DVB Logo
Home
မြန်မာသတင်း
အလုပ်သမားအရေး မြန်မာ-ထိုင်း သဘောတူညီချက်မရ
DVB
·
December 25, 2012
အလုပ်သမားအရေး မြန်မာ-ထိုင်း သဘောတူညီချက်မရ
Donate to DVB

မြန်မာ-ထိုင်း နှစ်နိုင်ငံခေါင်းဆောင်တွေ သဘောတူထားတဲ့ မြန်မာအလုပ်သမားအရေးကိစ္စ နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာနတွေအကြား  အပြီးသတ် သဘောတူညီချက် လက်မှတ်မထိုးနိုင်ဘဲ မအောင်မမြင် ဖြစ်သွားခဲ့ရပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်တို့  ထားဝယ်မှာ တွေ့ဆုံဆွေးနွေးခဲ့က ယာယီနိုင်ငံကူး လက်မှတ်မရှိတဲ့ မြန်မာအလုပ်သမားတွေ လက်မှတ်ထပ်လုပ်နိုင်ဖို့၊  ထိုင်းနိုင်ငံထဲ ဖွင့်ထားတဲ့ ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးစခန်း ၅ ခုကို ဆက်လက်ဖွင့်လှစ်ထားဖို့ သဘောတူခဲ့ကြပါတယ်။

[caption id="attachment_34525" align="alignright" width="300" caption="ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်နှင့် သမ္မတ ဦးသိန်းစိန် ဒီဇင်ဘာလ ၁၇ ရက်နေ့က ထားဝယ်မြို့ ဧည့်ရိပ်သာတွင် တွေ့ဆုံခဲ့ကြစဉ် (ဓာတ်ပုံ- နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုဒ်)"][/caption]

ထိုင်းဝန်ကြီးချုပ်ကလည်း သက်တမ်း ၃ လ တိုးပေးဖို့ သဘောတူခဲ့တဲ့အကြောင်း မြန်မာအစိုးရက တရားဝင်သတင်း ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီနောက် ဒီကိစ္စ  နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေ သဘောတူလက်မှတ် ထိုးနိုင်ဖို့ မြန်မာအလုပ်သမားဝန်ကြီး ဦးမောင်မြင့် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီဇင်ဘာ  ၂၁ ရက်ကနေ ၂၄ ရက်ထိ ထိုင်းနိုင်ငံကို သွားရောက် ဆွေးနွေးခဲ့ကြပါတယ်။

ဒီလိုဆွေးနွေးရာမှာ ထိုင်းအလုပ်သမားဝန်ကြီးဘက်က အဲ့ဒီလို  သဘာတူထားခဲ့တာ မဟုတ်ဘူး ဆိုပြီး ငြင်းဆိုခဲ့တဲ့အကြောင်း ဆွေးနွေးပွဲတက်ခဲ့သူ အမည်မဖော်လိုတဲ့ မြန်မာအရာရှိ တဦးက ပြောပါတယ်။

“ထိုင်းဝန်ကြီးချုပ်က ထပ်ချိန်းတယ်။ တရားမ၀င်လုပ်သားတွေကို တရားဝင်ဖြစ်အောင် လုပ်မယ့် လုပ်ငန်းစဉ်ကို အချိန် ၃ လ ပေးတယ် ဆိုလိုတာပါတဲ့။ တရားမ၀င်လုပ်သားဆိုတာ လုံးဝအထောက်အထားမဲ့ လုပ်သားတွေရော၊ နောက်တခုက အထောက်အထားရှိပြီးမှ တရားမ၀င်ဖြစ်သွားတဲ့ အလုပ်သမားတွေရောပေါ့။ သူတို့ကို တရားဝင်ဖြစ်အောင်လုပ်မယ်။ အဲလုပ်ငန်းစဉ်အတွက် အချိန် ၃ လအတွင်း ပြီးအောင်လုပ်မယ်။ အဲစင်တာတွေကို ၃ လ ထပ်ဖွင့်ပေးမယ်လို့ ၀န်ကြီးချုပ်က ပြောတာမဟုတ်ဘူးဆိုပြီး ပြောတယ်။

“အဲတော့ ကျနော်တို့ ၀န်ကြီးက ပြောတယ်။ မဟုတ်ဘူး သမ္မတက အဲလိုကြားခဲ့တယ် ပြောတော့၊ ထိုင်းဝန်ကြီးက ကျနော်တို့ ၀န်ကြီးကို အဆွေတော်တို့အနေနဲ့တဲ့ စာ ၁ စောင် ရေးပေးပါတဲ့။ အဆွေတော်တို့ ၀န်ကြီးချုပ်ကနေ သမ္မတကြီးကို ၃ လ တိုးပေးမယ်လို့ ကတိပေးခဲ့တယ်။ အခု ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးလုပ်တဲ့အချိန်မှာ ဒီလို ကတိပေးခဲ့တာ မဟုတ်ဘူးပြောနေတယ်။ အဲအတွက် ဖြေရှင်းပေးပါဆိုပြီး စာ ၁ စောင် ရေးပေးပါတဲ့။”

လက်မှတ်ထုတ်ပေးတဲ့ စခန်းတွေ ဆက်လက်ဖွင့်လှစ်ဖို့ အချက်တခု ညှိနှိုင်း မရတဲ့အတွက် အပြီးသတ် လက်မှတ်ထိုးဖို့ကိစ္စ အဆင်မပြေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အထောက်အထားလက်မှတ်လုပ်နိုင်ဖို့ ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး စခန်း ၅ ခုဟာ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်မှာ သက်တမ်းကုန်ပြီမို့ လုပ်ငန်းတွေရပ်ပြီး မြန်မာနယ်စပ်စခန်းတွေမှာပဲ ဆက်လုပ်ဖို့ ထိုင်းဘက်က အဆိုပြု ဆုံးဖြတ်ထားတာပါ။

ထိုင်းအလုပ်သမားဝန်ကြီးဌာနဘက်က မြန်မာအစိုးရက နယ်စပ်တွေမှာ ယာယီနိုင်ငံကူးလက်မှတ် လုပ်ပေးဖို့၊ ထိုင်းဘက်က အလုပ်လုပ်ခွင့်ပါမစ် ထုတ်ပေးဖို့ စတဲ့ အသေးစိတ် စီစဉ်ထားတာတွေ ဆွေးနွေးခဲ့ပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ကတော့ သမ္မတနဲ့ ၀န်ကြီးချုပ်တို့ သဘောတူထားတဲ့ စခန်းတွေ ဆက်ဖွင့်ခွင့်ပြုမှသာ ကျန်တဲ့ အသေးစိတ်လုပ်ငန်းစဉ်တွေ ဆက်ဆွေးနွေးမယ်လို့ ဆိုခဲ့တာပါ။

ထိုင်းနိုင်ငံထဲမှာ မြန်မာအလုပ်သမား ၁ သန်းလောက် လက်မှတ်လုပ်ဖို့ ကျန်သေးတာမို့ စခန်း ၅ ခု ပိတ်လိုက်ရင် အလုပ်သမားတွေ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမယ်၊ ခရီးစရိတ်ပိုကုန်မယ်၊ လမ်းခရီးမှာ မလိုလားအပ်တဲ့ အခက်အခဲတွေ ဖြစ်ပေါ်နိုင်တာမို့ စခန်းသက်တမ်း ထပ်တိုးပေးဖို့ မြန်မာဘက်က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013