DVB Logo
Home
မေးမြန်းခန်း
အစိုးရနှင့်ကေအိုင်အေ စစ်ရေးအခြေအနေ မေးမြန်းချက်
DVB
·
December 25, 2012
အစိုးရနှင့်ကေအိုင်အေ စစ်ရေးအခြေအနေ မေးမြန်းချက်
1 / 2
Donate to DVB

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ အစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖော်ဆောင်ဖို့ ဆက်သွယ်ဆောင်ရွက်နေကြတဲ့ကြားက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ကေအိုင်အေကို  ဒီဇင်ဘာလ ၂၃ ရက်နေ့က သတိပေးစာပေးပို့ခဲ့ပါတယ်။

အစိုးရတပ်တွေ ၀င်ရောက်ဖို့ရှိနေတဲ့ လဂျားယန်လမ်းကြောင်းမှာ ကေအိုင်အေတပ်တွေအနေနဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ဆုတ်ပေးဖို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေကနေတဆင့် စာရေးသားပြောဆိုခဲ့တာဖြစ်ပြီး ကေအိုင်အေဘက်ကလည်း ကန့်ကွက်ကြောင်း စာတစောင်ကို ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ပြန်ပို့ခဲ့ပါတယ်။ ဒီကိစ္စအပါအ၀င် လက်ရှိ စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ကေအိုင်အေပြောခွင့်ရ ဦးလနန်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

[caption id="attachment_34688" align="alignright" width="300" caption="၂၀၁၂ ခုနှစ် အောက်တိုဘာမှာ အစိုးရနှင့် ကေအိုင်အို ငြိမ်းချမ်းရေးဆွေးနွေးစဉ်"][/caption]

“မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးကနေပြီး ၂၃ ရက်နေ့ ရက်စွဲနဲ့ ကေအိုင်အေဘက်ကို သတိပေးစာတစောင် ပေးပို့ခဲ့ပါတယ်။ အဲဒီစာကို ကန့်ကွက်တဲ့အနေနဲ့ ဦးအောင်မင်းကို ကန့်ကွက်စာတစောင်ပေးပို့လိုက်ပါတယ်။ အစိုးရအဖွဲ့နဲ့ ထိတွေ့ဖို့က ဦးအောင်မင်းနဲ့ လမ်းကြောင်းတွေရှိတယ်။ ဦးအောင်မင်းကို ကန့်ကွက်စာပေးပို့တာက အစိုးရကို ကန့်ကွက်တဲ့သဘောပါပဲ။ ဦးအောင်မင်းက အကြောင်းပြန်တာတော့ မရှိဘူး။ အကြောင်းပြန်ဖို့လည်း မမျှော်လင့်ပါဘူး ကျနော်တို့ဘက်က။”

စစ်ရေးအခြေအနေက ဘယ်လိုရှိလဲ။

[caption id="attachment_34689" align="alignleft" width="274" caption="ကေအိုင်အေပြောခွင့်ရ ဦးလနန်"][/caption]

“ဒါကတော့ သူတို့ရဲ့ စစ်ဆင်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ တပ်စခန်းတွေကို ဒီဇင်ဘာ ၂၅ ရက်နောက်ဆုံးထားပြီး ဆုတ်ပေးဖို့ သတိပေးတဲ့စာပေါ့။ ဒါကိုကြည့်ခြင်းအားဖြင့် စစ်ရေးကတော့ ပိုမြင့်မားပြီး တင်းမာလာတာပေါ့။ အဲပုံစံအတိုင်း သူတို့ ဆက်ပြီး အကောင်အထည် ဖော်မယ်ဆိုရင်တော့ တိုက်ပွဲက ပြင်းပြင်းထန်ထန် ဖြစ်လာဖို့ပဲ ရှိတယ်။”

ဒီနေ့ရော တိုက်ပွဲတွေ ဖြစ်သေးလား။

“မနေ့ကလည်း တိုက်ပွဲဖြစ်တယ်။ ဒီနေ့တော့ သတင်းမရသေးဘူး။ ဒါပေမယ့် ရှေ့တန်းမှာကတော့ တိုက်ပွဲတွေက ဖြစ်နေမှာပါ။ မနေ့ကတော့ သံတောင်ရန်ဘက်ကို ချီတက်လာတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ကျနော်တို့ လှုပ်ရှားတပ်ရင်း ၂၅၅ နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်တယ်။ မနေ့က လေယာဉ်နဲ့လည်း ထပ်ပြီးတော့ တိုက်ခိုက်ဖို့ လုပ်တယ်။ အဲလိုမျိုး လုပ်လာတဲ့အတွက်ကြောင့် မြစ်ကြီးနား၊ ၀ိုင်းမော်တွေကို ပေးထားတဲ့ လျှပ်စစ်သွယ်တန်းတဲ့ တာဝါတခုဟာ လေယာဉ်နဲ့ပစ်ခတ်တဲ့ ဒုံးကျည်ထိမှန်ပြီး ကျိုးပျက်သွားတယ်။ ဒါကြောင့်မို့ မနေ့က မနက်ပိုင်း ၉ နာရီခွဲလောက်ကစပြီး မြစ်ကြီးနား၊ ၀ိုင်းမော်ကို လျှပ်စစ်အားပေးထားတာတွေအားလုံး ပျက်စီးသွားတယ်။”

