DVB Logo
Home
Lead Story
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အား ဂုဏ်ပြုကြိုဆို (အယ်ဒီတာအာဘော်)
DVB
·
September 15, 2019
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အား ဂုဏ်ပြုကြိုဆို (အယ်ဒီတာအာဘော်)
Donate to DVB

မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။ ယခုဆိုလျှင် နဝမအကြိမ်သို့ပင် ရောက်ရှိပြီ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ပေါ်ပေါက်လာသည်မှာ မကြာသေးပေ။ ကုလသမဂ္ဂမှ ၂၀၀၇ ခုနှစ်တွင် နှစ်စဉ်နှစ်တိုင်း စက်တင်ဘာ ၁၅ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ 

ဤသို့ သတ်မှတ်ရသည်မှာလည်း ၁၉၉၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့တွင် ဒီမိုကရေစီ ကြေညာစာတမ်းတခု ထုတ်ပြန်ခဲ့သည်။ ယင်းနေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၇ ခုနှစ်တွင် နှစ်စဉ် စက်တင်ဘာ ၁၅ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းပင်။

အဆိုပါ ဒီမိုကရေစီကြေညာစာတမ်း၌ အနှစ်သာရအားဖြင့် ဒီမိုကရေစီ အခြေခံမူများ၊ ဒီမိုကရေစီသဘောတရားနှင့် ဒီမိုကရေစီအစိုးရများ၏ ကျင့်သုံးပုံစနစ်များကို အပြည်ပြည်ဆိုင်ရာ အတိုင်းအတာတခုအနေဖြင့် ခိုင်ခိုင်မာမာ ရပ်တည်ပေးကြရန်ပင် ဖြစ်သည်။ 

ဒီမိုကရေစီ ဆိုသော စကားရပ်အတိုင်း နိုင်ငံ အချုပ်အချာအာဏာကို နိုင်ငံသား ပြည်သူထံမှ ဆင်းသက်၍ ပြည်သူထံမှတဆင့် ယှဉ်ပြိုင်မှုဖြင့် ရွေးချယ်ခံရသူများမှ ဥပဒေနှင့်အညီ အုပ်ချုပ်သော ပြည်သူ့အုပ်ချုပ်ရေးစနစ်ပင် ဖြစ်သည်။ မိုးကျရွှေကိုယ် အုပ်ချုပ်ရေးမျိုး မဟုတ်။ ရွေးချယ်တင်မြှောက်ခံရခြင်း မရှိသူများ လွှတ်တော်တွင်း ဝင်ရောက်ခွင့်မရှိသော အုပ်ချုပ်ရေးစနစ် ဖြစ်သည်။ ဤသည်မှာ ကြေညာစာတမ်း၏ အဓိက အနှစ်သာရဟု ဆိုရပါမည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ပေါ်ပေါ်က်နိုင်ရန်အတွက် အဓိက အားထုတ်ခဲ့သော အဖွဲ့အစည်းမှာ နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU) ဖြစ်သည်။ ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသော ဒီမိုကရေစီအခြေခံမူများကို ကြည့်လျှင် “တရားမျှတ လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပပေးခြင်း၊ တရားမျှတ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ခြင်းမှ ရရှိထားသော ရလဒ်ကို လက်ခံခြင်း၊ တာဝန်ခံမှုရှိခြင်း၊ နိုင်ငံသားများ တက်ကြွစွာ ပါဝင်လာစေခြင်း၊ အာဏာကို အလွန်အကျွံ သုံးစွဲခြင်းမှ ထိန်းချုပ်ခြင်း၊ ပါတီစုံစနစ်ကို ကျင့်သုံးရခြင်း၊ သာတူညီမျှစိတ် ရှိရခြင်း၊ လူ့အခွင့်အရေးဆိုင်ရာ ကြေညာချက်များ ထားရှိရခြင်း” တို့ ပါဝင်သည်။

