတွက် တပ်ဆင်ရမယ့်ကိရိယာတွေ ရရှိထားပြီး လိုက်လံတပ်ဆင်ခြင်း မလုပ်ရသေးဘူးလို့လည်း စုံစမ်းသိရှိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013