ဦးအောင်မင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းထားတဲ့အချိန် အခုလို တိုက်ပွဲတွေ ပြင်းထန်လာတဲ့ အပေါ်မှာ ဘာများပြောချင်ပါသလဲ။

“ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဦးအောင်မင်း စာ ၁စောင် ပို့တယ်။ ဒီဇင်ဘာလမှာ ခင်ဗျားတို့ ကေအိုင်အေ အဖွဲ့အစည်းကတော့ အလုပ်များပါလိမ့်မယ်။ ဒါကြောင့် ဖေဖော်ဝါရီလလောက်မှာ တွေ့ရအောင်ဆိုပြီး စာပေးလာတာ။ ဒီဇင်ဘာ ၁၃ ရက် ပေးလာတဲ့စာနဲ့အတူ စစ်ဆင်ရေးကလည်း တပါတည်း ပါလာတယ်။ ၁၃ ရက်နေ့ ညနေကနေပြီးတော့ အင်အားတွေ ဖြည့်တင်းလာတယ်။ ၁၄ ရက်နေ့ မနက်မှာ စပြီးတော့တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်လာတယ်။ ဒါကြောင့် ဦးအောင်မင်းပေးပို့တဲ့စာဟာ စစ်ဆင်ရေးနဲ့အတူ ပူးတွဲပြီးမှ ဟန်ချက်ညီပေးပို့တဲ့စာလို့ပဲ အဓိပ္ပာယ်ကောက်ယူလို့ရတယ်။ ဒါကြောင့် စာတွေပေးပို့တိုင်း၊ တွေ့ဆုံမှုတွေလုပ်တိုင်း အစိုးရတပ်တွေ စစ်ဆင်မှုတွေ၊ စစ်ရေးလှုပ်ရှားမှုတွေက ဒီတွေ့ဆုံမှုကို အခွင့်ကောင်းယူပြီးမှ တပ်တွေပို့တာမျိုး၊ စခန်းသိမ်းတိုက်ပွဲလုပ်တာမျိုးက လုပ်ရိုးလုပ်စဉ်ပုံစံလို ဖြစ်နေပြီ။

“ဒါကြောင့် ဦးအောင်မင်း ဒီဇင်ဘာ ၁၃ ရက်နေ့ ပို့လာတဲ့ စာနဲ့ ပတ်သက်လို့ အကြောင်းပြန်ဖို့ အခြေအနေကမပေးနိုင်သေးဘူး။ အခု ထိုးစစ်တွေက ဒီဇင်ဘာ ၁၄ ကနေ စပြီးတော့ ဗဟိုဒေသအနီးတ၀ိုက်မှာ တိုက်ပွဲတွေပြင်းပြင်းထန်ထန် လုပ်လာတဲ့အပေါ်မှာ အားလုံးဟာ ထိုးစစ်ဆင်လာတာကို ခုခံတိုက်ပွဲတွေနဲ့ အချိန်ပေးနေရတယ်။ ဒါကြောင့် ဦးအောင်မင်း ဒီဇင်ဘာ ၁၃ ရက်နေ့က ပေးပို့တဲ့ စာပေါ်မှာ တိုက်ရိုက် ပြန်ကြားတာမျိုး မလုပ်နိုင်သေးဘူး။ မလုပ်နိုင်သေးဘူးဆိုပေမယ့် ဒီပြဿနာဟာ တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီးမှ ဖြေရှင်းနိုင်မှာဆိုတော့ ကျနော်တို့ ကေအိုင်အိုအဖွဲ့ကလည်း အချိန်ရောက်လာတော့ စဉ်းစားဖို့ရှိတယ်။”