မြန်မာနိုင်ငံကဲ့သို့သော စစ်အာဏာရှင် လွှမ်းမိုးမှုမှ ဒီမိုကရေစီသို့ ကူးပြောင်းစ ကာလမျိုးတွင် ယင်းသို့သော ဒီမိုကရေစီ အခြေခံမူများကို အစဉ်တစိုက် လိုက်နာရန် ပို၍ လိုအပ်ပေသည်။ အမှန်ဆိုရပါမူ ဒီမိုကရေစီ သဘောတရားများသည် မြန်မာလူထုနှင့် မစိမ်းခဲ့ပေ။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးနှင့်အတူ မြန်မာပြည်သူတို့ ဒီမိုကရေစီနှင့် ထိတွေ့ ကျင့်သုံးခဲ့ဖူးပြီ။ မြန်မာနိုင်ငံအား ဒီမိုကရေစီစနစ်ဖြင့် သွားရန် လွတ်လပ်ရေး မရမီကတည်းက ဗိုလ်ချုပ်အောင်ဆန်း ခေါ် သခင်အောင်ဆန်းမှ လမ်းညွှန်ချမှတ်ခဲ့ပြီးလည်း ဖြစ်သည်။ 

သခင်အောင်ဆန်းက ၁၉၄၇ ခုနှစ်ကတည်းက “ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနှင့် ဆီလျော်သည်။ ဒီဝါဒကသာ ငြိမ်းချမ်းရေးကို အားပေးသည်။ ဒါကြောင့် ကျနော်တို့ ဒီဝါဒကို ရည်ရွယ်ရမည်” ဟု ညွှန်းဆိုခဲ့ဖူးသည်။ မြန်မာနိုင်ငံကဲ့သို့ လူမျိုးစုံ တိုင်းရင်းသားစုံရှိသော နိုင်ငံများအတွက် ဒီမိုကရေစီလမ်းသည်သာ အသင့်အလျော်ဆုံး ဖြစ်သည်။ အလိုက်ဖက်ဆုံး ဖြစ်သည်။

သို့သော် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့၊ စစ်တပ်မှ အာဏာသိမ်းယူပြီးသည့် နောက်ပိုင်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဆိတ်သုဉ်းသွားခဲ့ရပေတော့သည်။ နှစ်ပေါင်း ၇၀ နီးပါး ဒီမိုကရေစီအမှောင်ထုကို မြန်မာလူထုတို့ အထိတ်တလန့် ဖြတ်သန်းခဲ့ရသည်။ ယခုအချိန်ထိလည်း ထိတ်လန့်စိုးရိမ်စိတ်တို့ မပြယ်သေးဟု ဆိုရမည်။ တနည်းဆိုရသော် ဒီမိုကရေစီ အခြေမခိုင်သေးဟု ပြောရမည်သာ။

ဤသို့သော အခြေနေမျိုးတွင် “နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)” ၏ ဦးဆောင်မှုဖြင့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ပေါ်ပေါက်လာခဲ့သည်မှာ မြန်မာတို့အဖို့ အချိန်သင့် အခါသင့်ဟု ဆိုရမည်ပင်။ သို့ရာတွင် ယင်းစနစ်ကို ကျင့်သုံးရန်အတွက် အဟန့်အတား ဆူးငြောင့်များစွာကို ဖြတ်ကျော်ရပေဦးမည်။ လူထုဆန္ဒမဲဖြင့် အစိုးတရပ်ကို ရွေးချယ် တင်မြှောက်နိုင်ပါသော်လည်း တင်းပြည့်ကျပ်ပြည့် အရပ်ဘက်အစိုးရဟု မခေါ်ဆိုနိုင်သေး။ 

လူထုအတွက် အရေးပါသော ဝန်ကြီးဌာနအချို့သည် အရပ်ဘက် အစိုးရအောက်တွင် မရှိ။ ထို့အတွက်လည်း IUP ၏ “ဒီမိုကရေစီ ကြေညာစာတမ်း”ပါ “ဒီမိုကရေစီ အစိုးရ ကျင့်သုံးပုံစနစ်များ”ကိုပင် အပြည့်အဝအကောင်အထည်ဖော်ရန် မလွယ်။