ဒီတပတ်အတွင်းမှာ အစိုးရဘက်က အင်အားတိုးချဲ့လာတာ တော်တော်များပါလား။

“များပါတယ်။ သူတို့ ဗဟိုဌာနချုပ် လိုင်ဇာနဲ့အနီးဆုံးနေရာမှာရှိတဲ့ ကေအိုင်အို စခန်းတခုပါ။ အဲဒါ လွန်ခဲ့တဲ့ ၅ လလောက်က အစိုးရတပ်တွေက လာသိမ်းပိုက်ထားတယ်။ အခုမနေ့ညကပဲ ဗျူဟာ ၁ ခုနဲ့ တပ်ရင်း ၃ ရင်း အဲနေရာမှာ အင်အားလာဖြည့်ထားတယ်။ အဲလောက်ဆို အင်အားက ၅၀၀ လောက်ရှိနိုင်တယ်။ ဗဟိုဌာနချုပ်နဲ့အနီးဆုံးနေရာမှာ ရောက်နေကြပြီ။ နောက် မြစ်ကြီးနားဘက်က ၀င်လာတဲ့လမ်းကြောင်းတွေက တပ်တွေက ဒါန်ပါကို မနေ့က ညအမှောင်မှာ ၀င်လာကြတယ်။ ကားအစင်း ၁၀ စင်းကျော်၊ မြင်းတွေ၊ လားတွေပါတယ်။ အင်အားတော်တော်များများနဲ့ လက်နက်ကြီးတွေလည်း အပြည့်အစုံပါလာတယ်။ လိုင်ဇာရဲ့ အနောက်ဘက်ခြမ်းမှာ ဒါန်ပါ ဆိုတာရှိတယ်။ အဲမှာ မိုးကောင်းအခြေစိုက် စကခ ၃ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေ တော်တော်နေရာယူထားပြီး ဖြစ်တယ်။ ဒါကြောင့် ဒီရက်ပိုင်းအတောအတွင်း ဒီဇင်ဘာလ ၂၅ ရက်ကျော်တာနဲ့ သူတို့ဘက်က ထိုးစစ်အရှိန်မြှင့်လုပ်လာဖို့ ရှိတယ်။ ထိုးစစ်ဆိုရာမှာလည်း သူတို့လုပ်နေတဲ့ တိုက်ပွဲတွေဟာ ထိုးစစ်တွေကြောင့်၊ စစ်ဆင်ရေးတွေကြောင့် ဖြစ်ပေါ်လာရတဲ့ တိုက်ပွဲတွေပါ။ ဒီတခေါက်တော့ တရားဝင်စာတွေ ပေးပို့ထားတယ်ဆိုတော့ ထိုးစစ်ပြင်းပြင်းထန်ထန် လုပ်လာဖို့ပဲ ရှိတယ်။ ပစ်ခတ်မှုတိုင်း ပစ်ခတ်မှုတိုင်းမှာ ရဟတ်ယာဉ် ၁ စင်း အမြဲ တွဲသုံးတယ်။ ဒုံးကျည်နဲ့ ပစ်မှတ်ရှာပြီး ပစ်ခတ်တာမျိုး လုပ်တယ်။”

အထိအခိုက်တော်တော်များပါလား။

“တိုက်ပွဲတွေမှာ လေယာဉ်ပျံတွေ၊ အမြောက်ကြီးတွေနဲ့ ဖော်ဆောင်လာတယ်ဆိုတော့ ကျနော်တို့ဘက်ကလည်း တွေးစရာ၊ ဆုံးဖြတ်စရာအများကြီး ပေါ်လာနိုင်တယ်။ တိုင်းရင်းသားအဖွဲ့တခုကို အဲလို ချေမှုန်းလာတယ်ဆိုတော့ ကျနော်တို့ဘက်ကလည်း တခြားနည်းလမ်းနဲ့ ပြောဆိုစရာ၊ စဉ်းစားစရာ နည်းလမ်းတွေပေါ်လာနိုင်တယ်လို့ မြင်တယ်။ လေယာဉ်ပျံ၊ လက်နက်ကြီးတွေ အသုံးပြုတယ်ဆိုရင်တော့ အဲဒီရဲ့ အကျိုးရလဒ်တွေဟာ ဆိုးကျိုးဘက် ဦးတည်လာနိုင်တယ်လို့ သုံးသပ်တယ်။”

ကေအိုင်အေရဲဘော်တွေရော ဒီနေ့ ခရစ္စမတ်နေ့မှာ ဘယ်လိုဆင်နွှဲဖို့ ရှိပါလဲ။

“ခရစ္စမတ်ကာလဟာ ပျော်ရွှင်စရာနေ့ထူးနေ့မြတ်ဖြစ်ပေမယ့် ရှေ့တန်းနယ်မြေတွေမှာတော့ သတိအနေအထားနဲ့ ကိုယ့်ရဲ့မြေကို ကတုတ်လုပ်ပြီးတော့မှ ထိုးစစ်ဆင်လာမယ့် အစိုးရတပ်တွေကို ခုခံတိုက်ခိုက်ဖို့ အဆင်သင့်ပြင်ထားတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013