မည်သို့ပင်ဆိုစေ ယင်းစာတမ်းတွင်ပါရှိသည့် “နိုင်ငံရေးဆိုင်ရာ သည်းခံစိတ် ထားရှိရမည်” ဆိုသည့် စကားရပ်အား ဆွဲကိုင်လျက် “အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့”ကို ကြိုဆို ဂုဏ်ပြုလိုက်ရတော့သတည်း။

~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

အျပည္ျပည္ဆိုင္ရာ ဒီမိုကေရစီေန႔အား ဂုဏ္ျပဳႀကိဳဆို (အယ္ဒီတာအာေဘာ္)

ျမန္မာႏိုင္ငံတြင္ အျပည္ျပည္ဆိုင္ရာ ဒီမိုကေရစီေန႔ကို ၂၀၁၁ ခုႏွစ္ စက္တင္ဘာ ၁၅ ရက္ေန႔တြင္ စတင္က်င္းပခဲ့သည္။ ယခုဆိုလွ်င္ နဝမအႀကိမ္သို႔ပင္ ေရာက္ရွိၿပီ ျဖစ္သည္။ အျပည္ျပည္ဆိုင္ရာ ဒီမိုကေရစီေန႔ ေပၚေပါက္လာသည္မွာ မၾကာေသးေပ။ ကုလသမဂၢမွ ၂၀၀၇ ခုႏွစ္တြင္ ႏွစ္စဥ္ႏွစ္တိုင္း စက္တင္ဘာ ၁၅ ရက္ေန႔ကို အျပည္ျပည္ဆိုင္ရာ ဒီမိုကေရစီေန႔အျဖစ္ သတ္မွတ္ခဲ့ျခင္း ျဖစ္သည္။

ဤသို႔ သတ္မွတ္ရသည္မွာလည္း ၁၉၉၇ ခုႏွစ္ စက္တင္ဘာ ၁၅ ရက္ေန႔တြင္ ဒီမိုကေရစီ ေၾကညာစာတမ္းတခု ထုတ္ျပန္ခဲ့သည္။ ယင္းေန႔ကို ဂုဏ္ျပဳေသာအားျဖင့္ ၂၀၀၇ ခုႏွစ္တြင္ ႏွစ္စဥ္ စက္တင္ဘာ ၁၅ ရက္ေန႔ကို အျပည္ျပည္ဆိုင္ရာ ဒီမိုကေရစီေန႔အျဖစ္ သတ္မွတ္ခဲ့ျခင္းပင္။

အဆိုပါ ဒီမိုကေရစီေၾကညာစာတမ္း၌ အႏွစ္သာရအားျဖင့္ ဒီမိုကေရစီ အေျခခံမူမ်ား၊ ဒီမိုကေရစီသေဘာတရားႏွင့္ ဒီမိုကေရစီအစိုးရမ်ား၏ က်င့္သုံးပုံစနစ္မ်ားကို အျပည္ျပည္ဆိုင္ရာ အတိုင္းအတာတခုအေနျဖင့္ ခိုင္ခိုင္မာမာ ရပ္တည္ေပးၾကရန္ပင္ ျဖစ္သည္။

ဒီမိုကေရစီ ဆိုေသာ စကားရပ္အတိုင္း ႏိုင္ငံ အခ်ဳပ္အခ်ာအာဏာကို ႏိုင္ငံသား ျပည္သူထံမွ ဆင္းသက္၍ ျပည္သူထံမွတဆင့္ ယွဥ္ၿပိဳင္မႈျဖင့္ ေ႐ြးခ်ယ္ခံရသူမ်ားမွ ဥပေဒႏွင့္အညီ အုပ္ခ်ဳပ္ေသာ ျပည္သူ႔အုပ္ခ်ဳပ္ေရးစနစ္ပင္ ျဖစ္သည္။ မိုးက်ေ႐ႊကိုယ္ အုပ္ခ်ဳပ္ေရးမ်ိဳး မဟုတ္။ ေ႐ြးခ်ယ္တင္ေျမႇာက္ခံရျခင္း မရွိသူမ်ား လႊတ္ေတာ္တြင္း ဝင္ေရာက္ခြင့္မရွိေသာ အုပ္ခ်ဳပ္ေရးစနစ္ ျဖစ္သည္။ ဤသည္မွာ ေၾကညာစာတမ္း၏ အဓိက အႏွစ္သာရဟု ဆိုရပါမည္။

အျပည္ျပည္ဆိုင္ရာ ဒီမိုကေရစီေန႔ ေပၚေပၚက္ႏိုင္ရန္အတြက္ အဓိက အားထုတ္ခဲ့ေသာ အဖြဲ႕အစည္းမွာ ႏိုင္ငံတကာ ပါလီမန္မ်ားအဖြဲ႕ (IPU) ျဖစ္သည္။ ယင္းအဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ ပါရွိေသာ ဒီမိုကေရစီအေျခခံမူမ်ားကို ၾကည့္လွ်င္ “တရားမွ်တ လြတ္လပ္ေသာ ေ႐ြးေကာက္ပြဲမ်ား က်င္းပေပးျခင္း၊ တရားမွ်တ လြတ္လပ္စြာ ေ႐ြးခ်ယ္တင္ေျမႇာက္ျခင္းမွ ရရွိထားေသာ ရလဒ္ကို လက္ခံျခင္း၊ တာဝန္ခံမႈရွိျခင္း၊ ႏိုင္ငံသားမ်ား တက္ႂကြစြာ ပါဝင္လာေစျခင္း၊ အာဏာကို အလြန္အကြၽံ သုံးစြဲျခင္းမွ ထိန္းခ်ဳပ္ျခင္း၊ ပါတီစုံစနစ္ကို က်င့္သုံးရျခင္း၊ သာတူညီမွ်စိတ္ ရွိရျခင္း၊ လူ႔အခြင့္အေရးဆိုင္ရာ ေၾကညာခ်က္မ်ား ထားရွိရျခင္း” တို႔ ပါဝင္သည္။

ျမန္မာႏိုင္ငံကဲ့သို႔ေသာ စစ္အာဏာရွင္ လႊမ္းမိုးမႈမွ ဒီမိုကေရစီသို႔ ကူးေျပာင္းစ ကာလမ်ိဳးတြင္ ယင္းသို႔ေသာ ဒီမိုကေရစီ အေျခခံမူမ်ားကို အစဥ္တစိုက္ လိုက္နာရန္ ပို၍ လိုအပ္ေပသည္။ အမွန္ဆိုရပါမူ ဒီမိုကေရစီ သေဘာတရားမ်ားသည္ ျမန္မာလူထုႏွင့္ မစိမ္းခဲ့ေပ။ ၁၉၄၈ ခုႏွစ္ လြတ္လပ္ေရးႏွင့္အတူ ျမန္မာျပည္သူတို႔ ဒီမိုကေရစီႏွင့္ ထိေတြ႕ က်င့္သုံးခဲ့ဖူးၿပီ။ ျမန္မာႏိုင္ငံအား ဒီမိုကေရစီစနစ္ျဖင့္ သြားရန္ လြတ္လပ္ေရး မရမီကတည္းက ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေခၚ သခင္ေအာင္ဆန္းမွ လမ္းၫႊန္ခ်မွတ္ခဲ့ၿပီးလည္း ျဖစ္သည္။

သခင္ေအာင္ဆန္းက ၁၉၄၇ ခုႏွစ္ကတည္းက “ဒီမိုကေရစီဝါဒသာ လြတ္လပ္ေရးႏွင့္ ဆီေလ်ာ္သည္။ ဒီဝါဒကသာ ၿငိမ္းခ်မ္းေရးကို အားေပးသည္။ ဒါေၾကာင့္ က်ေနာ္တို႔ ဒီဝါဒကို ရည္႐ြယ္ရမည္” ဟု ၫႊန္းဆိုခဲ့ဖူးသည္။ ျမန္မာႏိုင္ငံကဲ့သို႔ လူမ်ိဳးစုံ တိုင္းရင္းသားစုံရွိေသာ ႏိုင္ငံမ်ားအတြက္ ဒီမိုကေရစီလမ္းသည္သာ အသင့္အေလ်ာ္ဆုံး ျဖစ္သည္။ အလိုက္ဖက္ဆုံး ျဖစ္သည္။

သို႔ေသာ္ ၁၉၆၂ ခုႏွစ္ မတ္လ ၂ ရက္ေန႔၊ စစ္တပ္မွ အာဏာသိမ္းယူၿပီးသည့္ ေနာက္ပိုင္း ျမန္မာႏိုင္ငံတြင္ ဒီမိုကေရစီ ဆိတ္သုဥ္းသြားခဲ့ရေပေတာ့သည္။ ႏွစ္ေပါင္း ၇၀ နီးပါး ဒီမိုကေရစီအေမွာင္ထုကို ျမန္မာလူထုတို႔ အထိတ္တလန႔္ ျဖတ္သန္းခဲ့ရသည္။ ယခုအခ်ိန္ထိလည္း ထိတ္လန႔္စိုးရိမ္စိတ္တို႔ မျပယ္ေသးဟု ဆိုရမည္။ တနည္းဆိုရေသာ္ ဒီမိုကေရစီ အေျခမခိုင္ေသးဟု ေျပာရမည္သာ။

ဤသို႔ေသာ အေျခေနမ်ိဳးတြင္ “ႏိုင္ငံတကာပါလီမန္မ်ားအဖြဲ႕(IPU)” ၏ ဦးေဆာင္မႈျဖင့္ အျပည္ျပည္ဆိုင္ရာ ဒီမိုကေရစီေန႔ ေပၚေပါက္လာခဲ့သည္မွာ ျမန္မာတို႔အဖို႔ အခ်ိန္သင့္ အခါသင့္ဟု ဆိုရမည္ပင္။ သို႔ရာတြင္ ယင္းစနစ္ကို က်င့္သုံးရန္အတြက္ အဟန႔္အတား ဆူးေျငာင့္မ်ားစြာကို ျဖတ္ေက်ာ္ရေပဦးမည္။ လူထုဆႏၵမဲျဖင့္ အစိုးတရပ္ကို ေ႐ြးခ်ယ္ တင္ေျမႇာက္ႏိုင္ပါေသာ္လည္း တင္းျပည့္က်ပ္ျပည့္ အရပ္ဘက္အစိုးရဟု မေခၚဆိုႏိုင္ေသး။

လူထုအတြက္ အေရးပါေသာ ဝန္ႀကီးဌာနအခ်ိဳ႕သည္ အရပ္ဘက္ အစိုးရေအာက္တြင္ မရွိ။ ထို႔အတြက္လည္း IUP ၏ “ဒီမိုကေရစီ ေၾကညာစာတမ္း”ပါ “ဒီမိုကေရစီ အစိုးရ က်င့္သုံးပုံစနစ္မ်ား”ကိုပင္ အျပည့္အဝအေကာင္အထည္ေဖာ္ရန္ မလြယ္။

မည္သို႔ပင္ဆိုေစ ယင္းစာတမ္းတြင္ပါရွိသည့္ “ႏိုင္ငံေရးဆိုင္ရာ သည္းခံစိတ္ ထားရွိရမည္” ဆိုသည့္ စကားရပ္အား ဆြဲကိုင္လ်က္ “အျပည္ျပည္ဆိုင္ရာ ဒီမိုကေရစီေန႔”ကို ႀကိဳဆို ဂုဏ္ျပဳလိုက္ရေတာ့သတည္း။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013